ဇွန်-၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ် ကို KIA တပ်မဟာ(၁၁) နဲ့ ရွှေကူ KPDF ဒရုန်းတပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားတာပါ။ ဒီလိုဖော်ပြချက်နဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဖော်ပြလာတဲ့ ဒရုန်းတိုက်ခိုက်မှု ရုပ်သံမှာ လမ်းမဘေး ဝဲယာသစ်ပစ်တွေအောက်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု၊ ကတုတ်ကျင်းတွေမှာ အနီး နေရာတွေက စစ်ကောင်စီတပ်ဖွဲ့၊ နေအိမ်အချို့ရဲ့ အောက်နဲ့ အနီးဝန်းကျင်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်ရဲ့ဂျန်ဘာ ထားရှိရာ နေရာတွေကို တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိတာတွေလည်းတွေ့ရပါတယ်။

Public Service Announcement
အရင်ကလည်း ရွှေကူမြို့တိုက်ပွဲမှာ KIA တပ်မဟာ(၁၁)နဲ့ ရွှေကူ KPDF ဒရုန်း တပ်ဖွဲ့တို့က စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ အထိနာအောင် တိုက်ခိုက်ခဲ့တဲ့ ရုပ်သံတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
မေလနောက်ဆုံးပတ်က ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းမှာ မဘိမ်းမြို့နယ် ငါးအိုးဒေသနဲ့ ရွှေကူမြို့နယ်အကြားမှာ စစ်တပ် တပ်စွဲရာနေရာတွေ၊ ဒရုန်းထားရှိရာ နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒရုန်းနည်းပညာကို ကောင်းစွာအသုံးချ တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ငါးအိုးရွာနဲ့ ရွှေကူမြို့ကြား တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းကြောင့် စစ်တပ် အထိနာတဲ့ ဖြစ်စဉ်အပေါ် မှတ်ချက်ပြုခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကချင်ဒေသ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ရွှေကူမြို့အပါအဝင် ဒေသတွင်း စစ်အင်အားဖြည့်တင်းမှုတွေ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေ ပြုလုပ်လာတဲ့အပေါ် KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေလို့ မေလဆန်းကစပြီး ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ နေတိုင်းနီးပါး ဖြစ်ပွားလျက်ရှိပါတယ်။
ရုပ်သံ – မြောက်ပိုင်း ကျား


















































