မီးလောင်မှု တစ်ခုကို အကြောင်းပြုပြီး အစိုးရ လုပ်ငန်း လည်ပတ်မှုတွေမှာ နှောင့်နှေးတာ၊ ပြတ်တောက်တာတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် တောင်ကိုရီးယား ဝန်ကြီးချုပ်က တောင်းပန်စကား ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းတုန်းက ဒေဂျုံမြို့မှာရှိတဲ့ အစိုးရပိုင် အမျိုးသား သတင်းအချက်အလက် ရင်းမြစ်ဌာန data centreမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အစိုးရ လည်ပတ်မှုမှာ အခြေခံကျတဲ့ နည်းပညာပိုင်းဆိုင်ရာ စနစ်တချို့ ပျက်စီးခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ အဲဒီ data centreနဲ့ ချိတ်ဆက် အလုပ်လုပ်ရတဲ့ အစိုးရ ဝန်ဆောင်မှု လုပ်ငန်းတချို့မှာ ပြဿနာတွေ ကြုံလာခဲ့တာပါ။
ဆိုးလ်မြို့တော်ကနေ ကီလိုမီတာ ၁၅၀ လောက် အကွာမှာ တည်ရှိတဲ့ data centreဟာ လစ်သီယမ် ဘက်ထရီတစ်ခု အပူလွန်ကဲရာက စတင် မီးလောင်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် အစိုးရက စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းမှာ ပြည်သူတွေဆီကို အကြောင်းကြား messageတွေ ပေးပို့ခဲ့ပြီး အွန်လိုင်း စာပို့ ဝန်ဆောင်မှုတချို့ သုံးလို့ မရသေးတာ၊ 119 အရေးပေါ် ဖုန်းခေါ်ဆိုမှုတွေကို ဖုန်းလိုင်းသီးသန့်ပဲ အသုံးပြုလို့ ရပြီး text ဒါမှမဟုတ် ဗီဒီယိုဖုန်းခေါ်တာတွေ လုပ်လို့ မရသေးတာတွေအကြောင်း ရှင်းပြခဲ့ပါတယ်။
တောင်ကိုရီးယား ဝန်ကြီးချုပ် ကင်မင်ဆွတ်ခ်က နိုင်ငံရဲ့ ITနည်းစနစ် အတော်များများကို ဌာနတစ်ခုတည်းမှာ စူးစိုက် ဗဟိုပြုထားတဲ့အတွက် မီးငြှိမ်းသတ်မှု၊ ထိန်းချုပ်မှု ကိစ္စတွေမှာလည်း အတော်လေး အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

Public Service Announcement
မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် ပြည်သူတွေအတွက် လိုအပ်တဲ့ လျှောက်လွှာတွေ ထုတ်ပေးတာမျိုး အပါအဝင် နေ့စဉ် ဘဝအတွက် အစိုးရက ကူညီပေးနိုင်တဲ့ ဝန်ဆောင်မှု တချို့မှာ နှောင့်နှေးမှုတွေ ဆက်ကြုံနိုင်ကြောင်း၊ အဆင်မပြေမှုတွေအတွက် သူ့အနေနဲ့ အစိုးရကိုယ်စား ပြည်သူတွေကို အနူးအညွတ် တောင်းပန်လိုပါကြောင်း ကင်မ်က ဆိုပါတယ်။
မီးလောင်မှု ဖြစ်ခဲ့တဲ့နောက် data centreရဲ့ အပူချိန်နဲ့ စိုထိုင်းဆ ထိန်းချုပ်စနစ်တွေ ပျက်စီးကုန်ပြီး ဆာဗာတွေ အပူလွန်ကဲမှာကိုပါ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း တချို့ ဆာဗာတွေကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အစိုးရက ပိတ်ချထားခဲ့ရတာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ အပူချိန်နဲ့ စိုထိုင်းဆ ထိန်းသိမ်း စနစ်တွေကို အမြန်ဆုံး ပြန်လည် ပြင်ဆင်ဖို့ ဦးစားပေး လုပ်ဆောင်နေကြောင်း၊ အဲဒီနောက်မှာတော့ ဆာဗာတွေ ပြန်ဖွင့်တာကို တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီး ကင်မ်မင်ဂျေးက ပြောကြားသွားပါတယ်။
၂၀၂၂ တုန်းကလည်း data centreတစ်ခု မီးလောင်မှုကြောင့် နိုင်ငံရဲ့ အကြီးမားဆုံး မိုဘိုင်း message ဝန်ဆောင်မှု လုပ်ငန်း KakaoTalkမှာ အကြီးအကျယ် ပြဿနာတွေ တက်ခဲ့ပြီး လူထုကို ကုမ္ပဏီက ပြန်တောင်းပန်ခဲ့ရပါတယ်။ ဒါ့အပြင် နောက်ထပ် အလားတူ ပြဿနာတွေ မကြုံစေဖို့ နည်းလမ်းတွေ ရှာဖွေ အကောင်အထည် ဖော်ဖို့လည်း အစိုးရက ကုမ္ပဏီကို ဖိအားပေးခဲ့ပါတယ်။
ကိုးကား: AFP


















































