စစ်ကိုင်းမြို့နယ် မန္တလေး-ရွှေဘိုလမ်းပေါ်တွင် ယမန်နေ့ညက အကြမ်းဖက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီကားလေးစီးပျက်စီးပြီးထိခိုက်ဒဏ်ရာရရှိသူများကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့( ဒီဇင်ဘာလ ၄ ရက်)ည ၉နာရီ ၄၅မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ မန္တလေး-ရွှေဘိုလမ်းမ၊ သိမ်ချောင်းလမ်းကွေ့တွင် စစ်ကိုင်းဘက်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ၁၀စီးကျော်ပါ ယာဉ်တန်းသည် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
စစ်ကိုင်းခရိုင် တပ်ရင်း(၁) ဗိုလ်ယက္ခအဖွဲ့မှ ဗိုလ်ဇာတ်လိုက်ဦးဆောင်သောတပ်စုက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ကား ၄ စီးပျက်စီးသွားကာ တပ်သားအများအပြားဒဏ်ရာရရှိသွားကြောင်း၊ စစ်ကောင်စီကားများသည် မိုးကာအုပ်ထားသည့်အတွက် ထိခိုက်သေဆုံးမှုကို အသေအချာ မသိရသေးကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
မိုင်းထိမှန်ပျက်စီးခဲ့သည့်ကားများအား ယနေ့မနံနက်ပိုင်းအထိ လာမယူသေးကြောင်းဒေသခံအချို့ကပြောသည်။

Public Service Announcement
မန္တလေး-ရွှေဘိုလမ်းအပါအဝင် စစ်ကိုင်းတိုင်းအတွင်းလမ်းပိုင်းအချို့တွင် အကြမ်းဖက်စစ်ကောင်စီကားများ မကြာခဏတိုက်ခိုက်ခံနေရပြီး မုံရွာ-မန္တလေးလမ်းနှင့် မုံရွာ-ပခုက္ကူလမ်းပိုင်းကိုလည်း ဒေသတွင်း PDFများက သွားလာခွင့်ယာယီပိတ်ထားသည်။


















































