Connect with us

Hi, what are you looking for?

သတင်း

အားလုံးပါဝင်တဲ့မြန်မာ့ငြိမ်းချမ်းရေးအတွက် အင်ဒို ထပ်လောင်းကတိပြု

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

ဓာတ်ပုံ - Antara News

ဇွန်-၉၊ ၂၀၂၆။ People’s Spring

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

ဇွန်လ ၈ရက် မနေ့က နေပြည်တော်မှာ အမည်ခံသမ္မတ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးလာရောက်တွေ့ဆုံစဥ် အခုလို အတည်ပြုပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်လာဖို့ အစုအဖွဲ့အားလုံးနဲ့ အလုပ်လုပ်ဖို့ အသင့်ရှိပြီး ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဆိုတာ မြန်မာ့ကိုယ်ပိုင်၊ မြန်မာဦးဆောင်တာမျိုးဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို အင်ဒိုနီးရှားက ယုံကြည်ကြောင်း ထပ်လောင်းအတည်ပြုပြီး မြန်မာ့အရေးဖြေရှင်းရာမှာ အထောက်အပံ့ဖြစ်စေမယ့် ဘုံသဘောတူညီချက်မူဘောင်တစ်ခုအဖြစ် အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အရေးကြီးမှုကိုလည်း အလေးပေးဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဥ်ဟာ ၂၀၂၅ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးအပါအဝင် အမျိုးမျိုးသောလူသားချင်းစာနာမှုအကူအညီ၊ ကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအကူအညီတွေကတဆင့် မြန်မာပြည်သူတွေအပေါ် အင်ဒိုနီးရှားရဲ့စည်းလုံးညီညွတ်မှုကို ထင်ဟပ်စေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီအကူအညီတွေဟာ အားလုံးပါဝင်တဲ့ ခွဲခြားမှုမရှိဘဲ မြန်မာပြည်သူတွေကို ကူညီဖို့ အင်ဒိုနီးရှားရဲ့ ကတိကဝတ်ရှိမှု အစိတ်အပိုင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်ခရီးစဥ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဆူဂျီအိုနိုဟာ အာဏာသိမ်းစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း နိုင်ငံခြားရေးဝန်ကြီးတွေက နှစ်နိုင်ငံနဲ့ ဒေသတွင်းအဆင့်တွေမှာ နှစ်ဖက်အပြန်အလှန်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရေး၊ ပညာရေးနဲ့ နှစ်နိုင်ငံ ပြည်သူအချင်းချင်းအကြား ဆက်ဆံရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားအတွက် မြန််မာနိုင်ငံဟာ အာဆီယံမိသားစုဝင်အစိတ်အပိုင်းဖြစ်တာကြောင့် အာဆီယံနိုင်ငံအားလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးတို့အတွက် မြန်မာနိုင်ငံနဲ့ အပြုသဘာဆောင်စွာ ထိတွေ့ဆက်ဆံမှု ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်ဟာ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေး ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးဖို့အတွက် လက်ရှိလုပ်ဆောင်နေတဲ့ ထိတွေ့ဆက်ဆံမှုတွေရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မကြာသေးမီက ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ကို သွားရောက်ခဲ့ကြပါတယ်။

ကိုးကား – VOI

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။