Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းပေးကြတဲ့ ပြည်သူတွေ၊ နိုင်ငံတကာနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ကို ကျေးဇူးတင်ကြောင်း NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇွန်-၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အခုနှစ် မတ်လမှာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုံ့ဆော်မှုအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းခဲ့တာပါ။

အဲဒီလို ဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ရည်ရွယ်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့မတိုင်မီအချိန်ထိ ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခြင်းများ၊ ဖမ်းဆီးခံထားရသည့် ရက်ပေါင်း မည်မျှ ရှိကြောင်း ဖော်ပြခြင်းများနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်သားဖွယ်ပြောစကားတွေကို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ နေ့စဉ်ဖော်ထုတ် တောင်းဆိုခြင်းတွေ ပြုလုပ်ဖို့ လှုံ့ဆော်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို လှုံ့ဆော်ခဲ့ရာ ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်မြောက်မွေးနေ့မှာ မွေးနေ့ရှင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တဦးချင်းတယောက်ချင်းသာမက အဖွဲ့အစည်းအလိုက်၊ အုပ်စုလိုက်၊ အင်အားစုအလိုက် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ခဲ့ကြတာကို ဝမ်းမြောက်အားတက်စွာ တွေ့ရပြီး ဒီလို ပါဝင်မှုအပေါ် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးကို ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။

ဒီလို ပါဝင်ကြတာဟာ အောင်ဆန်းစုကြည်အပေါ် လေးစားချစ်ခင်ကြတဲ့အတွက်ကြောင့် လည်းကောင်း၊ မတရားဖိနှိပ်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အသိစိတ်ကြောင့်လည်းကောင်း၊ မြန်မာ့ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ရေးအတွက်ကြောင့်လည်းကောင်း စသည့်ရည်ရွယ်ချက်၊ ခံယူချက်တွေကြောင့် ဖြစ်မယ်လို့ CRPP-NLD ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဥရောပသမဂ္ဂနှင့်အဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ယူနိုက်တက် ကင်းဒမ်း၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ ချက်သမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နော်ဝေ၊ အရှေ့တီမောနဲ့ ဖိလစ်ပိုင်တို့အပြင် ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၊ နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့(Human Rights Watch)၊ နိုင်ငံတကာအကြီးအကဲဟောင်းများအဖွဲ့(The Elders)၊ လူ့အခွင့် အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်မှ လွှတ်တော်အမတ်များ စတဲ့ လွှတ်တော်များ၊ သံရုံးများ၊ အဖွဲ့အစည်းများကလည်း မွေးနေ့ဆုတောင်းသဝဏ်လွှာများ ထုတ်ပြန်တာနဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ လူသားချင်းစာနာထောက်ထားရေး စတဲ့ အချက်တို့ကိုပါ ထည့်သွင်း ထုတ်ပြန်လာတဲ့အပေါ် ကျေးဇူးတင် ဂုဏ်ပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက်မွေးနေ့အခမ်းအနားသို့ ကာလရှည်ကြာမိတ်ဆွေ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အရာအားလုံး ကောင်းမွန်ပါစေကြောင်း မွေးနေ့ဆုတောင်းပေးပို့တဲ့ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဌာနနဲ့ နှုတ်အားဖြင့် ဆုတောင်းမေတ္တာပေးပို့ကြပါသော နိုင်ငံတကာသံတမန်များကိုလည်း အထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်တဲ့အထိ ဆက်ကြိုးပမ်း လှုံ့ဆော်သွားမှာဖြစ်လို့ ဆက်လက်ပူးပေါင်း ပါဝင်ကြဖို့ လည်း CRPP-NLDက မေတ္တာရပ်ခံတိုက်တွန်းပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အဘက်ဘက်ကနေ တာဝန်ယူကြိုးပမ်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့် မွေးနေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တာဝန်တွေထဲမှာ ပြည်သူ့အာဏာပြည်သူ့ထံ ပြန်လည်အပ်နှံရေးကိစ္စပါဝင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုတစ်ရပ်လုံး လိုလားမျှော်လင့်တဲ့ ပြည်သူ့ခေါင်းဆောင်ဟာ ပြည်သူနဲ့ ပြန်လည်ဆုံဆည်းခွင့်ရရေးကို ကျွန်တော်တို့အားလုံး အလေးအနက်ထားကြိုးစားနေပါတယ်။” လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်တွင်း၊ ပြည်ပ မြန်မာပြည်သူလူထုတွေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ အဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်၊ အစိုးရတွေက မွေးနေ့ ဆုတောင်းတာ မွေးနေ့ပွဲ ကျင်းပတာတွေ ပြုလုပ်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။