မေ-၂၄၊၂၀၂၆။သတိုး/People’s Spring
ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးထားပါတယ်။
ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားက ပြည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် ကိုဌေးအောင်နိုင်ဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကျဆုံးသွားတာလို့ PPNM က မေ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ကိုဌေးအောင်နိုင်က မေ ၂၁ ရက် နေ့လည်က ဝမ်းချုပ်ခြင်း၊ ရင်ပြည့်ခြင်းနဲ့ အသက်ရှူမဝခြင်း ဝေဒနာ တွေခံစားရတာ ကြောင့် ထောင်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပြီး အခြေအနေဆိုးရွားလာတာကြောင့် မေ ၂၂ ရက်နံနက် မှာ ပြည်မြို့နယ် ကုတင် ၅၀၀ ဆေးရုံကြီးကို လွှဲပြောင်းကုသခွင့်ရရှိခဲ့ပေမယ့် နေ့လည်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကျဆုံးသွားတာလို့ ဆိုပါတယ်။

Public Service Announcement
ကိုဌေးအောင်နိုင်ကို ၂၀၂၃ နိုဝင်ဘာလ ၃၀ မှာ စစ်တပ်က နေအိမ်ကိုဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီလ ၁၇ ရက်မှာ ပြည်ခရိုင်ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၂-က၊ ၅၀-ည တွေနဲ့ ထောင်ဒဏ် ၁၅ နှစ် မတရားအမိန့်ချမှတ်ခဲ့တာပါ။
ကိုဌေးအောင်နိုင်က ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ်ရှိပြီဖြစ်ပြီး မေ ၂၃ ရက် နေ့လည်က ပြည်မြို့ အေးငြိမ်းရာ ဘာသာပေါင်းစုံသုဿန်မှာ မိသားစုဝင်တွေနဲ့ သင်္ဂြိုလ်ခဲ့တယ်လို့သိရပါတယ်။
“လူတွေအများကြီးထားရှိပြီးတော့ သူနာပြုတွေ ဆရာဝန်တွေ အင်အားမလုံလောက်တာ ပြီးတော့ အခြေခံဆေးဝါးကအစ ပါရာစီတမောလောက်ပဲပေးတာမျိုး အိုမီပရာဇောလောက်ပဲပေးတာမျိုးရှိနေတဲ့ အခြေအနေမှာ နာတာရှည်ရောဂါရှိနေတဲ့သူတွေ ဆိုရင်လည်း ဆေးပုံမှန်မရတာမျိုးတွေရှိတယ်။ အိမ်ကပါဆယ်ပို့တဲ့ အခါမျိုးတွေမှာဆိုရင်လည်း ဆေး တွေကိုဖြတ်ယူထားမျိုးတွေ နိုင်ငံရေးအကျဉ်းသားတွေဆီကို တိုက်ရိုက်မရောက်ရှိတာမျိုးတွေ အရေးပေါ်လူနာတွေကို ပိုက်ဆံပေးမှ ဆေးရုံတက်လို့ရတာတွေ ဒီလိုမျိုးတွေရှိနေတယ်ပေါ့။ ဒီလိုအခြေအနေကြောင့်မိုလို့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရောဂါအခြေအနေတွေ ပိုပြီးတော့ပြင်းထန်လာတာ ရောဂါမရှိတဲ့သူတွေဆိုလို့ရှိရင်လည်း ထောင်ထဲရောက်မှရောဂါရှိလာတာမျိုးတွေ ပြီးလို့ရှိရင်လည်း အခုလိုမျိုးကျဆုံးတာတွေလည်းရှိနေတယ်” လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းကပြောပါတယ်။
PPNM အနေနဲ့ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု အချိန်မီ ကောင်းမွန်စွာ မရရှိတာ ဖိနှိပ်ချုပ်ချယ်မှုဒဏ် တွေကြောင့် အသက်ပေးဆပ်ရတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ တစ်စတစ်စ တိုးပွားလာတဲ့အပေါ် ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ဒီကိစ္စတွေက စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေမှာတာဝန်ရှိတယ်လို့ ထောက်ပြပြောဆိုထားပါတယ်။
PPNM ရဲ့ စာရင်း တွေအရ ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီကနေ အောက်တိုဘာအထိ အကျဉ်းထောင်အသီးသီးမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရှိမှုနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိမှု တွေကြောင့် နိုင်ငံရေးအကျဥ်းသား ၂၈ဦးအထိ ကွယ်လွန်ခဲ့တယ်လို့ အသိပေးထားပါတယ်။
















































