ဇွန်-၂၈ ၊၂၀၂၆။People’s Speing
ဒီနေ့ မနက်ယှဥ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုသုံးခုရဲ့ နောက်ဆုံးပွဲစဥ်တွေမှာ ခရိုအေးရှားက ဂါနာကိုအနိုင်ကန်ပြီး အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့် တက်ခဲ့သလို ၊ဒီအာကွန်ဂိုကလည်း ကာဂျစ်ကစ္စတန်ကို အနိုင်ကန်ပြီးရှုံးထွက်အဆင့်ကိုတက်ရောက်ခဲ့ပါတယ် ။
ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ အာဂျင်တီးနားက ဂျော်ဒန်ကို အဓိက ကစားသမားတွေအနားပေးပြီး ပွဲထွက်ကစားသမား ၉ ဦးအထိအပြောင်းအလဲလုပ်ခဲ့ပေမယ့် ၃ ဂိုး-၁ ဂိုး ရလဒ်နဲ့သက်သောင့်သက်သာအနိုင်ရပြီး အုပ်စု ၃ ပွဲစလုံးစံချိန် တင်နိုင်ခဲ့ပါတယ် ။မက်ဆီက ပွဲချိန် ၆၀ မိနစ်မှာလူစားဝင်ကစားပြီး ပြစ်ဒဏ်ဘော(ဖရီးကစ်)ကနေ တိုက်ရိုက်ကန်
သွင်းပြီး ၁ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ၃ ပွဲကစား သွင်းဂိုး ၆ ဂိုးနဲ့ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ် ။ဒါအပြင်မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလား မှာကတည်းကနေ အခုထိ ၇ ပွဲဆက်ဂိုးသွင်းတဲ့ စံချိန်တင်နိုင်ခဲ့သလို ၊ကမ္ဘာ့ဖလားသွင်းဂိုးစုစုပေါင်း ၁၉ ဂိုးနဲ့ အများဆုံးစံချိန်တင်ထားပါတယ်။

Public Service Announcement



ကမ္ဘာ့ဖလားအုပ်စုပွဲစဥ်တွေအပြီးမှာ မက်ဘီ၊ဟာလန် ၊ဗီနီရှီးယက်စ်ဂျူနီယာ တို့က ၄ ဂိုးစီနဲ့ ဒုတိယနေရာမှာရပ်တည်နေတာပါ။
သြစတြီးယား နဲ့ အယ်ဂျီးရီးယားတို့ပွဲစဥ်မှာ အကြိတ်အနယ်ကစားပြီး ၃ ဂိုး စီသရေ ရမှတ် ၄ မှတ်စီနဲ့ နှစ်သင်းစလုံးရှုံးထွက်တက်ခဲ့ပါတယ် ။
နာမည်ကြီး အဂ်လန်ကလည်း ပနားမားကို ဘယ်လင်ဂန် နဲ့ ဟယ်ရီကိန်းတို့ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အနိုင်ရပြီး ရမှတ် ၇ မှတ်နဲ့ အုပ်စုဗိုလ် နဲ့ ရှုံးထွက်အဆင့်တက်ခဲ့ပါတယ်။ အဂ်လန်အတွက် ဘယ်လင်ဂန်က သွင်းဂိုးတစ်ဂိုး ၊ ဂိုးဖန်တီးမှု ၁ ကြိမ် နဲ့ခြေစွမ်းပြပြီး အကောင်းဆုံးကစားသမားဆုရခဲ့ပါတယ်။ ကိန်းအတွက်လည်းဒီသွင်းဂိုးကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသွင်းဂိုးစုစုပေါင်း ၁၁ ဂိုးရပြီး အဂ်လန်ကစားသမားတွေထဲမှာ ဂိုးသွင်းအများဆုံးစံချိန်ရှင် လိုင်နီကာရဲ့ ၁၀ ဂိုးကိုကျော်ဖြတ်ပြီး ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာပါတယ် ။
ခရိုအေးရှားက ဂါနာကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရတာကြောင့် ရမှတ် ၅ မှတ်နဲ့ အုပ်စု ဒုတိယနဲ့ရှုံးထွက်ကိုတက်ခဲ့ပါတယ်။ ဂါနာက ရှုံးပေမယ့် ရမှတ် ၄ မှတ်ရတာကြောင့် အုပ်စုတတိယအကောင်းဆုံး ၈ သင်းစာရင်းဝင်ပြီးတက်ခဲ့တာပါ ။
ရော်နယ်ဒိုရဲ့ ပေါ်တူဂီ နဲ့ ကိုလံဘီယာပွဲက ဂိုးမရှိသရေကျပေမယ့် ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ် ။ကိုလံဘီယာက အခွင့်အရေးတွေပိုရခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၂၄ ကြိမ်မှာ ၇ ကြိမ်ပဲဂိုးတည့်ပြီး အဆုံးသတ်မကောင်းလို့ သရေကျခဲ့တာပါ ။ပေါ်တူဂီကလည်း ဂိုးကန်သွင်းခွင့် ၁၃ ကြိမ်ရှိခဲ့ပြီး ၂ ကြိမ်ပဲဂိုးပေါက်တည့်ပါတယ် ။ကိုလံဘီယာက ဘောလုံးပိုင်ဆိုင်မှုမှာလည်း အသာရခဲ့သလို ၊ထောင့်ကန်ဘောကန်ခွင့်လည်း ပိုရခဲ့ပြီး ပွဲအချိန်အများစုမှာ ပေါ်တူဂီကို အသာစီးက ကစားသွားခဲ့တာဖြစ်ပါတယ် ။ ပွဲချိန် ၉၁ မိနစ်မှာ ကိုလံဘီယာက ဆန်ချက် ဂိုးသွင်းပေမယ့် ဒိုင်လူကြီးကလူကျွံတယ်လို့ အငြင်းပွားဖွယ်သတ်မှတ်ပြီး ဂိုးကိုပယ်ဖျက်ခဲ့ပါတယ်။ဒီရလဒ်ကြောင့် ကိုလံဘီယာက ၇ မှတ်နဲ့ အုပ်စု ဗိုလ် ၊ပေါ်တူဂီက ၅ မှတ်နဲ့ အုပ်စု ဒုတိယရခဲ့ပါတယ် ။
၃၂ သင်းရှုံးထွက်အဆင့်မှာပေါ်တူဂီက ခရိုအေးရှား ၊ ကိုလံဘီယာ နဲ့ ဂါနာ ၊အာဂျင်တီးနား နဲ့ ကိပ်ဗာဒီ ၊အဂ်လန် နဲ့ ဒီအာကွန်ဂို ၊စပိန် နဲ့ သြစတြီးယား ၊ဆွစ်ဇာလန် နဲ့ အယ်လ်ဂျီးရီးယားတို့ ယှဥ်ပြိုင်ရမှာပါ ။
(ဓါတ်ပုံ-Getty ၊FIFA )


















































