ဇူလိုင်-၅ ၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ပင်လယ်ပြင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကုန်တင်စက်လှေပိုင်ရှင်အပါအဝင် ခရီးသည် ၁၃ ဦး ကို အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး အာဏာသိမ်းစစ်တပ်က မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မအပါအဝင် တရားမဝင်ကုန်ပစ္စည်းသယ်ယူမှုပုဒ်မတို့နဲ့ တရားစွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့ကနေဓါတ်ဆီ၊ ဒီဇယ်၊ အင်ဂျင်ဝိုင် စက်ပစ္စည်းတွေနဲ့ စားကုန်တွေ သွားဝယ်ပြီး ပြန်လာတဲ့ ရမ်းဗြဲ မြို့ကကုန်တင်စက်လှေပိုင်ရှင် ဦးရွှေခဲ နဲ့ စက်လှေမှာပါလာတဲ့ အလုပ်သမားတွေ၊ ခရီးသည်တွေကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ စစ်တပ်ကဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးပြီးနောက်အမှုမဖွင့်၊ ရမန်မယူဘဲတစ်လနီးပါးကြာစစ်ဆေးပြီး အခုရက်ပိုင်းအတွင်း တရားရုံးတင်အမှုဖွင့် လိုက်တာလို့ ကျောက်ဖြူဒေသခံတွေနဲ့ မိသားစုဝင်တွေက ပြော ပါတယ်။

Public Service Announcement
“သူတို့ကို တပ်ထဲမှာရော၊ ရဲစခန်းမှာရော အမှုမဖွင့်သေးဘဲအကြာကြီးထားလိုက်သေးတယ်။အခုရက်ပိုင်းကျမှတရားစွဲတာ။တရားစွဲတာကလည်း AA နဲ့ ဆက်စပ်လို့တဲ့၊ကိုယ့်ဟာကိုယ်နဲ့ စီးပွားရေးလုပ်နေတဲ့သူတွေပါသူတို့က။ ယုတ်မာချက်က ကမ်းကုန်တယ်။ အမှုမရှိ၊ အမှုရှာနေတာ” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ ရမ်းဗြဲမြို့ခံတဦးက ပြောပါတယ်။
စစ်တပ်အရာရှိတဦးက တရားလိုလုပ်အမှုဖွင့်ထားတာဖြစ်ပြီး အခုအခါကျောက်ဖြူထောင်ထဲထောင်အချုပ်နဲ့ နေကြရတယ်လို့ ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။
“ကျောက်ဖြူထောင်မှာ ဒီလိုမတရားအဖမ်းခံရတဲ့သူတွေအများ ကြီးရှိတယ်။ တနေ့လုပ်မှတနေ့စားရတဲ့ ငါးဖမ်းသမားတွေကိုလည်း မတရားအသင်းတို့၊ အကြမ်းဖက်ပုဒ်မတို့နဲ့ တ ရားစွဲလို့ရှိတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
အခုတရားစွဲခံရသူတွေဟာရမ်းဗြဲမြို့ခံတွေဖြစ်တဲ့ ဦးရွှေခဲ၊ ဦးစိန်ဝင်းမောင်၊ ဦးကိုကိုအောင်၊ ကိုနေမျိုးသိန်း၊ ကိုဇော်မင်းအောင်၊ ဦးခင်ဇော်ဦး၊ ဦ.သန်းဝင်းလွင်၊ ဒေါ်ချောစုမေ၊ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်တင်မေသန်း၊ ဒေါ်ဝင်းဝင်းရွှေ၊ ဒေါ်ကြည်ကြည်ခင်နဲ့ ဒေါ်မိမိတို့ဖြစ်ကြပါတယ်။
သူတို့ဟာကျောက်တော်မြို့က စက်လှေနဲ့ပြန်အလာ ရမ်းဗြဲမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်အစပ် ရမ်းဗြဲမြို့နယ် မင်း ကြောင်းချောင်းကျေးရွာအနီးမှာ ဖမ်းဆီးခံခဲ့ကြရတာပါ။
ရခိုင်ပြည်နယ်အတွင်း ၂၀၂၆ ခု ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လတာကာလအတွင်း စစ်တပ် ရဲ့ဖမ်းဆီးခြင်းခံရသူ ၆၅ ဦးအထိရှိခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံ(HDCO)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကျောက်ဖြူအပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေမြို့အနီးပတ်လည်ပင်လယ်ပြင်မှာ ငါးဖမ်းနေကြတဲ့ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံငါးဖမ်းသမားတွေကိုလည်းစစ်တပ်က ဖမ်းဆီးတရားစွဲတာတွေ မကြာခဏလုပ်နေပါ တယ်။
အာဏာသိမ်းစစ်တပ်ဟာ အရင်က ဓည၀တီ၊ တောင်မော်ဦးရေတပ်စခန်းတို့အနီးပတ်လည်ပင်လယ်ပြင်မှာပဲ စစ်သင်္ဘောတွေ ချထားခဲ့ပေမယ့် အခုအခါ ရမ်းဗြဲမြို့နယ်အပိုင် ပင်လယ်ပြင်ထိပါ တိုးချ၊ နေရာယူထားပြီး အရပ်သားစက်လှေတွေကို ပစ်ခတ်၊ ဖမ်းဆီးတာ၊ လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ လုပ် လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်မှ ထွက်ခွာလာတဲ့ စက်လှေတစီးကို တောင်မော်ဦးရေတပ်စခန်းနဲ့ အလှမ်းဝေးတဲ့ မင်းကြောင်းချောင်းအလွန်မှာ အာဏာသိမ်းစစ်တပ်က Speed Boat နဲ့ လိုက်လံပစ်ခတ်တဲ့အတွက် စက်လှေမှာပါလာတဲ့ အမျိုးသားနှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီစက်လှေနဲ့ စက်လှေမှာ ပါတဲ့သူတွေကတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို မခံခဲ့ရဘဲ လွတ်မြောက်သွားခဲ့ပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်တိုက်ပွဲတွေမှာအထိနာနေတဲ့စစ်တပ်ဟာ ပင်လယ်ပြင်အတွင်း သွားလာနေသူတွေကို ဖမ်းဆီးတာတွေပိုလုပ်နေပါတယ်။ဒါ့အပြင် အရပ်သားလူနေကျေးရွာတွေကို ဒရုန်းနဲ့ ပစ်ခတ်ဖျက်ဆီးတာ၊ ရေကြောင်းကနေ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်တာတွေလည်း ဆက်တိုက်လုပ်နေပါတယ်။
ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ တောင်မော်ဦးရေတပ်စခန်းအပြင် ကျောက်ဖြူမြို့နယ်အတွင်းကစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပါတယ် ။ဒါ့အပြင်မြို့နီးပတ်လည်က တပ်ရင်း တွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

















































