အရာတော်မြို့နယ် သလဲဘာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ကဲဘာရွာနှင့်ကျောက်ကုန်းရွာအား မီးတင်ရှို့ဖျက်ဆီးနေကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ ထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီကစ၍ သလဲဘာကျေးရွာတွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အင်အား ၁၀၀ခန့်သည် ကဲဘာရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွင်းရှိနေအိမ်များအား မီးရှို့နေသည်။

“မနက်ကတည်းက ရွာကိုဝင်လာတာ။အကုန်လုံးထွက်ပြေးနေရတာပေါ့ဗျာ။အိမ်ဘယ်နှလုံးပါသွားပြီလဲ တော့ မသိသေးဘူး”ဟု ကဲဘာရွာနေသူတစ်ဦးက ပြောသည်။
ကဲဘာရွာအား မီးရှို့နေစဉ် တပြိုင်နက်ထဲ၌ သလဲဘာကျေးရွာမှာ ကျန်ခဲ့သည့် စစ်သားနှင့် ပျူစောထီးများကလည်း မူးမြစ်သာခြားသော တဖက်ကမ်းရှိ ကျောက်ကုန်းရွာသို့ သွားရောက်၍ နေအိမ်အချို့ကို မီးရှို့နေကြောင်းသိရသည်။

Public Service Announcement
သလဲဘာရွာသည် ပျူစောထီးများအားကောင်းသည့် ရွာဖြစ်သောကြောင့် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုများက ဒီဇင်ဘာ ပထမပတ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးခြောက်ဦး သေဆုံးခဲ့သည်။
ထို့ကြောင့် ပျူစောထီးများသည် အကြမ်းဖက်စစ် ကောင်စီတပ်အားခေါ်ယူကာ ဒေသတွင်း အကြမ်းဖက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။


















































