Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်အုပ်စုရဲ့သီးတင်းကျွတ်လပြည့်ည လူသတ်ပွဲ

စစ်​ကောင်စီက စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာကြ သီတင်းကျွတ်ပွဲ​တော်​တွေကို မလုပ်ရမ​နေရ စစ်တပ်ခန့်အုပ်ကြီး​တွေကတဆင့်လုပ်ခိုင်းပါတယ် ။ပြီးရင် ပွဲ​တော်​တွေစည်ကား​အောင် ​ပျော်ပွဲရွှင်ပွဲ ၊​လောင်းကစားပွဲ​တွေပါထည့်ပြီး နည်းမျိုးစုံနဲ့ လုပ်​ပါတယ်။ တဖက်မှာ​​တော့ တော်လှန်​ရေးအင်အားစု​တွေ စိုးမိုးထားတဲ့​ဒေသ​တွေကိုကြ​ ဗုံးမိုးရွာပြီး ပြည်သူ​တွေကို သတ်ဖြတ်တာဖြစ်ပါတယ် ။

စစ်တပ်ဗုံးကြဲတာ​ကြောင့် ပြည်သူအစုလိုက် အပြုံလိုက်​သေခဲ့တဲ့ ဆီးမီးထွန်းပွဲမှ ကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက် ။ ဓါတ်ပုံ-​ဒေသခံ

Scorpio/People’s Spring

သီတင်းကျွတ်လပြည့်နေ့ညဦးပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်က ကွင်းပြင်ကျယ်တနေရာမှာ ပြည်သူတွေဟာ ဆီမီးထွန်းနေကြတယ်။ည ၈ နာရီလောက်မှာတော့ထွန်းထားတဲ့ ဆီမီးတွေလည်း ငြိမ်းစပြုတော့ ပြန်ဖို့ပြင်ဆင်နေကြပြီ။

အဲဒီအချိန်မှာပဲ မုံရွာမြို့ဘက်ကနေ စက်တပ်လေထီး (ပါရာ​မော်တာ)တစီး ပျံသန်းလာတယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ ဒေသခံဖြစ်တဲ့ ကိုမြင့်(အမည်လွှဲ)လည်း စက်တပ်လေထီးလာနေပြီဆိုတာကိုဆီမီးထွန်းတဲ့နေရာကိုသွားအော်ပြောတယ်။ လူတွေလည်း အမြန်ထွက်ကြတယ်။ လူစုခွဲကြတယ်။ သုံးပုံတပုံလောက်ကကွင်းအပြင် ရောက်သွားကြပြီ။

ကိုမြင့် တခြားတနေရာကို ပြေးအော်ပြောနေချိန် သူစောစောကရပ်ပြီးအော်ခဲ့တဲ့နေရာမှာ အုန်းဒိုင်းဆိုတဲ့ ပေါက်ကွဲသံကြီးနဲ့အတူ တုန်ခါသွားတော့တယ်။ ပြင်းအားဘယ်လောက်ပြင်းသလဲဆိုရင် ကွင်းနဲ့ခပ်ဝေးဝေးမှာရှိတဲ့ ရွာတွေထဲက ရေအိုးဖုံးတွေ ဒန်အိုးဖုံးတွေပါ တုန်ခါပြီး ဆူညံကုန်တယ်။

Public Service Announcement

Public Service Announcement

“သွားသတိပေးတဲ့အချိန်ပထမရပ်နေတဲ့နေရာကိုကျတာ။ ကံကောင်းလို့ လွတ်တာ။”လို့ ကိုမြင့်က ပြောတယ်။

ကိုမြင့် လှမ်းကြည့်လိုက်တဲ့အချိန်မှာ ဖုန်လုံးတွေလုံးထွေးပြီး အော်သံတွေ ဆူညံနေတာကို မြင်လိုက်ကြားလိုက်ရတယ်။စစ်ကောင်စီကစက်တပ်လေထီးနဲ့ ဗုံး ၂ လုံးချ တိုက်ခိုက်သွားခဲ့တာပါ။

စောစောက ဆီမီးပူ​ဇော်နေတဲ့ မိန်းမသားတွေ၊ က​လေးငယ်လေးတွေဟာ မြေပေါ်မှာ ပိုးလိုးပက်လက် လဲကျနေတယ်။ အူ​တွေထွက်​နေသူ၊ ခေါင်းပြတ်တွေ ၊​ခြေပြတ် ၊လတ်ပြတ်​တွေကွင်းထဲမှာ ပြန့်ကြဲသွားတယ်။ အနီးနားကလူတွေကို သွေးသံရဲရဲနဲ့ ခြေသလုံးဖက်ပြီး ကူပါဦးကယ်ပါဦး အကူအညီတောင်းနေသူတွေကို ကိုမြင့် မြင်လိုက်ရတယ်။ ကိုမြင့်အတွက် မကြုံဖူးတဲ့ တုန်လှုပ်စရာအခြေအနေကြီး မျက်ဝါးထင်ထင် ကြုံလိုက်ရတာပါ။

လွတ်သူတွေက ကျန်ခဲ့သူတွေကို ကယ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ကွင်းပေါ်တည့်တည့်မှာ စက်တပ်လေထီးက မိနစ် ၂၀ လောက် ဝဲနေခဲ့လို့ သွားကယ်လို့ မရခဲ့ဘူးလို့ ဒေသခံတွေက ပြောတယ်။

ပါရာ​မော်တာ ပြန်ထွက်သွားချိန်မှာ ထိခိုက်သူတွေကို သွားကယ်ကြတယ်။

“တချို့ကျတော့လည်း သွေးထွက်လွန်တာ။ တချို့ကျတော့လည်း ပွဲချင်းပြီး အစအန ရှာမရတော့တာရှိတယ်။ တချို့ကျဆေးရုံမှာဆုံးတာ။”လို့ ကိုမြင့်က ပြောပြတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ​အောက်တိုဘာ ၇ ရက်ည​နေ ၄ နာရီအထိ့ People’s Spring ရရှိထားတဲ့အချက်အလက်​တွေအရ ကလေးငယ်တွေအပါအဝင် အနည်းဆုံးပြည်သူ ၃၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၈၀ ​ကျော်တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။သေဆုံးသူအ​ရေအတွက်ဟာထပ်တိုးလာနိုင်​သေးပါတယ် ။

သေဆုံးသူတွေထဲမှာ မိသားစုတစုတည်းမှာပဲ အ​ရေအတွက်များများ​ပါသွား​တွေလည်းရှိပါတယ်။ “လေးဦး တမိသားစုကတစု၊ သုံးယောက်တမိသားစုက တစု”လို့ ဒေသခံတဦးက ပြောပါတယ်။

“ကလေးက အခုမှရတယ်တဲ့။ အပုံကြီးထဲ ရွေးရတယ်တဲ့ကွယ်။”လို့ မိတ်ဆွေရဲ့ဖြစ်စဥ်ကို ဒေသခံအမျိုးသမီးတဦးက ပြန်ပြောပြပါတယ်။

ကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာပဲ နောက်တကြိမ် လာရောက်တိုက်ခိုက်ပြန်ပါတယ်။ ပြည်သူတွေဟာ ရှောင်လိုက်ကြပြီမို့ အထိအခိုက်တော့ ထပ်မရှိဘူးလို့ ကူညီနေသူတွေက ပြောပါတယ်။

လက်ရှိဆေးကုသမှုခံယူနေတဲ့ အနေအထားမှာလည်းစိုးရိမ်ရတဲ့သူတွေ ရှိသေးတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ ဒီနေ့မနက်အထိကို အသားတိုအသားစတွေ၊ လက်တိုလက်စတွေ ရှင်းနေရတုန်းပဲလို့ ဒေသခံတွေက ပြောတယ်။

စစ်​ကောင်စီက စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာကြ သီတင်းကျွတ်ပွဲ​တော်​တွေကို မလုပ်ရမ​နေရ စစ်တပ်ခန့်အုပ်ကြီး​တွေကတဆင့်လုပ်ခိုင်းပါတယ် ။ပြီးရင် ပွဲ​တော်​တွေစည်ကား​အောင် ​ပျော်ပွဲရွှင်ပွဲ ၊​လောင်းကစားပွဲ​တွေပါထည့်ပြီး နည်းမျိုးစုံနဲ့ လုပ်​ပါတယ်။ တဖက်မှာ​​တော့ တော်လှန်​ရေးအင်အားစု​တွေ စိုးမိုးထားတဲ့​ဒေသ​တွေကိုကြ​ ဗုံးမိုးရွာပြီး ပြည်သူ​တွေကို သတ်ဖြတ်တာဖြစ်ပါတယ် ။

“အခါကြီးရက်ကြီးဖြစ်နေတော့ဒီလိုဖြစ်လိမ့်မယ်ထင်မထားဘူး။ ပြည်သူကို အဲလောက်ကြီး မုန်းတီးနေမယ်လို့လည်း မထင်ဘူးပေါ့လေ။ သိသိကြီးနဲ့လုပ်တာ။ မတရားဘူး။”လို့ ဒေသခံ ကိုမြင့်က ပြောပါတယ်။

ဒီမနက်မှာတော့ ခန္ဓာကိုယ်မစုံမလင် နဲ့ သေဆုံးသူတွေရဲ့ နာရေးကိုအားချင်းပြုလုပ်ခဲ့ကြပါတယ်။

“အချိူ့လက်မပါတော့ဘူး။ အချိူ့ခြေမရှိတော့ဘူး။အချို့ကမင်္ဂလာဆောင်ပြီးတာမကြာသေး။ အချို့ကမိသားစုလိုက်ဆုံးရှုံးရ။ အချိူ့ကလူမမယ်ကလေးတွေနဲ့ အချိူ့က သမက်က သေ၊ သမီးက ခြေပျက်လက်ပျက်။”လို့ မုံရွာနယ်အခြေစိုက် တော်လှန်ရေးသမားကိုဒေါနမောင်မောင်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ။

(စစ်တပ်ဗုံးကြဲတာ​ကြောင့် ပြည်သူအစုလိုက်အပြုံလိုက်​သေခဲ့တဲ့ ဆီးမီးထွန်းပွဲမှ ကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက် ။ ဓါတ်ပုံ-​ဒေသခံ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Trending

Facebook