ဝရဇိန်/People’s Spring
သင်ဟာ မန္တလေးမြို့မှာ နေထိုင်သူတစ်ဦး ဖြစ်သလား။သင့်မိသားစုထဲမှာ အရွယ်ကောင်း၊ လူလားမြောက်စ လူငယ်လူရွယ်တွေ ရှိနေသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို အဆုံးထိ ဖတ်ရှုဖို့နဲ့ မိသားစုဝင် အချင်းချင်း အသိပေးဖို့ အရေးတကြီး လိုအပ်ပါလိမ့်မယ်။
ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ရဲ့ နေရာအနှံ့အပြားမှာ လူတစ်စုက လူငယ်တွေကို ပစ်မှတ်ထားပြီး နှစ်သီးစားအကြံ ကြံစည်နေကြပါတယ်။ ဘယ်လိုနှစ်သီးစား အကြံပါလဲ။ ဆိုင်ကယ်စီးလာတဲ့လူငယ် အမျိုးသားတွေကို ဆိုင်ကယ်ကော လူကိုပါ ကားပေါ်တင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
ဆိုင်ကယ်နဲ့လူနဲ့ကို ကားပေါ်တင်ပြီး ဘယ်လိုတွေဆက်လက်လုပ်ဆောင်တယ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ ဖြစ်စဥ်တွေ ဆက်လက်ပြောပြပေးပါ့မယ်။

Public Service Announcement
သင်္ကြန်မရောက်ခင်တစ်ရက် ဧပြီ ၁၂ ရက် ညနေက မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ရန်ကင်းတောင်ခြေနားမှာအသက် ၂၀ ကျော်ပစ္စည်းပို့ဝန်ထမ်း လူငယ်တစ်ဦးရဲ့နောက်ကို လူ ၆ ယောက်လောက်ပါတဲ့ ကားတစ်စီးက ကပ်လိုက်လာခဲ့တယ်။ ဘေးချင်းကပ်အနေအထားနဲ့မောင်းလာပြီး လူငယ်ရဲ့ ဆိုင်ကယ်ကို ရပ်ခိုင်းတယ်။ ကားပေါ်ကဆင်းလာပြီး ဆိုင်ကယ်သော့ကိုဆွဲဖြုတ်တယ်။လူကို ဂုတ်ကနေ ဆွဲခေါ်ပြီး အတင်းကားပေါ် တက်ခိုင်းတယ်လို့နီးစပ်သူတွေကပြောပြတယ်။
အဲဒီအချိန်မှာ ဆွေမျိုး ဦးလေးတစ်ယောက်ကတွေ့ပြီး အတင်းဆွဲခေါ် ဆိုင်ကယ်ပေါ်တက် အမြန်မောင်းခဲ့လို့ လွတ်မြောက်ခဲ့ရပြီး ဆိုင်ကယ်တော့ ပြန်မရခဲ့ဘူးလို့ သိရတယ်။
“အရွယ်ကောင်း ကလေးတွေလူပြတ်တဲ့နေရာတွေ တစ်ယောက်ထဲ သွားလာခြင်းမျိုး ရှောင်ကြပါ”လို့ အဆွဲခံရတဲ့လူငယ်နဲ့ နီးစပ်သူက အကြံပြုတယ်။
နောက်တစ်ရက်သင်္ကြန်အကြို နေ့ည မှာလည်း အလားတူဖြစ်စဥ်မျိုး ထပ်ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါကတော့ စစ်အုပ်စုလုံခြုံရေးတွေချထားတဲ့ကျုံးဘေးမှာပါ။ လူငယ်တစ်ယောက်ကျုံးမြောက်ဘက်ကနေ ဆိုင်ကယ်နဲ့ ည ၉ နာရီခွဲလောက်ပြန်လာချိန် အထက်ကဖြစ်စဥ်လိုပဲ လူတစ်စုက လူကောဆိုင်ကယ်ကိုပါကားပေါ်ဆွဲတင်တယ်။ကလေးက ငိုယိုပြီးတောင်းပန်တော့လူကိုကန်ချသွားတယ်လို့ နီးစပ်သူတွေက ပြောပြတယ်။ ဆိုင်ကယ်တော့ ဆုံးရှုံးလိုက်ရတယ်။
ဧပြီ ၉ ရက် ည ၉ နာရီဝန်းကျင်ကလည်း စစ်တပ်လုံခြုံရေးချထားတဲ့ ကျုံးတောင်ဘက်ပေါက်နဲ့ ၃ ပြသာ ကွာပြီး လှမ်းကြည့်ရင်တောင် မြင်ရတဲ့ မိန်းလမ်းမကြီးပေါ်မှာ လူငယ်တစ်ယောက် အလားတူ ဖြစ်စဥ်မျိုး ကြုံခဲ့ရပါတယ်။
စစ်တပ်ဂိတ်နဲ့ မလှမ်းမကမ်း ၇၃ လမ်းနဲ့ ၂၉ လမ်းထောင့်မှာ ဆိုင်ကယ်နဲ့ ပြန်လာတဲ့လူငယ်တစ်ယောက်ကို လူငါးယောက်ပါတဲ့ မတ်တူးကားအဖြူရောင်တစ်စီးက ဆိုင်ကယ်အရှေ့ကို ပိတ်ရပ်လိုက်တယ်။ ကားပေါ်မှာတော့စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ထားသူတွေပါတယ်လို့ သိရတယ်။ အဲဒီနောက် လူငယ်ကို စစ်တပ်ထဲခေါ်သွားမယ်လို့ ပြောတယ်။
ဆိုင်ကယ်ကိုတခြားတစ်ယောက်စီးခိုင်းပြီး ကားထဲမှာ ဘာအသံမှမထွက်နဲ့ ခေါင်းငုံ့ထားလို့ ပြောပြီး အဝတ်နဲ့အုပ်ထားတယ်။ စကားပြောရင် ဓါးနဲ့ထိုးမယ်လို့လည်း ခြိမ်းခြောက်တယ်။
အဲဒီနောက် လူငယ်ကိုခေါ်သွားပြီးရန်ကုန်-မန္တလေး လမ်းဘေးကဆိုင်ကယ်လမ်းမှာချထားကာ မောင်းပြေးသွားခဲ့တယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူတွေက ပြောတယ်။
အထက်ကဖြစ်စဥ်တွေလိုပဲစစ်အုပ်စုဝင်တွေရဲ့ဖမ်းဆီးလုယက်ခံရသူတွေ မန္တလေးမြို့မှာအများအပြား ရှိနေပါတယ်။ “ညနက်ချိန် ဘားကပြန်လာသူတွေတချို့ ဆိုင်ကယ်စစ်စရာရှိတယ်ဆိုပြီးတော့ လူရောဆိုင်ကယ်ရော ကားပေါ်တင်သွားတာ။ ပြီးမှ ခပ်လှမ်းလှမ်းရောက်မှ လူကိုကားပေါ်ကဆင်းခိုင်းပြီးဆိုင်ကယ်ယူသွားတာ။ မိန်းခလေးတွေမို့လူမခေါ်သွားတာထင်တယ်”လို့ ကြုံတွေ့ဖူးသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ညဘက်တွေတင်မကပါဘူး။ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်ကလည်း လူစည်ကားရာ မန္တလေးတက္ကသိုလ်အနီး ၃၈ လမ်းနဲ့ ၆၉ လမ်းထောင့်အနီးမှာ အသက် ၂၀ အရွယ်ရှိ ကျောပိုးအိတ်နဲ့ လမ်းလျောက်လာတဲ့ လူငယ်တစ်ဦးကို Police စာတန်းပါ ရဲကားအပြာနဲ့ အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice of Mandalay အဖွဲ့က အသိပေးပါတယ်။
အခုအခါ စစ်ကောင်စီတပ် နဲ့ ပျူစောထီးတွေဟာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်တပ်ထဲ သွတ်သွင်းကာငွေပြန်တောင်းတာ၊သို့မဟုတ်လူစားထိုးရောင်းစားတာတွေကို စီးပွားဖြစ် လုပ်ကိုင်နေကြပါတယ်။ မျက်မြင်သက်သေတွေရဲ့အဆိုအရ လူတစ်ယောက်ကိုကျပ်သိန်း (၇၀)ဝန်းကျင်နဲ့ ရောင်းစားနေကြတာ ဖြစ်ပါတယ်။
ပိုပြီး ကြောက်စရာကောင်းတာက ဖမ်းဆီးခံရသူတွေကို တပ်ထဲမှာ နာမည်ရင်းနဲ့ မဟုတ်ဘဲ တခြားသူရဲ့ နာမည်နဲ့ “လူစားထိုး” ထည့်သွင်းပြီး ရှေ့တန်းကို ပို့ဆောင်နေတဲ့ ဖြစ်ရပ်တွေပါ ရှိနေတာ ဖြစ်ပါတယ်။ ဒါဟာ သာမန် ပေါ်တာဆွဲတာထက် ပိုမိုဆိုးရွားတဲ့ လူကုန်ကူးမှု ပုံစံတစ်ခု ဖြစ်နေပါတယ်။
“ကျွန်တော့တူလေးလည်း လှိုင်သာယာမှာပါသွားတာ။ ခုရှေ့တန်းတနေရာ ရောက်နေတယ်။ ဒါပေမဲ့တပ်ထဲမှာသူ့နာမည်အရင်းနဲ့မဟုတ်ပါဘူး။ အခြားတစ်ယောက်နာမည်ဖြစ်နေပါတယ်။ ပုံစံကြည့်ရတာလူစားထိုး ရောင်းစားခံရပုံနဲ့တူတယ်”လို့ မိသားစုဝင်ပေါ်တာဆွဲခံရဖူးသူတစ်ဦးကဆိုပါတယ်။
မန္တလေးမြို့မှာ လူငယ်တွေအနေနဲ့ အထူးသဖြင့် ညနေစောင်းနဲ့ ညဘက်တွေမှာ တစ်ယောက်တည်း ဆိုင်ကယ်မောင်းတာ၊ သွားလာတာကို အတတ်နိုင်ဆုံး ရှောင်ကြဖို့၊အပြင်သွားရင်ဘယ်ကိုသွားတယ်၊ ဘယ်အချိန်ပြန်လာမယ်ဆိုတာကို မိသားစုကို အမြဲ အသိပေးထားဖို့နဲ့ နောက်က ကားတစ်စီးစီး သို့မဟုတ် ဆိုင်ကယ်အုပ်စုလိုက် ကပ်လိုက်လာရင် လူစည်ကားရာ သို့မဟုတ် ဘေးကင်းရာသို့ အမြန်ဆုံး ဝင်ရောက်ဖို့ မြို့ခံတွေက အကြံပြုပါတယ်။
မန္တလေးဟာ သီတင်းကျွတ်ကစလို့ သင်္ကြန်အထိ ပွဲတော်သံ ညံခဲ့ပြီးပါပြီ။ ကိုယ်တိုင်မကြုံရသေးတဲ့ လူငယ်တွေကတော့ သွားလို့လာလို့ ကောင်းတုန်းပါ။အထက်ကဖြစ်စဥ်တွေဟာ လူမှုကွန်ရက်ပေါ်ရောက်ရှိလာသလောက်သာ ဖြစ်ပြီး လူမသိသူမသိ ပျောက်ဆုံးသွားတဲ့လူငယ်တွေ မန္တလေးမြို့မှာ အများအပြား ရှိနေဆဲ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ။


















































