ဒီဇင်ဘာ-၂၆၊ ၂၀၂၅။ အိမ်သွင်/People’s Spring
မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်အဖြစ် မင်းလှမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာရဲထွန်းဇော်ကို ခန့်အပ်လိုက်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၆ရက်မှာ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဒသမပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်အဖြစ်အတည်ပြုခန့်အပ်တာဖြစ်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် ယူနစ်လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement
ကြားကာလရွေးချယ်ရေးကော်မရှင်က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကို ပေးပို့လာတဲ့ မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်လောင်းအမည်စာရင်းအရ ဒေါက်တာရဲထွန်းဇော်ကို ကန့်ကွက်သူမရှိ ထောက်ခံကြလို့ ဝန်ကြီးချုပ်အဖြစ် အတည်ပြုတာလို့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ပါတယ်။
ဒေါက်တာရဲထွန်းဇော်က “နေရာမဟုတ်ဘဲ တာဝန်လို့သာ ခံယူပါတယ်။ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက်ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် အစွမ်းကုန်ကြိုးစားပါမယ်။ တစ်ဦးတစ်ယောက်ကောင်းနဲ့ တော်လှန်ရေးမအောင်နိုင်ပါဘူး။ အင်အားစုအားလုံး စည်းလုံးညီညွတ်စွာနဲ့ Team work ကောင်းကောင်းတည်ဆောက်နိုင်မှအောင်မြင်မှုရမှာပါ”လို့ လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက်မှာ ခန့်အပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ရက်က စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် သတ္တမပုံပုံမှန်အစည်းအဝေးမှာတော့ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးဌာန ၁၀ခုရဲ့ ဝန်ကြီးတွေနဲ့ ရှေ့နေချုပ်တို့ကို ခန့်အပ်ခဲ့ပါတယ်။


















































