ဧပြီ-၂၆၊၂၀၂၆။ သုည/People’s Spring
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ Beaconsfiel ပန်းခြံမှာ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှု ဒီကနေ့ (ဧပြီ ၂၆)မှာ ပြုလုပ်ခဲ့ကြပါတယ်။
ပြည်ပရောက်မြန်မာတွေက “Proof of Life” ၊ “Free Aung San Su Kyi” ၊ “Stand Up For Freedom” စတဲ့ စာသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ ကိုင်ဆောင်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း၊ ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးပါ လို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ လက်ရှိသမ္မတအဖြစ် ထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ အာဏာသိမ်းစစ်တပ်နဲ့ စစ်အာဏာရှင်မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ


















































