မတ်-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်တပ်ကင်းစင်တဲ့ နိုင်ငံရေးစနစ်သစ်တခုဆီကို ဦးတည်တိုက်ပွဲဝင်နေကြောင်းချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောပါတယ်။
ဒီကနေ့ မတ် ၂၀ရက်မှာ ကျရောက်တဲ့ (၃၈)နှစ်မြောက် “ချင်းတော်လှန်ရေးနေ့” မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့တာပါ။
ချင်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရရှိရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေး တော်လျန် တိုက်ပွဲဝင်ရာမှာ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ကိုင်ဆွဲခဲ့ပေမယ့်စစ်တပ်အာဏာသိမ်းမှု ပြုလုပ်ခဲ့လို့ တနိုင်ငံလုံးအနှံ့ စစ်မီးတောင်လောင်ခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement
” တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA စာချုပ်ကို ချိုးဖောက်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဖောက်ဖျက်ခဲ့တဲ့စစ်တပ်ကို လက် နက်ကိုင်ခုခံခြင်းမှတပါး တခြားရွေးချယ်စရာ နည်းလမ်းမရှိတဲ့အတွက် ခုခံတော်လှန်စစ်ကို ပြန်လည် ဆင်နွှဲခဲ့ရပါတယ်။ယခုအခါ စစ်တပ်ကင်းစင်သော နိုင်ငံရေးစနစ်သစ်တခုဆီကို ဦးတည်တိုက်ပွဲဝင် နေပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်သောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့များနဲ့ လက်တွဲလျက် အတူတကွ ပူပေါင်းတိုက်ပွဲဝင်လျက်ရှိပါတယ်”လို့ ပူးဇင်ကျုံးက ပြောပါတယ်။
ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ရေးအတါက် အင်အားကောင်းသော လက် နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရေးဟာ ပကတိလိုအပ်ချက် ဖြစ်တယ်လို့လည်း CNFက ပြောပါတယ်။
“ချင်းသမိုင်းကို ပြန်ကြည့်ရင် ကိုယ့်မင်းကိုယ့်ချင်းဘဝကနေ နယ်ချဲ့အင်္ဂလိပ် လက်အောက်ကျရောက်သွားရတာဟာ “ချင်းလဲန်ကို ကာကွယ်စောင့်ရှောက်နိုင်သည့် စည်းလုံး၍ အရည်အချင်းပြည့်ဝသော တပ်မတော် တစ်ရပ် မရှိခဲ့လို့ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးကာလ ဗမာလူမျိုးကြီးဝါဒီများနဲ့ စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်း (၆၀) ကျော်ကြာ ဖိနှပ်၊ အုပ်ချုပ်၊ ကျွန်ပြုခံရတာဟာ မိမိတို့ နယ်မြေကို ကာကွယ်ပေးနိုင်တဲ့ အရည်အချင်းရှိသော တပ်မတော်တစ်ရပ် မရှိလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ ချင်းလဲန်နဲ့ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တဲ့ “တပ်မတော်တစ်ရပ်”တည်ဆောက်ရေးသည် ချင်း လဲန်ပြည်သူအားလုံးရဲ့ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်”လို့ ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောပါတယ်။
အဲဒီကတဆင့် အစွမ်းအစရှိတဲ့ တပ်မတော်၊ ခေတ်မီတဲ့တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်သွားကြရမယ်လို့လည်း ပြောပါတယ်။
” လိုအပ်လာပါက ချင်း လဲန်ပြည်သူအားလုံး လက်နက်စွဲကိုင်ပြီး ချင်းလဲန်ကို ကာကွယ်ကြရမှာ ဖြစ်ပါတယ်”လို့လည်း CNF ဥက္ကဋ္ဌက ပြောပါတယ်။
စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ငြိမ်းချမ်းသာ ယာသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ ချင်းပြည် ပြည်သူအားလုံး စည်းလုံးစွာ လက်တွဲ တိုက်ပွဲဝင်ကြဖို့လည်း CNFက တိုက်တွန်းပါတယ်။
(၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အခမ်းအနားကို CNF ဌာနချုပ် ချင်းလုံမှာ ကျင်းပခဲ့ရာ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ချင်းပြည်(Chinland)အစိုးရ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးဌာနများက ဝန်ကြီးများ၊ ချင်းအမျိုးသားတပ်မတော်မှ အကြီးအကဲများ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများ ၊ ချင်းအမျိုးသားတပ်မတော်မှ တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ Chinland Channelက ဓာတ်ပုံသတင်းဖော်ပြထားပါတယ်။


















































