Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေး ဘန်ကောက်မှာ ကျင်းပမယ်

ထိုင်း ကမကထပြုတဲ့အစည်းအဝေးမှာ စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ဖို့ရှိ

(အာဏာသိမ်းစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ)

ဇူလိုင်-၁၂၊ ၂၀၂၆။ People’s Spring

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့်တနင်္ဂနွေနေ့ ဇူလိုင် ၁၂ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ့အရေးအထူးအစည်းအဝေးတရပ်ကျင်းပသွားမှာဖြစ်ပြီး အဲဒီအစည်းအဝေးကို အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေလည်း တက်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ထိုင်းသတင်းဌာန Thai PBS ရဲ့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ဘန်ကောက်မှာကျင်းပမယ့် အဲဒီအစည်းအဝေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးအားလုံး တက်ရောက်ဖို့ အတည်ပြုထားပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး အခြေအနေတွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိပ်တန်းနိုင်ငံရေးကိုယ်စားလှယ်တွေကို အာဆီယံက တက်ရောက်ခွင့် ပိတ်ပင်ပြီးကတည်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုလည်း ဖြစ်လာမှာပါ။

Public Service Announcement

Public Service Announcement

ဇူလိုင် ၉ရက် မနေ့က မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့မှာ ပြုလုပ်ခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအထူးအစည်းအဝေးဖြစ်မြောက်ဖို့ ဆောင်ရွက်ပေးတဲ့ ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍကို မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က ချီးကျူးခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်အနုတင်က မလေးရှားကို နှစ်ရက်ကြာခရီးစဥ် ရောက်ရှိနေတာပါ။

အခု လူချင်းတွေ့ဆုံကြမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အဆိုပြုကြိုးပမ်းခဲ့တာဖြစ်ပြီး စစ်တပ်ရွေးကောက်ပွဲတွေအပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ထိတွေ့ဆက်ဆံဖို့ တောင်းဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီအစောပိုင်းတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး ဧပြီမှာ လွှတ်တော်ခေါ်ယူကာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပဲ သမ္မတရာထူးယူ၊ အရပ်သားအမည်ခံအစိုးရဖွဲ့ခဲ့ပါတယ်။ အဲဒီစစ်ရွေးကောက်ပွဲရလဒ်တွေကို ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ မြောက်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေက အသိအမှတ်ပြုခဲ့ကြပြီး အာဆီယံအနေနဲ့ အခုအချိန်အထိ အသိအမှတ်မပြုသေးပါဘူး။

Thai PBS ရဲ့ သတင်းရင်းမြစ်က လက်ရှိမှာ အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံကပဲ အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်ရေးအဖွဲ့ကို အသိအမှတ်ပြုဖို့ ကန့်ကွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ရပ်ကို တိုးတက်မှု မလုပ်နိုင်ဘဲ အာဆီယံအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုအဖြစ် ဘယ်လိုသတ်မှတ်ရမလဲဆိုတာ အဲဒီအဖွဲ့ဝင်နှစ်နိုင်ငံက ထောက်ပြနေတယ်လို့ ဆိုပါတယ်။

အာဆီယံတစုံလုံးအနေနဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ပြန်လည်ထိတွေ့၊​မတွေ့က လာမယ့်တနင်္ဂနွေနေ့ အစည်းအဝေးအပေါ် အများကြီး မူတည်နေတယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးကို လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇိုရိုက သဘာပတိအဖြစ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခု ဘန်ကောက်အထူးအစည်းအဝေးအပြီးမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပါအဝင် မြန်မာ့တော်လှန်ရေးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးအကြံပြုမှုတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ကိုးကား – Thai PBS

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အဝလွန်သူတွေကို ကြည့်မရလို့ဆိုပြီး ဓားကိုင် တိုက်ခိုက်ခဲ့သူ အမျိုးသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော