အောက်တိုဘာ-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် (၂)ရှိကျေးရွာ (၂) ရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က အောက်တိုဘာ ၈ရက်ညပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ဦးနဲ့ မသန်စွမ်းအမျိုးသမီး တဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)- မင်းတပ်က သတင်းထုတ်ပြန်ပါတယ်။
မနေ့ည ၇နာရီခန့်မှာ စစ်ကောင်စီတပ်က မင်းတပ်မြို့နယ် ၀မ္မသူးရွာနဲ့ ထင်ချောင်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် နေအိမ် (၆)လုံးထိခိုက်ပျက်စီးခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

Public Service Announcement
CDF မင်းတပ်ရဲ့ ထုတ်ပြန်ချက်မှာ နေအိမ်အဆောက်အဦး အပျက်အစီးတွေ ၊ ကလေးငယ်တွေ စာသင်ကြားရာ စာသင်ခန်း ပျက်စီးမှုတွေတွေ့ရပါတယ်။
လေကြောင်းတိုက်ခိုက်ခဲ့တာဟာ စစ်ရှောင်တွေ နေထိုင်ရာ နေရာဖြစ်ပြီး စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးတဲ့ နေရာလည်းဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်ကို အောက်တိုဘာ ၄ရက်မှာလည်း လေကြောင်းတိုက်ခိုက်ခဲ့လို့ ဟိုတယ်အဆောက်အဦးတွေ ပျက်စီးသလို ပြည်သူထိခိုက်မှု အချို့လည်းရှိခဲ့ပါတယ်။ CDF မင်းတပ်နဲ့ မဟာမိတ်တွေသိမ်းပိုက်ထားတဲ့မင်းတပ် မြို့နယ်အပါအဝင် စစ်ကောင်စီဟာ သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့ မြို့ရွာတွေကို လေကြောင်း စစ်ဆင်ရေးတွေဆက်တိုက်ပြုလုပ်နေပြီး အများစုဟာ အရပ်သား ပြည်သူနေထိုင်ရာ နေရာတွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။






















































