နိုဝင်ဘာ-၁၈၊ ၂၀၂၅၊ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၄ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မနေ့က နိုဝင်ဘာ ၁၇ ရက် မနက် ၉နာရီခန့်ကစပြီး မုံရွာထောင်နဲ့ မီတာ ၁၀၀ခန့်လောက်ပဲဝေးတဲ့ စစ်ကောင်စီရဲ့ သာစည်ရွာရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
၁နာရီခန့်ကြာတဲ့ အဲဒီတိုက်ခိုက်မှုမှာ စခန်းတွင်းက ရဲ ၄ ဦး သေဆုံးတယ်လို့ မြို့ပြပြောက်ကျား တပ်ဖွဲ့(Urban Guerrilla)က ဆိုပါတယ်။

Public Service Announcement
“ကျွန်တော်တို့ အလစ်ငိုက်ဝင်တိုက်တာဆိုတော့ ၄ကောင်က မျက်မြင်သေသွားတယ်။ မုံရွာထောင်ဘက်ကနေ စနိုက်ဘာနဲ့ စက်ကလေး ပစ်ကူပေးနေပါတယ်။ လက်နက်မရခဲ့ဘူး။ ထောင်ကပစ်ကူပေးလို့ပြန်ဆုတ်လာခဲ့ရတာ။”လို့ Rocket Fighter(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ရဲ့တာဝန်ခံ ကိုလပြည့်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ရဲဘော်တွေအထိအခိုက်မရှိ ဆုတ်ခွာခဲ့တဲ့ အဲဒီစစ်ဆင်ရေးကို Rocket Fighter(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)နှင့် ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (csraf) ၊ ညောင်ဦးခရိုင်တပ်ရင်း ၃ ဗိုလ်ကျားကြီးအဖွဲ့ဒီပဲယင်း(P0)၊ ဘုတလင်တပ်ပေါင်းစု၊ မြို့ပြပြောက်ကျားတပ်ဖွဲ့(Urban Guerrilla)၊ နယ်မြေ ခံတပ်ဖွဲ့ စတဲ့အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
မုံရွာမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဟာ ပေါ်တာဆွဲတာတွေ သောင်းကျန်းနေပြီး လူငယ်အများအပြား နေ့စဥ် ဖမ်းဆီးခံနေရကြောင်း မြို့ခံတွေက ပြောပါတယ်။


















































