မတ်-၁၉၊၂၀၂၆။People’s Spring
မြန်မာနိုင်ငံဖက်ခြမ်းကို လျှို့ဝှက် ဝင်ရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို ကူညီပေးခဲ့တဲ့ အမေရီကန်နိုင်ငံသားတစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးကို အိန္ဒိယကဖမ်းဆီးခဲ့ခြင်းဟာ ရုရှားရဲ့လက်ထောက်ချမှုကြောင့်လို့ အိန္ဒိယနိုင်ငံမှ Hindustan Timesသတင်းဌာနကဖော်ပြပါတယ်။
ရုရှားအာဏာပိုင်တွေဟာ အမေရိကန် နိုင်ငံသား ၁ ဦးနဲ့ ယူကရိန်း ၆ ဦးတို့ရဲ့ လှုပ်ရှားမှုတွေကို အိန္ဒိယဆီ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပံ့ပိုးပေးခဲ့ရာက သူတို့တွေ အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။
အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)က အဲဒီ နိုင်ငံခြားသားတွေဟာ မီဇိုရမ်ကနေ မြန်မာနိုင်ငံပိုင်နက်ထဲခိုးဝင်သွားခဲ့ပြီးအိန္ဒိယအပေါ် ခါးသီးရန်လိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့နဲ့ တွေ့ဆုံခဲ့ကြောင်း စွပ်စွဲထားပါတယ်။ သူတို့တွေဟာ အိန္ဒိယ ပိုင်နက်ထဲ ပြန်ဝင်လာပြီး ပြည်တွင်းကနေ ထွက်ခွာဖို့ လေဆိပ်တချို့ကိုလူခွဲပြီး ရောက်ရှိနေချိန်တွေမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement
နိုင်ငံခြားသား၇ဦးဟာဥရောပကတင်ပို့မယ့်ဒရုန်းတွေကို မီဇိုရမ်ကနေတဆင့်မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆီ ရောက်ရှိစေရေးကိစ္စတွေမှာကူညီခဲ့သလိုစစ်ရေးလေ့ကျင့်မှုတွေမှာလည်း ပါဝင် ပံ့ပိုးပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
သူတို့ရဲ့ ခရီးစဉ်နဲ့ လှုပ်ရှားမှုတွေကို ရုရှားထောက်လှမ်းရေးက လက်ထောက်ချခဲ့တာကြောင့် NIAက ၇ ဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ဆက်တွဲ အနေနဲ့ အမေရိကန် နိုင်ငံသား မက်သရူး အေရွန် ဗန်ဒိုက်ခ် နဲ့ ယူကရိန်း ၆ ဦးရဲ့ မီဇိုရမ် ခရီးစဉ်အတွင်း ဘယ်သူတွေက အကူအညီ ပေးခဲ့သလဲ ဆိုတာကို အိန္ဒိယ ထောက်လှမ်းရေး အေဂျင်စီတွေက စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ကတည်းက အိန္ဒိယကနေတဆင့် မြန်မာနိုင်ငံဖက်ကို ဝင်ရောက်ပြီး ဒရုန်းတွေ၊ ဒရုန်းဟန့်တားရေး jamming ကိရိယာတွေ ထောက်ပံ့တာ၊ တိုင်းရင်းသား တပ်ဖွဲ့ဝင်တွေကို စစ်ရေး လေ့ကျင့်ပေးတာတွေမှာ အကူအညီ ပေးနေခဲ့တယ်လို့ ယုံကြည်ရကြောင်း အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။ အိန္ဒိယဟာ မီဇိုရမ်ကနေတဆင့် မြန်မာဖက်ခြမ်းဆီ နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကို ကန့်သတ် တားမြစ်ထားပါတယ်။
NIAရဲ့ အဆိုအရ အေဂျင်စီ လက်အောက်ခံ ယူနစ်တွေဟာ အဲဒီ ၇ ဦးရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံနိုင်ဖို့အတွက် နိုင်ငံအရှေ့မြောက်ပိုင်း နယ်စပ်မှာ ၃ လနီးပါးလောက် စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။မတ်လ ၁၃ ရက်နေ့မှာတော့ သူတို့ ၇ ဦးကို ဒေလီ၊လက်ခ်နောင်းနဲ့ ကိုလ်ကတ္တား လေဆိပ်တွေမှာဖြန့်ကျက်ပြီးဖမ်းဆီးခဲ့ပါတယ်။
အဖမ်းခံရသူတွေထဲက ယူကရိန်း ၆ ဦးဟာ မြန်မာဖက်ကို ဝင်ရောက်သွားခဲ့တဲ့ ၁၄ ဦးပါ အဖွဲ့ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ကြောင်း NIAက ထောက်လှမ်း သိရှိထားပြီး ကျန်တဲ့ ၈ ဦးက မြန်မာနိုင်ငံ ပိုင်နက်ထဲမှာ ဆက်ရှိနေသေးလား၊ အိန္ဒိယကနေ ထွက်ခွာသွားပြီလား ဆိုတာကို ဆက်လက် စုံစမ်းနေဆဲလို့ ဆိုပါတယ်။
NIAရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဒီကိစ္စအတွက်စုံစမ်းစစ်ဆေးမှုတွေဟာကနဦးအဆင့်မှာပဲ ရှိနေသေးပြီး အသေးစိတ် အချက်အလက်တွေကို မှတ်ချက်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက အခုကိစ္စကိုသိရှိထားကြောင်းပြောပေမယ့်ဒီထက်ပိုပြီး သဘောထားမှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။
ကိုးကား- Hindustan Times

















































