ဇန်နဝါရီ-၂၂၊၂၀၂၆။မိထက်/People’s Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ စစ် ကောင်စီတပ်စွဲထားတဲ့ စစ်တန်းကုန်းလမ်းဆုံရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး ဒရုန်းဗုံးလည်း ဗုံးကြဲခံရတာကြောင့် စစ်သား၃ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ၂၂ရက် မနက် ၉နာရီခန့်မှာ တိုက်ခိုက်ခံရတာလို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
” ပေါက်ကွဲသံကြားပြီး ခဏနေတော့ လူနာတင် ကားနဲ့ လာတင်သွားတယ်။ အဲ့ဒီနောက်ပိုင်း လမ်းကို ပိတ်စစ်တယ်”လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဇန်နဝါရီ ၁၅ရက် မနက်ပိုင်းကလည်း မိုးကုတ်မြို့
အရှေ့ပိုင်းက ရဲစခန်း ဒရုန်နဲ့ ဗုံးကြဲခံရပါတယ်။
တအာင်းတပ်မတော်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ နိုဝင်ဘာလကုန်မှာ ပြန်အပ်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီစစ်ကြောင်းတွေပြန်လည်ဝင်ရောက်တပ်စွဲထားတာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။နိုဝင်ဘာ ၃၀ရက်ကနေ ဒီဇင်ဘာ ၂၄ရက်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးပြီး ၃ဦးဖမ်းမိထားတယ်လို့ MODက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MODက အသိပေးထားပါတယ်။


















































