မေ-၈၊ ၂၀၂၆။ ရှိန်း/People’s Spring
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MODလက်အောက်ခံ အကျဉ်းထောင်ကနေ စစ်သုံ့ပန်း၂ဦးနဲ့ ပြစ်မှု အကျဉ်းသား ၁ဦးတို့ ထွက်ပြေးသွားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။
မေလ ၇ရက် မနေ့က နေ့လယ်ပိုင်းမှာ ဂန့်ဂေါမြို့နယ် မြောက်ခြမ်းက အကျဉ်းသားတွေ ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်ကနေ အစောင့်တွေမသိဘဲ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ သုံ့ပန်းနှစ်ဦးဟာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူစဉ်မှာ အရှင်ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း ၁၇ဦးထဲက ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement
နောက်တစ်ဦးကတော့ ရွှေဘိုမြို့နယ်အတွင်းက လူသတ်မှုကျူးလွန်လို့ ဖမ်းဆီးထားတဲ့ တရားခံ ဖြစ်တယ်လို့ သိရပါတယ်။
“ထွက်ပြေးသွားတယ်လို့တော့ သတင်းရထားပါတယ်။ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါ။ အသေးစိတ်တော့ မသိရသေးပါဘူး”လို့ ဂန့်ဂေါမြို့နယ် မြောက်ခြမ်းက ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသား ၃ဦးမှာ လက်နက်တွေတော့ ပါမသွားဘူးလို့ သိရပါတယ်။
















































