မတ်-၁၆၊ ၂၀၂၆ ။ဇေအောင်/People’s Spring
မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ စုံ၊မစနစ်ကန့်သတ်ချက်ကြောင့် သွားလာသူနည်းပါးပြီး ဈေးသည်တွေ အရောင်းအဝယ် ကျဆင်းလာခဲ့ကြောင်း ဈေးသည်တွေက ပြောပါတယ်။
စစ်ကောင်စီက မတ်လ ၇ရက်ကစပြီး သတ်မှတ်လိုက်တဲ့ ယာဥ်တွေ ရက်အလိုက် စုံ၊ မစနစ်နဲ့ တစ်ရက်ခြား မောင်းနှင်ကြဖို့ ကန့်သတ်လိုက်ပြီးတဲ့နောက်မှာ မန္တလေးစျေးချိုအပါအဝင် မြို့ပေါ်က အရောင်းဆိုင်တွေ အရောင်းအဝယ် ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
“မလာကြတော့ဘူးပေါ့။ ထွက်ရင် ထောင်ပါချမယ်လို့ ပြောတော့ မထွက်ရဲကြဘူး။ အရောင်းအဝယ် ခေါက်ချိုးလောက်ကိုကျတယ်”လို့ မန္ဆလေး စျေးချိုက ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေအပါအဝင် အခြားကုန်ပစ္စည်းအရောင်းဆိုင်တွေ၊ ကစားကွင်း၊ ရုပ်ရှင်ရုံ စတဲ့ အပန်းဖြေနေရာတွေမှာလည်း လာရောက်သူ လျော့ကျကာ ရောင်းအားသိသိသာသာလျော့ကျသွားတယ်လို့ ဆိုင်ရှင်အချို့နဲ့ဝန်ထမ်းအချို့က ပြောပါတယ်။
စစ်ကောင်စီက စုံ၊မ အရေးယူမှုကို ယခင်က ထောင်ဒဏ်တစ်လနဲ့ ငွေဒဏ် ကျပ်နှစ်သောင်း အရေးယူမယ်လို့ အသိပေးခဲ့ပါတယ်။ ယခုတော့ ၂၀၂၀ ယာဥ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ-၉၆ နဲ့ အရေးယူမယ်လို့ စစ်ကောင်စီ ယာဥ်ထိန်းအရာရှိတစ်ဦးဖြစ်တဲ့ Kyaw Soe Lwin ဆိုသူက သူ့ရဲ့ Facebook လူမှုကွန်ရက်မှ ရေးသားထားပါတယ်။ အဲဒီပုဒ်မအရ ထောင်ဒဏ်မပါတော့ဘဲ ကျပ်သုံးသောင်းထက်မပိုတဲ့ ဒဏ်ငွေချမှတ်ခံရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက တရားဝင်ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ယခုလက်ရှိ မန္ဆလေးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ယာဥ်တွေကို စုံ၊ မ လိုက်စစ်နေပြီး ငွေညှစ်မှုတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြည်သူတွေဟာ စုံ/မစနစ်ကန့်သတ်ချက်ကြောင့်လည်း စက်သုံးဆီဝယ်ယူရာမှာ အခက်အခဲတွေ ရှိနေပါတယ်။


















































