ဟာနာဆန်/People’s Spring
ဧပြီလလယ်ပိုင်းရဲ့ အညာနွေအပူချိန်က ပြင်းထန်နေတယ်။ အရာတော်မြို့နယ်၊ သလဲဘာရွာအနီးမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲကလည်း ထပ်တူပြင်းထန်နေတယ်။ စစ်ကောင်စီတပ်ကဝေဟင်ထက်ကနေY12လေယာဥ်နဲ့ ဗုံးတွေလာကြဲနေတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ၎င်းတို့လက်အောက်ခံ သလဲဘာရွာက ပြည်သူ့စစ်ခေါ် ပျူစောထီးတွေကတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့ ဘန်ကာနဲ့ ကတုပ်ကျင်းတွေထဲကို ဦးအောင်ပြေးဝင်သွားကြတယ်။
ရွာသူရွာသားတွေကတော့ ဘယ်ပြေးလို့ပြေးရမယ်မသိ။ ပုံမှန်အချိန်မှာ ဂိတ်တွေနဲ့ ပိတ်ဆို့ထားလို့ ရွာသူရွာသားတွေ ရွာပြင်ထွက်ခွင့်မရှိ။ အခုလို စစ်တပ်ကလေကြောင်းကနေ ဗုံးတွေကြဲလာတော့ စစ်အုပ်စုဝင်တွေက ရွာသူရွာသားတွေကို “သွားချင်ရာသွား” ဆိုပြီး ပစ်ထားလိုက်တော့တယ်။

Public Service Announcement
ဗုံးခိုးဗုံးငွေ့များကြားက မြေပြင်ပေါ်မှာ လဲကျနေတဲ့ အမျိုးသမီးတစ်ဦးကို ပကဖ ရဲဘော်တွေ တွေ့လိုက်ရတယ်။သူ့ဘေးမှာလည်း ငိုယိုနေတဲ့ ၃ နှစ်အရွယ် ကလေးတစ်ယောက်။အမျိုးသမီးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားလို့ မထနိုင်တော့။
“ပုံမှန်ဆိုရင် သူတို့ကိုပေးမထွက်ဘူး။ ဂိတ်တွေနဲ့တားထားတယ်။ သူတို့ထွက်ချင်တာတောင်မရဘူး။ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလိုက်တော့ ပြည်သူတွေလည်းသွားချင်ရာသွားဆိုလုပ်တော့ ပြည်သူတွေပါ ထိကုန်ကြတယ်။ အဲဒီမှာ
အဲအမျိုးသမီးကိုစတွေ့တာ။”လို့ ရဲဘော်တစ်ဦးက ဖြစ်စဥ်ကိုပြောပြတယ်။
အဲဒီအမျိုးသမီးဟာသလဲဘာရွာအတွင်းက လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးဖြစ်နေခဲ့တယ်။ သူတို့ကို စစ်အုပ်စုက PDF တွေက မင်းတို့ကို မိရင်သတ်မှာလို့ ဝါဒမှိုင်းတိုက်ထားတာကြောင့် သူ့မျက်လုံးမှာ ကြောက်ရွံ့တဲ့ အရိပ်အယောင်တွေက အထင်းသား။ သို့သော် သူထင်ထားသလို ဖြစ်မလာခဲ့ပါ။
တော်လှန်ရေးရဲဘော်နှစ်ဦးက ဒဏ်ရာရထားတဲ့သူ့ကို ပခုံးပေါ် ထမ်းတင်လိုက်ကြတယ်။ ပူပြင်းလှတဲ့ နေပူကြီးထဲမှာ မိုင်နဲ့ချီဝေးတဲ့ လုံခြုံတဲ့အရပ်သို့ မနားတမ်း သယ်ဆောင်ခဲ့ကြတယ်။ ရဲဘော်တွေ ချွေးဒီးဒီးကျနေပေမဲ့ မရပ်မနား ထမ်းသယ်လာခဲ့ကြတယ်။
စိတ်ချရတဲ့နေရာဆီရောက်တော့ ဆေးကုသပေးဖို့ ပြင်ကြတယ်။ ကယ်လာတဲ့အမျိုးသမီးက လန့်နေခဲ့တယ်။ ရဲဘော်တွေကလည်း ရှင်းပြရတယ်။
“ခင်ဗျားကို ကျွန်တော်တို့က မသတ်ဘူး။ ဆေးကုသပေးမယ်”လို့ပြောတော့ ကျေးဇူးတင်ပါတယ်လို့ပြောပြီး မျက်ရည်တွေ ကျလာခဲ့တယ်။
အမျိုးသမီးက ရဲဘော်တွေရဲ့အပြုအမူကို အံ့သြနေခဲ့တာပါ။သူ့ကိုဒီလိုကောင်းကောင်းမွန်မွန်ဆက်ဆံမယ် ထင်မထားခဲ့ဘူး။ ဒါ့အပြင် ၎င်းအမျိုးသမီးအတွက် အမျိုးသမီးလူနာစောင့်ကိုပါ စီစဥ်ပေးခဲ့တယ်။
တခြားပြည်သူတွေကတော့ ရဲဘော်တွေကို “နင်တို့မို့လို့ ကုပေးနေတာ။ နင်တို့သာမိကြည့်ပါလား။”လို့ ပြောကြတော့ ရဲဘော်တွေက ပြန်ရှင်းပြတယ်။
“ကျွန်တော်တို့က စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာတဲ့ရဲဘော်တွေ၊ရန်သူ့မိန်းမဖြစ်ပလေ့စေ စစ်သုံ့ပန်းတွေကို ဘယ်လိုဆက်ဆံရတယ်ဆိုတာ ရှင်းပြရတယ်။”လို့ အရာတော်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောတယ်။
သဘဲဘာမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အင်အားများတယ်။ အမာခံတွေရှိသလို မဖြစ်မနေ စစ်မှုထမ်းရသူတွေလည်းရှိတယ်။သူတို့တွေကို ရွာကာကွယ်ဖို့အတွက်ဆိုပြီး စစ်တပ်က ဝါဒမှိုင်းတိုက်ထားတယ်။ PDF တွေက နင်တို့ကိုမိရင်သတ်မှာလို့လည်း ပြောထားတယ်။ ရွာထဲကလူတွေထွက်မပြေးနိုင်အောင်ရွာပတ်ပတ်လည်မှာမိုင်းတွေထောင်ထားတယ်။ မိုင်းကွဲရင်လည်း ငါးသိန်းဆယ်သိန်း လျော်ပေးရတယ်လို့ ဒေသခံတွေက ပြောတယ်။
ရဲဘော်တွေအနေနဲ့ကတော့ သလဲဘာက ပျူတွေ ပြည်သူ့ဘက်ကို ပူးပေါင်းစေချင်တာပါ။
“ကျွန်တော်တို့ တိုက်ပွဲဝင်နေတာသည် တစုံတယောက်ကို မုန်းလို့ သတ်ချင်လို့ သလဲဘာက ပြည်သူ့စစ်တွေကို ဦးတည်ပြီး သတ်ချင်လို့ တိုက်ပွဲဆင်နွှဲနေတာမဟုတ်ဘူး။ ကျွန်တော်တို့က စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို ကျောထောက်နောက်ခံပေးထားတဲ့ အင်အားစုတွေကို တိုက်ထုတ်နေရခြင်းဖြစ်တယ်။”လို့ အရာတော်ပကဖ တာဝန်ရှိသူက ပြောပြတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မေလ ၅ရက်နေ့မှာ ကျရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ တော်လှန့်ရေးအတွက် စစ်သည်တော်တွေရဲ့ကျင့်ဝတ်က ဘယ်လောကွအရေးကြီးတဲ့အကြောင်းအခုလိုပြောပါတယ်။
“တပ်တစ်ခုရဲ့ အင်အားဟာ လက်နက်ခဲယမ်းတွေ အပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ အဲဒီတပ်ရဲ့ “ကျင့်ဝတ်” စောင့်ထိန်းမှုဟာ ရန်သူကို ပစ်ခတ်တဲ့ ကျည်ဆန်ထက်ပင် ပိုမို အစွမ်းထက်ပါတယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ စစ်ရေးအရှိန်အဟုန် မြင့်မားလာတာနဲ့အမျှ ပြည်သူလူထုအပေါ် ကာကွယ်စောင့်ရှောက်ပြီး ပြည်သူအားလုံးက ချစ်ခင်လေးစား ယုံကြည် အားကိုးရတဲ့၊ လူ့အခွင့်အရေးနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ခိုင်မြဲစွာ စောင့်ထိန်းနိုင်တဲ့ ပြည်သူ့ရင်သွေးများ ဖြစ်အောင် ကြိုးစားကြဖို့ မှာကြားလိုပါတယ်။ တော်လှန်ရေးကာလ ကြာရှည် လာတာနဲ့အမျှ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့ ကိစ္စရပ်တွေ၊ လူထုထောက်ခံမှု ကျဆင်းစေမဲ့ လုပ်နည်းလုပ်ဟန်အမှားတွေကို လုံးဝ ရှောင်ကြဉ်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့က အမုန်းတရားနဲ့ လက်စားချေတဲ့နည်းကို မသုံးဘဲ၊ တရားမျှတမှု၊ ဥပဒေစိုးမိုးမှုနဲ့ လူသားဆန်မှုဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံတန်ဖိုးတွေကို လက်ကိုင်ထားပြီး ရှေ့ဆက်နေကြတာဟာ ရဲဘော်တို့ရဲ့ အကြီးမားဆုံးသော ကျင့်ဝတ်ပိုင်းဆိုင်ရာအောင်ပွဲပဲဖြစ်ပါတယ်။
ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာ လေးစားသမှုနဲ့ ဆက်ဆံရမှာဖြစ်သလို အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကာကွယ်စောင့်ရှောက်ဖို့လည်းတိုက်တွန်းပါတယ်။
ပြည်သူပိုင် ပစ္စည်းတွေကို မထိပါးကြဖို့နဲ့ စစ်ဆင်ရေးတွေမှာလည်းလိုအပ်တဲ့အင်အားကိုသာ အသုံးပြုပြီး ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် စီမံကြဖို့ လိုအပ်ပါတယ်။ ရဲဘော်တို့ဟာ “ပြည်သူ့အတွက် ပြည်သူက မွေးဖွားပေးလိုက်တဲ့ စစ်သည်တော်ကောင်းတွေ”ဖြစ်ပါတယ်”လို့ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း NUG ဝန်ကြီးချုပ်က
“ရန်သူနဲ့ မတူတာက လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတာဖြစ်လို့ စစ်သုံ့ပန်းတွေအပေါ်မှာလည်း ဂျီနီဗာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း လူသားဆန်စွာ ဆက်ဆံရမှာ ဖြစ်ပါတယ်။တော်
လှန်ရေးဆိုတာ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်း တစ်ခုတည်းမဟုတ်ဘဲ ပြည်သူ့ယုံကြည်မှု၊နိုင်ငံရေးရင့်ကျက်မှုနဲ့ စည်းကမ်းသေဝပ်မှုတို့ ပေါင်းစပ်မှသာ အောင်ပွဲကိုအမြန်ဆုံးဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ရဲဘော်တို့ဟာပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေရတာဖြစ်တဲ့အတွက် လူထု ထောက်ခံမှု၊ လူထုပံ့ပိုးမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ရပ်အတွက် အသက်သွေးကြောတမျှ အရေးကြီးသလို ပြည်သူကို မျက်နှာမူဖို့၊ ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ မူလရည်မှန်းချက်ကို ဘယ်သောအခါမှ မမေ့ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” လို့ဆိုပါတယ်။
စစ်အာာဏာရှင်ကိုသာ တိုက်ထုတ်နေတဲ့ ပကဖရဲဘော်တွေဟာ ယခုဆို သူတို့ကယ်လာခဲ့တဲ့အမျိုးသမီးဟာ ဒဏ်ရာတွေ သက်သာသွားခဲ့ပြီ။ သနပ်ခါးလေးဘာလေးလိမ်းပြီး ကြည်ကြည်သာသာ ရွှင်ပျနေပါပြီ။
“မင်းတို့ကာကွယ်ချင်ပါတယ်ဆိုတဲ့ ပြည်သူကို အခု ငါတို့က ကာကွယ်ပေးနေပါတယ်။ မင်းတို့ အသက်ကိုရင်းပြီး တကယ်တမ်း ကာကွယ်နေရတာ ဘာလဲ၊ ဘယ်သူ့ကိုလဲဆိုတာကိုတော့ ကိုယ့်ဟာကို ပြန်မေးကြပေါ့ကွာ။ အချိန်တွေ မလွန်ခင် အဖြေထွက်ပါစေလို့လဲ ဆုတောင်းပါတယ်။”လို့ အရာတော်ပကဖအဖွဲ့က အသိပေးထားပါတယ်။


















































