နိုဝင်ဘာ-၁၅၊ ၂၀၂၅။ ပုရစ်/People’s Spring
တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ် မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်တပ်လေကြောင်းရန်ကြောင့် စစ်ရှောင်နေတဲ့ဒေသခံတွေ မြို့ကိုမပြန်နိုင်သေးဘူးလို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က နိုဝင်ဘာ ၁၁ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲ လေးရက်မြောက် နိုဝင်ဘာ ၁၄ရက်မနက် အစောမှာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ တော်လှန်ရေးတပ်တွေ ထိုးစစ်မစခင်ကတည်းက စစ်ကောင်စီက နိုဝင်ဘာ ၁၀ရက်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ မြို့သိမ်းတိုက်ပွဲ သတင်းကြိုရတာကြောင့် ဒေသခံတွေဟာ နိုဝင်ဘာ ၁၀ရက်ကတည်းက မြန်မာ-ထိုင်းနယ်စပ်ကို စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပြီး လူဦးရေ ထောင်ချီရှိပါတယ်။
” အခုလောလောဆယ် အကုန်လုံးတော့ ပြန်လာလို့ မရသေးတဲ့ အခြေအနေရှိတယ်။ဘာလို့လဲဆိုလေကြောင်းအန္တရာယ် ရှိသေးတယ်လေ။ အခုက နယ်မြေရှင်းလင်းရေး လုပ်နေတယ်။လေကြောင်းဘက်မှာလည်း အန္တရာယ်တွေ ရှိလာနိုင်တာပေါ့။ အဲဒါကြောင့်မို့လို့” ဟု ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ တိုက်ပွဲတွေရှုံးနိမ့်ပါက ဒေသတွင်း ပြည်သူလူထုကို ပစ်မှတ်ထားလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်လေ့ရှိတာကြောင့် စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာရင်ဖြစ်စေ၊ တိုက်ပွဲဖြစ်ပွားရင်ဖြစ်စေ သက်ဆိုင်ရာဒေသက ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်လေ့ရှိပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင်ကလည်း မောတောင် မြို့သိမ်းအောင်ပွဲသတင်းကို မနေ့က ထုတ်ပြန် ထားရာ စစ်ကောင်စီရဲ့ မောတောင်အခြေစိုက် ခလရ(၂၂၄) တပ်ရင်းနဲ့ အဖွဲ့တွေ စစ်ရှုံးပြီး ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားကြောင်း အသိပေးပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
မောတောင်စခန်းသိမ်းတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့အချို့ရဲ့ အသိပေးချက်အရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက ၁၂၀ မမ လက်နက်ကြီး ၂လက် နဲ့ ပွိုင့်ဖိုက် စက်သေနတ် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံနဲ့ ကျည်၊ခဲယမ်း၊ ဗုံးသီးအများအပြား သိမ်းရခဲ့တာကိုတွေ့ရပါတယ်။
မောတောင်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးစခန်းတခုဖြစ်ပြီး အရင်က KNU မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်ရဲ့ ဌာနချုပ်ဟောင်းနယ်မြေဖြစ်ပြီး နှစ်ပေါင်း ၃၅နှစ်အကြာမှာ တော်လှန်ရးပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


















































