Connect with us

Hi, what are you looking for?

သတင်း

မလေးရှား ကမ်းလွန်မှာ ရိုဟင်ဂျာ ဒုက္ခသည်လှေ နစ်မြုပ်ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

ရိုဟင်ဂျာ လှေစီး ဒုက္ခသည်တွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး ပင်လယ်ပြင်မှာ နစ်မြုပ်ပြီး လူတွေ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ မလေးရှား အာဏာပိုင်တွေက နိုဝင်ဘာ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရိုဟင်ဂျာ လှေစီး ဒုက္ခသည်တွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး ပင်လယ်ပြင်မှာ နစ်မြုပ်ပြီး လူတွေ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ မလေးရှား အာဏာပိုင်တွေက နိုဝင်ဘာ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ ဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ကနေ စတင်ထွက်ခွာလာခဲ့ပြီး ထိုင်းနဲ့ မလေးရှားတို့ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ နိုဝင်ဘာ ၆ ရက်နေ့က ဒုက္ခရောက်ခဲ့ကြတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ မလေးရှား ကမ်းခြေစောင့်တပ်ဟာ လှေစီးဒုက္ခသည် ၁၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ၇ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ထားပါတယ်။

ကနဦး စုံစမ်းမှုတွေအရ ဘူးသီးတောင်ကနေ စတင်ထွက်ခွာလာတဲ့ စက်လှေကြီး တစ်စီးပေါ်မှာ စုစုပေါင်း ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀ ကျော်လောက် ပါဝင်တယ်လို့ သိရှိထားကြောင်း မလေးရှား ကမ်းခြေစောင့်တပ်ရဲ့ အကြီးအကဲ သေနာပတိ ရွမ်လီ မူစတာဖာက ဆိုပါတယ်။ မလေးရှား ရေပိုင်နက်နား ချဉ်းကပ်လာချိန်မှာ ပင်မရေယာဉ်ပေါ် ပါလာသူတွေက စက်လှေငယ် သုံးစီးပေါ်ကို ခွဲဖြန့်ပြီး ရွှေ့ပြောင်းခဲ့ပါတယ်။ အဲဒီသုံးစီးထဲက တစ်စီးက တိမ်းမှောက် နစ်မြုပ်သွားခဲ့တာပါ။ ဒီတော့ နစ်သွားတဲ့ လှေပေါ်မှာ ခန့်မှန်းခြေ လူ ၁၀၀ လောက် စီးနင်း လိုက်ပါခဲ့လိမ့်မယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

လှေနစ်မြုပ်ပြီးတဲ့နောက် ရိုဟင်ဂျာ ဒုက္ခသည် တချို့နဲ့ အလောင်းတွေက မလေးရှားမြောက်ပိုင်း အပန်းဖြေကျွန်း တစ်ခုဖြစ်တဲ့ လန်ကာဝီရဲ့ ကမ်းခြေဆီကို ရေစီးနဲ့ မျောလာကြတာ ဖြစ်ပါတယ်။ ဘယ်အချိန်တုန်းက ဘယ်နေရာမှာ လှေနစ်မြုပ်ခဲ့သလဲ ဆိုတာကို တိတိကျကျ အတည်မပြုနိုင်သေးဘူးလို့လည်း ကမ်းခြေစောင့်တပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ကတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အနေနဲ့ ဒုက္ခသည်တွေကို ရှာဖွေတဲ့ လုပ်ငန်းစဉ်ကို ပိုပြီး အရှိန်အဟုန် မြှင့်တင်ပေးဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်တွေဟာ အေးဂျင့်တွေနဲ့ ချိတ်ဆက်ပြီး အန္တရာယ်ကြီးလွန်းတဲ့ ပင်လယ်ပြင် ခရီးကို စွန့်စားဖြတ်ကျော်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှား ကမ်းခြေတွေဆီ ရောက်ရှိနိုင်ဖို့ ကြိုးစားလေ့ ရှိပါတယ်။ အခုနှစ်အတွင်း ရိုဟင်ဂျာ ၅၂၀၀ လောက်ဟာ အဲဒီလို နည်းလမ်းမျိုးနဲ့ နေရပ်ဒေသကို စွန့်ခွာခဲ့ကြတယ်လို့ ယုံကြည်ရပြီး သူတို့ထဲက ၆၀၀ လောက်ဟာ ပင်လယ်ပြင်မှာ သေဆုံး၊ ပျောက်ဆုံးခဲ့တယ်လို့ UNHCRရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီယိုဂို အယ်လ်ကန်ထရာက ပြောကြားထားပါတယ်။

ဇန်နဝါရီလတုန်းကလည်း မလေးရှား အာဏာပိုင်တွေဟာ တရားမဝင် ရွှေ့ပြောင်း ဒုက္ခသည် ၃၀၀ လောက်ကို တင်ဆောင်ပြီး ကမ်းခြေနားကို ချဉ်းကပ်လာတဲ့ လှေနစ်စီးကို ကမ်းကပ်ခွင့် မပြုဘဲ နှင်ထုတ်ခဲ့ဖူးပါတယ်။ မလေးရှားဟာ မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်လည်း ရိုဟင်ဂျာ မွတ်ဆလင်တွေ စွန့်စားသွားရောက်ဖို့ အဓိက ရွေးချယ်လေ့ ရှိကြကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

Facebook