-လာမည့်နှစ် မေလ ၁၀ရက်တွင် အမိန့်ချမည်
မြန်မာသံအမတ်ကြီးကို လုပ်ကြံရန် ကြိုးပမ်းပါဝင်မှုဖြင့် ဖမ်းဆီးခံထားရသူ ရဲဟိန်းဇော်က ၎င်းတွင်အပြစ်ရှိကြောင်း တရားရုံး၌ ဝန်ခံထွက်ဆိုခဲ့သည်ဟု နယူးယောက်တောင်ပိုင်းခရိုင်တရားရုံးက ယမန်နေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒဏ်ရာရရှိရန် သို့မဟုတ် သတ်ဖြတ်ရန် လုပ်ကြံမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း ရဲဟိန်းဇော်က တရားရုံး၌ ထွက်ဆိုခဲ့ပြီး ၎င်း၏ ရာဇဝတ်မှုအတွက် ပြစ်ဒဏ်ချမှတ်မှုကို စောင့်ဆိုင်းနေသည်ဟု အမေရိကန်တရားရုံးရှေ့နေ Damian Williams က ပြောသည်။
“အမေရိကန်ရှိ နိုင်ငံခြားသံတမန်တွေနဲ့ အရာရှိတွေရဲ့ လုံခြုံဘေးကင်းရေးကို အစိုးရအဆင့်ဆင့် ကျွန်တော်တို့ရဲ့ ဥပဒေစိုးမိုးရေးလုပ်ဖော်ကိုင်ဖက်အားလုံးရဲ့ မနားမနေကြိုးပမ်းမှုကို ချီးကျူးလိုပါတယ်။ နောက်ပြီး ဒီလုပ်ကြံမှု ကျူးလွန်သူတွေကို တရားမျှတမှုရှိစေဖို့လည်း လုပ် ဆောင်သွားမှာပါ” ဟု Damian Williams က ဆက်ပြောသည်။

Public Service Announcement
ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လအတွင်း နယူးယောက်တွင်နေထိုင်သူ မြန်မာနိုင်ငံသား ရဲဟိန်း ဇော်သည် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဒဏ်ရာရရှိရန် သို့မဟုတ် သတ်ဖြတ်ရန် အခြားသူများနှင့် လျှို့ဝှက်ကြံစည်ခဲ့သည်ဟု နယူးယောက်တရားရုံးက ထုတ်ပြန်သည်။
အဆိုပါကြံစည်မှုတွင် ပူးပေါင်းလုပ်ကြံသူက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေသူ ထိုင်းနိုင်ငံရှိ လက်နက်ပွဲစားကို ဆက်သွယ်ခဲ့ပြီး ၎င်းတို့နှစ်ဦး သဘောတူညီချက်အရ သံအမတ်ကြီးကို ရာထူးမှ နုတ်ထွက်သွားရန် ဖိအားပေးရာတွင် သံအမတ်ကြီးကို ထိခိုက်စေရန် လုပ်ကြံသူများကို ငှားရမ်းရေး ပါဝင်ခဲ့သည်။
သံအမတ်ကြီးမနုတ်ထွက်ပါက ပူးပေါင်းကြံစည်သူက ငှားရမ်းထားသည့် လုပ်ကြံသူများက သံအမတ်ကြီးကို သတ်ဖြတ်ရန် ထိုင်းရှိ လက်နက်ပွဲစားက အဆိုပြုခဲ့သည်ဟု တရားရုံးက ထုတ်ပြန်သည်။
အဆိုပါ လက်နက်ပွဲစားဆိုသူမှာ ထိုင်းနိုင်ငံတွင် နေထိုင်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ဝဏ္ဏမောင်လွင်တို့နှင့် ရင်းနှီးသူ အေးကို ဆိုသူဖြစ်သည်။
အစီအစဉ်သဘောတူညီပြီးအချိန်ပိုင်းအတွင်း ရဲဟိန်းဇော်က ပူးပေါင်းကြံစည်သူကို ဆက်သွယ်ကာ ငွေလွှဲအက်ပလီကေးရှင်းမှတဆင့် ဒေါ်လာ ၄၀၀၀ လွှဲပြောင်းခဲ့ပြီး အစီအစဉ်များကို ဆွေးနွေးကာ နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်လွှဲရန် သဘောတူခဲ့သည်။
အဆိုပါလုပ်ကြံမှုနှင့်ပတ်သက်၍ ရဲဟိန်းဇော်သည် အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရ နိုင်ပြီး လာမည့် ၂၀၂၂ မေလ ၁၀ ရက်တွင် ရဲဟိန်းဇော်ကို အမိန့်ချမှတ်ရန် ချိန်းဆိုထားသည်။
ရဲဟိန်းဇော်သည် စစ်တပ်က အာဏာသိမ်းချိန်က ရန်ကုန်မြို့၌ ချီတက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် အမေရိကားသို့ ထွက်ခွာသွားခြင်းဖြစ်သည်။ ၎င်းဖခင်ဖြစ်သူမှာ လက်နက်ပွဲစား အေးကိုနှင့် ရင်းနှီးသူဖြစ်သည်။


















































