Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ TNLAက ပြည်သူတွေ လေကြောင်းရန်သတိပြုဖို့ သတိပေး

စစ်ကောင်စီတိုက်ခိုက်လို့ အောက်တိုဘာမှာ ပြည်သူ ၄၉ဦးသေ၊ ၇၀ကျော်ဒဏ်ရာရ

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်လှုပ်ရှားနယ်မြေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

နိုဝင်ဘာ-၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်လှုပ်ရှားနယ်မြေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်လို့ အောက်တိုဘာအတွင်း ပြည်သူ ၄၉ဦး သေဆုံးကာ ၇၁ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ဒီကနေ့ နိုဝင်ဘာ ၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အောက်တိုဘာအတွင်းမှာ ကျောက်မဲ၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့အခြေအနေတွေကို အသိပေး ဖော်ပြခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၄၉ဦးမှာ သံဃာတော် (၂)ပါး၊ ကလေး (၁၀)ဦး၊ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး (၂၁)ဦး တို့ ဖြစ်တယ်လို့ ဖော်ပြထားပြီး ကလေးငယ် ၂၆ဦး အပါအဝင် ပြည်သူ ၇၁ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြည်သူလူထု နေအိမ် (၁၇၅)အိမ်၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၇)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ အဆောက်အဦး (၆)ခု၊ မွေးမြူးရေးခြံ (၂)ခြံ၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနဲ့ ကား (၁၀)စီးတို့ ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း အသိပေးပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ TNLAဟာ တရုတ်အစိုးရရဲ့ ကြားဝင်ပေးမှုနဲ့ အောက်တိုဘာ နောက်ဆုံးပတ်မှာ အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့ပါတယ်။

အပစ်ရပ်သဘောတူညီချက်မှာ TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်က TNLA ရဲဘော်တွေ ဆုတ်ခွာပေးရမှာ ဖြစ်သလို စစ်ကောင်စီကလည်း တအာင်းဒေသကို လေယာဉ်ဗုံးကြဲတာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာ မလုပ်ရဘူးဆိုတဲ့အချက် ပါဝင်ကြောင်း TNLA ရဲ့ အောက်တိုဘာ ၂၉ရက် ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

အောက်တိုဘာ ၂၉ရက်မနက်ကနေ နှစ်ဖက်ရောက်ရှိတဲ့နေရာတွေမှာ တပ်တွေ ရပ်တန့်ပြီး အပြန်အလှန် အပစ်ရပ်စဲဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ TNLA ရဲ့ ယနေ့ ထုတ်ပြန်ချက်မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ကြောင်း ဖော်ပြထားသလို လေကြောင်းရန် ကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေလိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ထပ်လောင်း အသိပေးထားပါတယ်။

စစ်ကောင်စီဟာTNLAနဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်ရယူပြီးနောက် လေကြောင်း စစ်ဆင်ရေးတွေကို တအာာင်းဒေသမှာ ပြုလုပ်တာ မတွေ့ရပေမယ့် TNLA ရဲ့ မဟာမိတ်အာရက္ခတပ်တော်(AA) ထိန်းချုပ်မြို့ရွာတွေကို လေကြောင်းစစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်ခဲ့လို့ အောက်တိုဘာ ၃၀ရက်နဲ့၃၁ ရက်အတွင်း AA ထိန်းချုပ်နယ်မြေက ပြည်သူ ၁၂ဦး သေဆုံးကာ ၃၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတဝန်း အခြားဒေသတွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိလို့ ပြည်သူတွေအနေနဲ့ အရင်ထက်ပို လေကြောင်းရန် သတိပြုဖို့ AAက နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။