■တိုက်ပွဲဖြစ်ရတဲ့အကြောင်းအရင်းနဲ့ စတင်ပစ်
ခတ်တိုက်ခိုက်မှုကိုနှစ်ဖက်အပြန်အလှန်စွပ်စွဲထား
■တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းဖို့ NUCC ပန်ကြား
မတ်-၁၄၊၂၀၂၆။အိမ်သွင်၊ထားမြတ်/People’s Spring

Public Service Announcement
ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်မှာတအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA) မဟာမိတ်နှစ်ဖွဲ့ကြားယနေ့ မနက်ပိုင်းကနေ ညပိုင်းအထိ ပစ်ခတ်မှုတွေရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။

MNDAAနဲ့ TNLA တို့ဟာ ဖေဖော်ဝါရီ ၁၃ရက်မှာ ကွတ်ခိုင်မြို့တွင်း ကိုးကန့်တပ်က CCTV တပ်ဆင်မှုနဲ့ပတ်သက်ပြီး ပြဿနာ ဖြစ်ပွားခဲ့တာပါ။ ကွတ်ခိုင်မြို့က MNDAA တပ်တွေကို TNLAက အင်အားသုံးဖယ်ရှားခြင်းကြောင့် အပြန်အလှန် ဖမ်းဆီးမှုတွေ စစ်ပြင်ဆင်မှုတွေရှိခဲ့ရာ တစ်လကြာတဲ့အထိ ညှိနှိုင်းမရဘဲ မတ်လ ၁၄ရက်မနက်မှာ MNDAAက TNLA တပ်စွဲရာနေရာတွေကို ထိုးစစ်ဆင်လို့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
“ကွတ်ခိုင်မှာဒီည ၇နာရီအထိတော့သေနတ်သံထွက်နေတယ်။ ပြီးတော့ မူဆယ်လမ်းတလျှောက် သူတို့ မဟာမိတ်တွေ အတူတူထိုင်ခဲ့တဲ့ နေရာတွေက MNDAA တွေက TNLA တို့ရဲ့ အောက်လက်ငယ်သားအကုန်လုံးဖမ်းလိုက်တာပေါ့။လောလောဆယ်ကတော့ MNDAA ကနေ ကွတ်ခိုင်မြို့ကိုထိန်းချုပ်ထားတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။ TNLAက ထွက်သွားကြပြီလို့သိရတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်တဦးက People’s Spring ကိုပြောပါတယ်။

အခြားဒေသခံတဦးက ကွတ်ခိုင်မှာနေလည်ပိုင်းက ပစ်ခတ်မှု အနည်းငယ်ငြိမ်သွားပေမယ့် ဒီညနေပိုင်းမှာပစ်ခတ်မှုဆက်ရှိတယ်လို့ပြောပါတယ်။ မဟာမိတ်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုအပေါ် TNLAနဲ့ MNDAA နှစ်ဖက် အပြန်အလှန်စွပ်စွဲထားပါတယ်။
မတ်လ ၁၄ရက်မနက်ပိုင်းမှာ မဟာမိတ် MNDAA က ကွတ်ခိုင်ဒေသ နေရာ အနှံ့ အပြားရှိ TNLA တပ်စခန်းတွေကိုတပြိုင်တည်း စတင်ထိုးစစ်ဆင် တိုက်ခိုက်တဲ့ အပြင် မူဆယ်(၁၀၅) မိုင် ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသရှိ PSLF/TNLA တပ်ဖွဲ့ဝင်တွေကို လက်နက်နဲ့ အတူ ဖမ်းဆီးခဲ့ကြောင်း TNLA က မတ် ၁၃ ရက်ညမှာထုတ်ပြန်ထုတ်ပြန်ပါတယ်။

ကိုးကန့်တပ် MNDAAက တော့ တိုက်ပွဲဖြစ်တာဟာ TNLA ဘက်က ဦးစွာ သေနတ်ဖောက်လို့ MNDAA ရဲ့ ပုံမှန်ကင်းလှည့်နေတဲ့ တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်လို့ဆိုပြီး ထုတ်ပြန်ထားပါတယ်။
●MNDAA ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီ၁၃ ရက်နေ့မှာTNLAက MNDAAရဲ့ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးဌာနအဆင့်ဆင့်ကို အကြမ်းဖက်ဝင်ရောက်စီးနင်းခြင်း၊ သေနတ်ဖောက်ခြိမ်းခြောက်ခြင်းနဲ့ တပ်ဖွဲ့ဝင်များကို ရိုက်နှက်မောင်းထုတ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့MNDAAကဆိုပါတယ်။ MNDAA ဘက်မှ အုပ်ချုပ်ရေးဝန်ထမ်းနှင့် တပ်ဖွဲ့ဝင်အမြောက်အများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ပစ္စည်းဥစ္စာများစွာ ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။

ထိုအရေးအခင်းဖြစ်ပွားပြီးနောက် MNDAA က TNLA ထံသို့ ရှေ့ဆင့်နောက်ဆင့် (၅)ကြိမ်တိုင်အကြောင်းကြားစာများပေးပို့ခဲ့ပြီး ပြသာနာစတင်တဲ့TNLA က ကွတ်ခိုင်ခရိုင်ကိုဖေဖော်ဝါရီ ၁၃ ရက်နေ့ အရေးအခင်းမတိုင်ခင် အခြေအနေအတိုင်းပြန်လည်ဖော်ဆောင်ပေးပြီး တွေ့ဆုံဆွေးနွေးမှုများဆက်လက်ပြု လုပ်ရန်တောင်းဆိုခဲ့တယ်လို့ဖော်ပြထားပါတယ်။ TNLA အနေဖြင့် ဆွေးနွေးလိုသော ဆန္ဒလုံးဝမရှိဘဲ မျက်ကွယ်ပြုခဲ့တယ်လို့ဆိုပါတယ်။ MNDAA အနေဖြင့် ပြဿနာကြီးထွားမှုကို ကာကွယ်ရန် တပ်ဖွဲ့ဝင်များကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ရန် ညွှန်ကြားခဲ့သော်လည်း TNLAရဲ့ လုပ်ဆောင်ချက်မှာ ပိုမိုပြင်းထန်လာခဲ့တယ်လို့ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်မှာ TNLA ကသိန္နီခရိုင်တွင်းသို့ တပ်ဖွဲ့များစေလွှတ်ကာ MNDAA ထိန်းချုပ်နယ်မြေတွေကို လုယူသိမ်းပိုက်ရန် ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင် TNLA သည် ကွတ်ခိုင်ဒေသမှာတပ်သားသစ်တွေ အတင်းအဓမ္မစုဆောင်းခြင်းနဲ့ တိုင်းရင်းသားအချင်းချင်းကြား အမြင်လွဲမှားစေရန် လှုံ့ဆော်ခြင်းများပြုလုပ်ကာ လူမျိုးရေးပဋိပက္ခများ ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်းစွပ်စွဲထားပါတယ်။

ယနေ့နံနက် ၉ နာရီခွဲခန့်ကကွတ်ခိုင် ပုံမှန်ကင်းလှည့်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို TNLA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်မတတ်သာဘဲ တုံ့ပြန်ခုခံခဲ့ရကြောင်း ၊ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာအားလုံးကို TNLA ကသာ အပြည့်အဝ တာဝန်ယူရမယ်လို့ MNDAA ကဆိုပါတယ်။
“မိမိတို့အနေဖြင့် ညီနောင်မဟာမိတ်ချစ်ကြည်ရေးအား အလွန်အလေးထားပြီး အခြား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ရေးပွတ်တိုက်မှုများဖြစ်ပွားခြင်းကိုလုံးဝမလိုလားပေ။သို့သော် အကြမ်းဖက်တိုက်ခိုက်ခံရခြင်း၊ ဂုဏ်သိက္ခာများနင်းချေခံရခြင်း၊ လူမှုဘဝရှင်သန်ရေးကိုခြိမ်းခြောက်ခံ ရခြင်း အစရှိသည့်လုပ်ဆောင်ချက်များ ဖြစ်ပေါ်လာပါက မိမိတို့အနေဖြင့်လည်း အစွမ်းကုန်ခုခံကာကွယ် သွားမည်” လို့ MNDAAက ထုတ်ပြန်ပါတယ်။
●TNLA ထုတ်ပြန်ချက်
TNLA ကလည်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ဒီကနေ့ညပိုင်း သတင်းထုတ်ပြန်ခဲ့ရာ “မိမိတို့ PSLF/TNLA သည် ဖြစ်ပေါ်လာသော ပြဿနာများကို မိတ်ဖက်ပြဿနာဟုသာ သတ်မှတ်ဖြေရှင်း ထားသည့်အတွက် မဟာမိတ်အဖွဲ့မှ မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်လာသော်လည်း ပြန်လည်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ပါ၊ မိမိတို့မဟာမိတ်တိုင်းရင်းသားညီနောင်အကြားဖြစ်ပေါ်သည့် ပြဿနာများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” လို့ ဖော်ပြထားပါတယ်။
မတ်လ ၁၄ရက်မနက် ၉နာရီ ၄၅ ကစပြီး ကွတ်ခိုင်မြို့နယ် ရှိ TNLA တပ်စခန်းတွေဖြစ်တဲ့ မန်ပြိန်းနဲ့ ကောင်းခါးရွာ လမ်းခွဲရှိ တပ်စခန်း၊ ကွတ်ခိုင်မြို့တွင်းရှိ ဗျူဟာတပ်ကုန်း၊ ကွတ်ခိုင်မြို့ ရှုခင်းသာတွင်ရှိသော ကာကင်းကုန်း၊ ကွတ်ခိုင်မြို့ လွိုင်ဆမ်ဆစ် တောင်ကုန်းစခန်း၊ ကွတ်ခိုင်မြို့နယ်ရှိ မုံးစီးရွာတပ်စခန်း၊ မုံးဟွမ်ရွာတပ်စခန်း၊ ရှောက်ဟော်ရွာတပ်စခန်း၊ လွယ်ကန်ရွာ တပ်စခန်း၊ မန်ဂျယ်တပ်စခန်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာရှိ တပ်စခန်းတို့ကို MNDAAက တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင်ညီနောင်မဟာမိတ်(၃)ဖွဲ့ ပူးပေါင်းအုပ်ချုပ်ရေးဒေသရှိ မူဆယ် (၁၀၅)မိုင်ဒေသနဲ့ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်တို့က TNLA တပ်ဖွဲ့ဝင် ၄၇ ဦးကိုလည်း MNDAA ကဖမ်းပြီးဖုန်းတွေနဲ့ လက်နက် ၄၈ လက်သိမ်းဆည်းခဲ့တယ်လို့လည်းဆိုပါတယ်။
မတ်လ ၂ရက်နေ့က စပြီး ကွတ်ခိုင်မြို့နယ် နမ့်ဟူးကြီးရွာနဲ့ လွယ်ကန်ရွာကြား TNLA စခန်းကို MNDAAက ပစ်ခတ်ခဲ့သလို မတ်လ (၄) ရက်မှာလည်း ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာ အနီးရှိ တအာင်းတပ်မတော်တပ်စခန်းအား MNDAAက ပစ်ခတ်ခဲ့ကြောင်းဖော်ပြပါတယ်။ အဲဒီလို ပစ်ခတ်တာကို တအာင်းတပ်ဖွဲ့ဖက်မှ ပြန်လည် ပစ်ခတ်ချေပခြင်း မပြုခဲ့ဘဲ မတ် ၁၄ရက်နေ့တွင်သာ မုံးစီး၊ မုံးဟွမ်၊ ရှောက်ဟော်စတဲ့ တပ်စခန်းအတွင်း ထိုးစစ်ဆင်ဝင်ရောက်ချိန်၌သာ ခုခံတဲ့ အနေနဲ့ ပစ်ခတ်မှု အနည်းငယ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ယနေ့ ညနေပိုင်း (၅) နာရီအချိန်အထိ မဟာမိတ်ကိုးကန့်တပ်မတော်အား ပြန်လည်ပစ်ခတ် ခဲ့ခြင်းမရှိဘဲမိမိကိုယ်ကိုခုခံကာကွယ်ခြင်းသာ ဆောင်ရွက်ထားပါသည်” လို့ TNLAက ထုတ်ပြန်ပါတယ်။
အောက်ခြေတပ်ရင်းတပ်ဖွဲ့ဝင်အဆင့်ဆင့်များကိုလည်း မဟာမိတ် ကိုးကန့်တပ်မတော်အား ထိခိုက်စေမည့် မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ဖို့ ညွှန်ကြားထားသကဲသို့ တပ်ဖွဲ့ဝင်များသည်လည်း တသွေမသိမ်းလိုက်နာဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
မဟာမိတ်ကိုးကန့်အဖွဲ့ကသာကွတ်ခိုင်-သိန္နီအစပ်ရှိ တအာင်းတပ်ဖွဲ့ဝင်တွေနဲ့ မိုင်းယော်ဒေသရှိ TNLA တပ်ဖွဲ့ဝင်(၆၇)ဦးတို့အား သံဆူးချွန်များတပ်ဆင်ထားတဲ့ တုတ်တွေနဲ့ ဖမ်းဆီးရိုက်နှက်တာ၊ လက်နက် (၅၃)လက် သိမ်းတာ ပြုလုပ်ခဲ့ဟု ထုတ်ပြန်ပါတယ်။အချို့ပြန်လွတ်မြောက်လာပြီဖြစ်ပေမယ့် အချို့ဖမ်းခံထားရဆဲဖြစ်ပြီး သိမ်းဆည်းခံ လက်နက်တွေဟာလည်း အလားတူ ဖြစ်တယ်လို့ ဆိုပါတယ်။
●NUCC ပန်ကြားချက်
အခြားသတင်းတစ်ရပ်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်တွေကြား တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီးပန်ကြားချက်ထုတ်ပြန်ကာ တိုက်ပွဲများ ချက်ချင်းရပ်တန့်ဖို တောင်းဆိုထားပါတယ်။မိတ်ဖက်ပဋိပက္ခ အဖြစ် ရှုမြင်ကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖိုလည်း NUCCက TNLAနဲ့ MNDAA တပ်ဖွဲတွေကိုမေတ္တာရပ်ခံထားပါတယ်။
ဒါအပြင် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖြေရှင်းဖို ကူညီပံ့ပိုးမှု လိုအပ်ရင်ပါဝင်ဆောင်ရွက်ဖို အသင့်ရှိကြောင်းလည်း ကမ်းလှမ်းထားပါတယ်။
TNLAနဲ့ MNDAA တိုဟာ ၁၀၂၇ စစ်ဆင်ရေးကို အတူတကွ ဖော်ဆောင်ခဲ့ကြတဲ့ညီနောင်မဟာမိတ်တွေဖြစ်သလို ၀တပ်ဖွဲ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိင်းရေးကော်မတီ(FPNCC) အဖွဲဝင်တွေလည်းဖြစ်ပါတယ်။


















































