Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ကိုစစ်ကူဖြည့်ဖို့စစ်တပ်ကရွှေကူမှာ အင်အားထောင်ချီနဲ့ လှုပ်ရှားလာလို့ KIAနဲ့တိုက်ပွဲစဖြစ်

KIA သိမ်းထားတဲ့မဘိမ်းမြို့ကို ထိုးစစ်ဆင်ဖို့ စစ်အင်အား ၂၀၀၀ ကျော်စုဖွဲ့ထားလို့ မကြာမီ တိုက်ပွဲပြင်းနိုင် စစ်ရေးသတင်းရင်းမြစ်ပြော

(ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှာ ၂၀၂၅ ခုနှစ်အတွင်းမြင်​တွေ့ရတဲ့KIA နဲ့မဟာမိတ်တပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-CJ )

မေ-၃၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်မှာစစ်တပ်က အင်အား တစ်ထောင်ကျော်နဲ့ စစ်ရေးလှုပ်ရှားလာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မေလ ၂ရက်မှ စတင် တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ကျွန်​တော်တို့နဲ့တိုက်ပွဲစဖြစ်နေပြီ။ မနေ့က တိုက်ပွဲ စဖြစ်နေပြီ။ သူတို့က တင့်ကားတွေနဲ့ပါ တက်လာတာဗျ။”လို့ စစ်ရေးသတင်းရင်းမြစ်က ရွှေကူဒေသမှာ KIAနဲ့ စစ်တပ် အကြားတိုက်ပွဲ စဖြစ်နေတာကို ​ပြောတယ်။

စစ်ကောင်စီဟာအင်အားထောင်ချီ စုဖွဲ့ပြီး KIAက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ဗန်းမောင်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းနေတာလို့ သတင်းရကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရွှေကူကနေတောင်ဘက်ငအိုးဆိုတာရှိတယ်။ငအိုးရွာမှာ အခုရောက်နေတဲ့ စစ်ကြောင်း စစ်အင်အား တစ်ထောင်ကျော်လောက်ရှိပြီ။ဒီကောင်တွေက အခု ရွှေကူဘက်ကိုစလှုပ်ရှားလာတယ်။ မနေ့က ရွှေကူဘက်တက်လာတာ။ ရွှေကူနဲ့ ငအိုးကြားမှာ တိုက်ပွဲဖြစ်နေတာမနေ့ကနေ။ အခု သူတို့က ငအိုးဘက်က တက်လာတဲ့ စစ်ကြောင်းအင်အား တထောင်ကျော်နဲ့ ရွှေကူမှာရှိနေတဲ့ စစ်ကြောင်းနဲ့ ပေါင်းပြီးမှ ဗန်းမော်ဘက် တက်လာမယ်လို့သတင်းရတယ်။ ဒီလမကုန်ခင် စင်းခန်းရအောင်လုပ်မယ်လို့ အဲဒီလို ကြားတာပဲ။”လို့ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါကြောင့် ရှေ့ဆက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

“ရွှေကူကနေသူတို့ အထက်ကို ဆက်ပြီးတက်လာရင် တိုက်ပွဲက အကြီးအကျယ်ဖြစ်မှာ။ ရွှေကူမှာ ရှိတဲ့ တပ်တွေနဲ့ သူတို့ ပေါင်းရင် အင်အား ၂၀၀၀ ကျော်လောက်ရှိသွားမယ်။မင်းအောင်လှိုင်ကတော့ရက် ၁၀၀ အတွင်းလက်လွှတ်လိုက်ရတဲ့ နယ်မြေတွေအကုန်လုံးပြန်ရအောင်ယူဆိုပြီးမှ ညွှန်ကြားထားတယ်ဆိုတော့ သူတို့ကတော့ လုပ်မှာပဲ။ ထိုးမှာပဲ။” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

KIA ဟာ ၂၀၂၄ ဒီဇင်ဘာမှာ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို စတင်ခဲ့ရာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေအပါအဝင် စခန်းနဲ့ တပ်စွဲရာ နေရာအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး စကခ(၂၁) အပါအဝင် လက်ကျန်တပ်စခန်းတွေ သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းရာမှာ ကြန့်ကြာနေတာဖြစ်ပါတယ်။ စစ်တပ်က လေကြောင်းအပြင်းအထန်ခုခံတာ ၊ လေကြောင်းကနေ စစ်အင်အားခဲယမ်းဖြည့်တင်းတာ၊ ရေကြောင်းမှ သင်္ဘောတွေနဲ့ စစ်အင်အားခဲယမ်းတွေ ဒရုန်းတွေ ဖြည့်တင်းတာကြောင့် မြို့သိမ်းတိုက်ပွဲ ကြန့်ကြာနေတာဖြစ်ပါတယ်။

ဒါအပြင် စစ်တပ်က KIA သိမ်းထားတဲ့ရှမ်းမြောက် မဘိမ်းမြို့ ပြန်ရဖို့လည်းစစ်ပြင်နေကြောင်းစစ်​ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မိုးမိတ်မှာလည်း အခုရောက်နေတဲ့ စစ်အင်အားကနှစ်ထောင်ကျော်ပြီ။မိုးမိတ်ကို ရောက်နေတဲ့ မဘိမ်းကိုသိမ်းမယ်လို့ သတင်းကြားနေတယ်။ မဘိမ်းဘက်မှာ ဒီအတောအတွင်း နှစ်ရက်သုံးရက်အတွင်းတိုက်ပွဲအကြီးအကျယ် ဖြစ်လာနိုင်တယ်။”လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မိုးမိတ်ဟာ တအာင်းတပ်မတော်(TNLA)နဲ့မဟာမိတ်​တွေသိမ်းပိုက်ထားတဲ့မြို့ဖြစ်ပါတယ်။ တရုတ်အစိုးရ ကြားဝင်မှု ဖိအားပေးမှုကြောင့် စစ်ကောင်စီနဲ့ TNLA တို့ ၂၀၂၅ အောက်တိုဘာမှာ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့ရာ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီလို လွှဲပေးခဲ့ပေမယ့် မိုးကုတ် မိုးမိတ်ဒေသတွေမှာ KIA၊ PDF တပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ခဲ့တာတွေရှိပါတယ်။

KIA အနေနဲ့ ၂၀၂၄ မတ်လကစတင်ခဲ့တဲ့ ထိုးစစ်မှာ စစ်ကောင်စီ တပ်ရင်းဌာနချုပ် အများအပြားနဲ့ မြို့တွေကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ တပ်စခန်းရာချီ မြို့ပေါင်း ၁၀မြို့ကျော် ကို KIAသိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အခုအချိန်ထိ ပြန်လည်သိမ်းပိုက်နိုင်တဲ့ အခြေအနေမရှိသေးဘဲ ကချင်ဒေသ နေရာအများအပြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားတာ၊စစ်ရေးတင်းမာတာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်အရ KIA တပ်မဟာ နယ်မြေ ၁၁ခု ရှိတဲ့အနက် ထက်ဝက်ကျော်မှာ စစ်ကောင်စီက စစ်ရေးပြင်ဆင်လှုပ်ရှားလာလို့ စစ်ရေးတင်းမာနေကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။