အောက်တိုဘာ-၁၆၊၂၀၂၅။ဒီးဒီ၊တေဇ/People’s Spring
ထိုင်းအစိုးရက အထောက်အထားမရှိသူတွေကို တရားဝင်အလုပ်လုပ်ခွင့်အတွက် ဘတ်အသစ်ရိုက်ပေးမယ့်အစီအစဉ် ရပ်ဆိုင်းလိုက်တဲ့နေ့မှာဘဲ ဆာမွတ်စခွန်ခရိုင်မှာ ဘတ်ရိုက်ဖို့စောင့်နေတဲ့ မြန်မာလုပ်သား ၁၀၀ကျော်ဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုခံလိုက်ရပါတယ်။
ထိုင်းအစိုးရဟာ အထောက်အထားမရှိသူတွေအတွက် အောက်တိုဘာ ၁၅ရက်ကနေ အောက်တိုဘာ ၂၉ရက်အတွင်း ဘတ်အသစ်လုပ်ပေးဖို့စီစဉ်ထားတဲ့ လုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၆ရက်မှာ ကြေညာလိုက်ပါတယ်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပြဿနာတွေကြောင့် ဘတ်အသစ်ရိုက်ပေးဖို့ လုပ်ငန်းစဉ်ကို ယာယီရွေ့ဆိုင်းလိုက်တာလို့ အကြောင်းပြထားပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ လုပ်ငန်းစဉ်ပြန်စမယ်ဆိုတာတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

Public Service Announcement
ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးဖို့ ရွေ့ဆိုင်းကြောင်းကြေညာတဲ့ ဒီကနေ့မှာပဲ ဆာမွတ်စခွန်ခရိုင်က ခေါ့ခမ်အရပ်မှာ ဘတ်အသစ်ရိုက်ဖို့စောင့်နေတဲ့ မြန်မာလုပ်သား၁၀၂ဦးဟာအဖွဲ့စုံပါတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။
လက်တလော ထိုင်းနိုင်ငံမှာ ဘတ်အသစ်ရိုက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာတွေ သိန်းချီရှိနိုင်တယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်(FED)ဒါရိုက်တာ ဦးထူးချစ်က ခန့်မှန်းပါတယ်။
“ဒီကနေ့မှာဘဲမြန်မာတွေ ၁၀၀ကျော်အဖမ်းခံလိုက်ရတယ်။ဘတ်ရိုက်မပေးခင်ကြားမှာတော့ အဖမ်းအဆီးတွေပိုကြပ်လာမယ်။ရွေ့ဆိုင်းတယ်လို့ပြောတာ ဘယ်အချိန်ပြန်စမယ်ဆိုတာ မပါတော့ဘဘ်လောက်ကြာမယ်ဆိုတာခန့်မှန်းရခက်မယ်။ ဂရုစိုက်နေကြဖို့ပဲ ပြောချင်ပါတယ်”လို့ ဦးထူးချစ်က ပြောပါတယ်။
မြန်မာလုပ်သားတစ်ရာကျော်ဖမ်းဆီးခံရတာဟာ ပွဲစားတွေကြောင့် ဖြစ်တာလို့ ထိုင်းရောက် မြန်မာလုပ်သားများအရေးဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ ရဲ့ဦးဆောင်တာဝန်ခံ ကိုရဲမင်းကပြောပါတယ်။
“သူတို့လူတင်ထားတဲ့မြန်မာပွဲစားအချင်းချင်းအဝေမတည့် မနာလိုဖြစ်ကြပြီးပွဲစားတစ်ဦးက နေရာအတိအကျနဲ့ ထိုင်းလဝက မှာ တိုင်လို့ မဖြစ်မနေ ဝင်ဖမ်းရတာ တဲ့” လို့ ဖမ်းဆီးခံရတဲ့အကြောင်းကို ကိုရဲမင်းကပြောပါတယ်။
ဖမ်းဆီးခံရသူတာတွေရှိပေမယ့် ပွဲစားတွေဘက်ကတော့တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလို့ ကိုရဲမင်းကဆိုပါတယ်။
“အဓိကက ပွဲစားတွေစနက်ပဲ။ သူတို့တွေက မြန်မာပြည်ကလူတွေကခေါ်တယ်။ ပြီးတော့ ဒီမှာ အလုပ်သွင်းပေးမယ်။ ဘတ်ရိုက်ပေးမယ်ဆိုပြီး စည်းရုံးတယ်။ ပြီးရင် သိန်း ၇၀ ၊ ၈၀ ။ အဲဒီလိုယူတာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေက ပြည်တွင်းမှာ နေလို့ မရတာကြောင့်အကြွေးတင်ခံပြီးလာရောက်သူတွေများပြားတယ်လို့လည်းသူကပြောပါတယ်။
ထိုင်းအစိုးရဟာ နိုင်ငံအတွင်းမှာ တရားမဝင်လာရောက်သူတွေ အများအပြားရှိလာခြင်းနဲ့ လုပ်ငန်းခွင်တွေမှာ လုပ်သားလိုအပ်ချက်တွေအရ အထောက်အထားမရှိသူတွေကို တရားဝင်အလုပ်လုပ်ခွင့်ရအောင် နှစ်စဉ် ဘတ်ရိုက်ပေးတာတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီနှစ်ထဲမှာဘဲ ဘတ်ရိုက်တဲ့ လုပ်ငန်းစဉ်တစ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။အခုတစ်ကြိမ်ဟာဒုတိယအကြိမ် လုပ်ပေးတာ ဖြစ်ပါတယ်။
အဲဒီလို ဘတ်အသစ်ရိုက်ပေးတာကိုပန်းရောင်ကတ်လုပ်ပေးတာလို့လည်းခေါ်ကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်တွင်းမှာလုပ်ငန်းတွေရပ်ဆိုင်းကုန်တာ၊ စီးပွားရေးကြပ်တည်းလာတာကြောင့် အလုပ်အကိုင်ရှားပါးတာ၊ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ မနေရဲတာနဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေကြောင့် လူငယ်အများအပြားဟာ ထိုင်းနိုင်ငံအတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်နေပါတယ်။




























































