အီရန် အဓိပတိသစ်ရဲ့ မိန့်ခွန်းဟာ သူကိုယ်တိုင် ပြောထားတာ မဟုတ်နိုင်ကြောင်း အီရန် ပြည်သူတွေကြားမှာ သံသယတွေ ကြီးကြီးမားမား ရှိနေပါတယ်။
အီရန်စစ်ပွဲ ပထမဆုံး နေ့မှာတင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီရဲ့ နေရာမှာ သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီကို အရိုက်အရာ ဆက်ခံသူအဖြစ် အီရန် အစိုးရက ကြေညာခဲ့ပါတယ်။ အခု သီတင်းပတ်ထဲမှာတော့ ပြည်သူတွေဆီ လိပ်မူတဲ့ မော့ဂျ်တာဘာရဲ့ ပထမဆုံး ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ မော့ဂျ်တာဘာ ကိုယ်တိုင် လူလုံးပြပြီး မိန့်ခွန်းပြောခဲ့တာ မဟုတ်ဘဲ သတင်းကြေညာသူ တစ်ဦးရဲ့ ဖတ်ကြားမှုကို အစိုးရ သတင်းဌာနက ဖော်ပြခဲ့တာသာ ဖြစ်ပါတယ်။
မတ်လ ၁၂ ရက်နေ့က ထွက်ပေါ်လာတဲ့ သဘောထား ထုတ်ပြန်ချက်ထဲမှာတော့ အီရန်ဟာ ဟောမုဇ် ရေလက်ကြားကို ဆက်ပြီး ပိတ်ဆို့ထားမယ်လို့ မော့ဂျ်တာဘာက ပြောထားပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ကျူးကျော် တိုက်ခိုက်မှုကြောင့် စတင်လာတဲ့ စစ်ပွဲမှာ ကျခဲ့သမျှ သွေးတွေအတွက် အီရန်က မမေ့မလျော့ လက်စားချေမယ်လို့လည်း ခြိမ်းခြောက်ထားခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ အသက် ၄၀ အရွယ် အီရန် အမျိုးသမီး တစ်ဦးကတော့ အဲဒီ ကြေညာချက် ဆိုတာဟာ မော့ဂျ်တာဘာဆီက အမှန်တကယ် ထွက်ပေါ်လာတာတောင် ဟုတ်ရဲ့လားလို့ သံသယ ရှိမိကြောင်း BBC သတင်းဌာနကို ပြောပါတယ်။ အဓိပတိအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း သူ့ကို လုံးဝ မတွေ့ရတာကြောင့် နိုင်ငံကို အမှန်တကယ် အုပ်ချုပ်နေသူဟာ ဘယ်သူတွေလဲဆိုတဲ့ သံသယ အတွေးမျိုးက ပြည်သူတွေကြားမှာ ပျံ့နှံ့နေပါတယ်။

Public Service Announcement
တကယ်တမ်းမှာ နိုင်ငံကို အုပ်ချုပ်နေတာဟာ အီရန်ရဲ့ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေးတပ် (IRGC) ဖြစ်လိမ့်မယ်လို့ ခံစားမိကြောင်း အမျိုးသမီးက ဆက်ပြောပါတယ်။
မော့ဂျ်တာဘာဟာ လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း အပြင်းအထန် ဒဏ်ရာရပြီး ကိုမာဝင်သွားတဲ့အတွက် သတိလစ် မေ့မြောနေသလို ခြေထောက်တစ်ဖက်ပါ ဖြတ်ခဲ့ရကြောင်း ကောလာဟလတွေ ထွက်ပေါ်နေပြီး တိတိကျကျတော့ အတည်မပြုနိုင်ပါဘူး။ အစ္စရေးကတော့ အီရန်မှာ အသစ်တက်လာတဲ့ အဓိပတိက ဘယ်သူပဲဖြစ်ဖြစ် သုတ်သင် ရှင်းလင်းပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
မော့ဂျ်တာဘာက လူမြင်ကွင်းရှေ့ လုံးဝ ထွက်မလာတာဟာ လုံခြုံရေး အခြေအနေတွေကြောင့် ဖြစ်တယ် ဆိုတာမျိုး အီရန်အစိုးရက ပုံဖော်ထားပေမယ့် အီရန် ပြည်သူတွေကြားမှာတော့ အဓိပတိသစ်ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ဝေဝါးမှုတွေ၊ မယုံကြည်မှုတွေ အများကြီး ပျံ့နှံ့နေပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က မော့ဂျ်တာဘာဟာ ဒဏ်ရာရထားပြီး ဒုက္ခိတတောင် ဖြစ်ချင် ဖြစ်နေလောက်ပြီလို့ ပြောပေမယ့် တိကျတဲ့ အထောက်အထားတော့ ထုတ်မပြခဲ့ပါဘူး။ မော့ဂျ်တာဘာဟာ ဖခင်ဖြစ်သူ ခါမေနီ သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ ဖြစ်နိုင်တယ်လို့ ဟက်ဂ်ဆက်သ်က ဆိုပါတယ်။
အဓိပတိသစ်ဆီက ရုပ်မမြင်ရရင်တောင် အသံဖိုင်လောက်တော့ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ခဲ့ကြောင်း၊ အခုတော့ အသံဖိုင်တောင် ထုတ်မပြနိုင်တဲ့အခါ သူ့အခြေအနေအပေါ် နားလည်ယုံကြည်နိုင်ဖို့ ခက်နေကြောင်း တဟီရန်မြို့မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
လူအများက မော့ဂျ်တာဘာရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး အတွေးများနေတဲ့အချိန် ထွက်ပေါ်လာတဲ့ သူ့ဆီက သတင်းစကားက သံသယတွေ လျော့သွားစေမယ့်အစား ပိုပြီး တိုးလာစေခဲ့တယ်လို့လည်း အသက် ၂၀ အရွယ် နောက်ထပ် တဟီရန် မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကာလအတွင်း အီရန်အစိုးရက အင်တာနက် ကွန်ရက်တွေကို ဖြတ်တောက်ထားတာကြောင့် ပြည်သူ အနည်းအကျဉ်းလောက်ကသာ ဂြိုဟ်တု အင်တာနက် အကူအညီနဲ့ ပြင်ပကမ္ဘာကို ဆက်သွယ်လို့ ရနေပါတယ်။
အခုသီတင်းပတ်ထဲမှာ ထွက်ပေါ်လာတဲ့ မော့ဂျ်တာဘာရဲ့ ပြည်သူဆီ လိပ်မူတဲ့ ကြေညာချက်မှာတော့ လူထုတစ်ရပ်လုံး စုစည်းပြီး ရန်သူတွေကို တွန်းလှန်တိုက်ခိုက်ကြဖို့ တောင်းဆိုထားပါတယ်။ တစ်ဖက်မှာတော့ အီရန်ပြည်သူတွေကြားမှာ အစိုးရ ဆန့်ကျင်ရေး သဘောထားတွေ ပိုမို ကျယ်ပြန့်လာနေခဲ့ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – EPA


















































