ဒီဇင်ဘာ ၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တနေရာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၁ရက် မွန်းလွဲပိုင်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
ချင်းညီနောင်နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု မကြာခဏ ပြုလုပ်လျက်ရှိရာ ဒီကနေ့ မွန်းလွဲပိုင်း ၂နာရီ ၄၅မိနစ်ဝန်းကျင်မှာ မင်းတပ်မြို့ အနောက်ခြမ်း တနေရာကို တိုက်လေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“မင်းတပ် အနောက်ခြမ်း မင်းတပ်-မတူပီ ကားလမ်းမတနေရာကို ကြဲတာ။ ကနဦးသိရတာ အဲဒီနားအိ်တွေ လူတွေမရှိဘူးလို့ သိရတယ်။ အရင်က မဟာမိတ်တွေတော့ နေဖူးတယ်။ မနေတာ နှစ်ချီနေပြီ” လို့ မင်းတပ်ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ နိုဝင်ဘာ ၂၅ရက်နဲ့ နိုဝင်ဘာ ၂၂ရက်ကလည်း မင်းတပ်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်အတွင်း လက်လွတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို မြေပြင်က ထိုးစစ်ဆင်နေသလို လေကြောင်းစစ်ဆင်ရေး ပြုလုပ်နေတာပါ။ ချင်းမြောက်ပိုင်း ဖလမ်း၊ တီးတိန်ဘက်ကို မြေပြင်ထိုးစစ်ဆင်နေသလို မင်းတပ်၊ မတူပီ၊ ကန်ပက်လက် စတဲ့ ချင်းတောင်ပိုင်းက မြို့နယ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။
ဒါ့အပြင် ချင်းတောင်ပိုင်းကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်း-မကွေး အစပ်နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး အဲဒီတိုက်ပွဲတွေမှာ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် အနေနဲ့လည်း ပါဝင်တိုက်ခိုက်လျက်ရှိပါတယ်။


















































