ဇွန်-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။
ဒီမနက် ၇နာရီကနေ စတင်ပြီး ၁နာရီကျော်အတွင်း စစ်တပ်က Y12 လေယာဉ်နဲ့ ၁ကြိမ် ဗုံးသီး ၄လုံးတွဲ ဗုံးတွေနဲ့ ၁၇ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ဟာ မင်းတပ်မြို့နယ်ကို အခု ဇွန်လအတွင်းမှာ လေကြောင်းကနေတိုက်ခိုက်မှု နေ့စဉ်နီးပါး ပြုလုပ်နေတာဖြစ်ပါတယ်။

Public Service Announcement
မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က မေလကုန်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ ခုခံမှုကြောင့် မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စစ်တပ်ဟာ မင်းတပ်တိုက်ပွဲအတွင်း လေကြောင်း ပစ်ကူပေးတိုက်ခိုက်တာတွေရှိသလို တဖက်မှာလည်း တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ပြည်သူလူထုနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။
ဒေသခံရဲ့ အသိပေးချက်အရ ဇွန်လ ၁၆ရက် ညက မင်းတပ်မြို့ပေါ် တနေရာကို ၂ကြိမ်၊ ဇွန် ၁၆ရက်မနက်က မင်းတပ်မြို့နယ် အရှေ့ခြမ်း တနေရာကို ၄ကြိမ်၊ ဇွန်လ ၁၅ရက်က မင်းတပ်မြို့ အရှေ့ခြမ်း တနေရာကို ၄ကြိမ်၊ မနက်ပိုင်းမှာ ၃ကြိမ်၊ ဇွန်လ ၁၄ရက်က ၅ကြိမ်၊ ဇွန်လ ၁၃ရက်က ၅ကြိမ်၊ ဇွန်လ ၁၂ရက်မှာ ၃ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့်ဇွန်လ ၁၂ရက်ကနေ ဒီကနေ့မနက်အထိ စစ်တပ်က မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၄၀ကျော် ပြုလုပ်ခဲ့ပြီး ကြဲချတိုက်ခိုက်ရာမှာလည်း ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေကိုပါအ သုံးပြုခဲ့တာ တွေ့ရပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာကို ချင်းတောင်ပိုင်းဒေသတခုလုံးထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)နဲ့ မဟာမိတ်တွေက ခုခံနေတာဖြစ်ပါတယ်။
“စစ်ကော်မရှင်တပ်တွေကတော့ နယ်မြေတွေ ပြန်သိမ်းတယ် နယ်မြေတွေ ပြန်ချဲ့ဖို့ လုပ်တဲ့နေရာမှာ အရင်ကထက်ပိုပြီးမှ ကြမ်းတမ်းလာတယ်။ အရင်ကထက် ပို မိုက်ရူးရဲဆန်လာတယ်။ အရင်ကထက် ပိုပြီးမှ သွေးရူးသွေးတန်းဆန်လာတာမျိုးတွေ့ရပါတယ်။ သူတို့ လေကြောင်း တိုက်ခိုက်တဲ့အခါမှာဖြစ်စေ မြေပြင်စစ်ကြောင်းထိုးတဲ့ အခါမှာ ဖြစ်စေပေါ့နော် အကုန်လုံးကို မဲမဲမြင်ရာ သတ်တာ ဖြတ်တာ မီးရှို့တာတွေပေါ့နော်။ ပြီးတော့မှ သူတို့ရဲ့ ပြည်သူ့စစ်ကိုသော်လည်းကောင်း တခြား စစ်ကော်မရှင်တပ်တွေမှာ တချို့ အခြေအနေတွေမှာ မူးယစ်ဆေးဝါးတွေ သုံးပြီးမှ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေ အဲဒါမျိုးတွေ သုံးပြီးမှ အလွန်အကျွံထိုးတက်တဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။” လို့ CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ဇွန် ပထမပတ်မှာ ပြောပြထားပါတယ်။
CPU/CPA အနေနဲ့ စစ်ရေးသတင်းလုံခြုံရေးအရ တိုက်ပွဲအခြေအနေတွေ အသိပေးထုတ်ပြန်တာကို လိုအပ်မှလုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။
ဒါပေမဲ့ စစ်တပ်အနေနဲ့ လေယာဉ်သုံးရင် သူတို့ အကြပ်အတည်းကြုံနေရတာ မှန်းဆနိုင်ကြောင်းလည်း ဆလိုင်းယောမာန်က ပြောပါတယ်။
“ချင်းပြည်တောင်ပိုင်းထိုးစစ်မှာတော့ ကျနော်တို့အတွက် အခွင့်အရေးအများဆုံး တပ်လန်သွားအောင် လုပ်ဖို့ အခွင့်အရေးအများဆုံးနေရာ ဒီနေရာပဲဖြစ်တယ်။ အဲဒါကို ကျနော်တို့ ၀ိုင်းဝန်းအားစိုက်ကြမယ်ဆိုရင် တကယ်တပ်လန်သွားအောင်လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေအများဆုံး ဒီနေရာပဲရှိတယ် ဆိုတာပေါ့။ ဒါကို အားလုံးအားစိုက်ကြဖို့လိုမယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။


















































