– ဥဂ္ဂါ ရေးသားသည်။
AI ကြောင့် အလုပ်အကိုင်တွေ အစားထိုးခံရမယ်ဆိုတဲ့ ခန့်မှန်းချက်ကို ကျွန်တော်တို့ ကြားလာတာ နှစ်အတော် ကြာခဲ့ပါပြီ။ ဒါပေမဲ့ လူအများစု အာရုံစိုက် နေကြတာက “ဘယ်သူ အလုပ်ပြုတ်မလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပြီး၊ “အဲဒီနောက် ငွေကြေးစနစ်တစ်ခုလုံး ဘာဖြစ်သွားမလဲ” ဆိုတာကိုတော့ လူနည်းစုသာ စဉ်းစားကြပါတယ်။
ရှယ်ယာဈေးကျမယ်လို့ လောင်းကြေးထပ်ပြီး အမြတ်ရှာတဲ့ နာမည်ကျော် ရင်းနှီးမြှုပ်နှံသူ ကာဆန်ဘလော့ခ် (Carson Block) ကတော့ အဲဒီဒုတိယ မေးခွန်းကို မေးလိုက်ပါတယ်။ သူ့အမြင်အရ AI ဟာ အလုပ်အကိုင် တွေကို ပြောင်းလဲရုံတင် မကဘဲ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကြီး ကိုပါ ပြန်လည် လှုပ်ခတ်နိုင်တဲ့ အင်အားတစ်ခု ဖြစ်လာ နိုင်တယ်လို့ ဆိုတာပါဘဲ။
အကယ်၍ သင်ဟာ ၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကြီးတုန်းက အခြေအနေတွေ ဆိုးရွား ခဲ့တယ်လို့ ထင်နေ ပါသလား။ ဒါဆိုရင် အနာဂတ်မှာ ရင်ဆိုင်ရနိုင်တဲ့ AI ပြဿနာက အဲဒီထက် ပိုမို ရှုပ်ထွေးနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ လာမယ့် ဈေးကွက်ပျက်ကပ် တစ်ခုကို ပြန်လည် ထိန်းညှိဖို့ထက် AI ကြောင့် ပြောင်းလဲသွားမယ့် လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ဖို့က ပိုခက်ခဲနိုင်လို့ပါ” လို့ ကာဆန်ဘလော့ခ်က သတိပေး ထားပါတယ်။

Public Service Announcement
သူ့ရဲ့အယူအဆက ရိုးရှင်းပါတယ်။ နောက်သုံးနှစ်၊ လေးနှစ်အတွင်း AI ဟာ လစာမြင့်တဲ့ ကျွမ်းကျင် ပညာရှင် ဝန်ထမ်းတွေရဲ့ အလုပ်အကိုင် အများအပြားကို အစားထိုးနိုင်ခဲ့မယ်ဆိုရင် လူတွေ ဝင်ငွေ လျော့လာမယ်။
ဒီလိုဖြစ်လာခဲ့ရင် ပြဿနာက အလုပ်အကိုင်ပျောက်ဆုံးမှုတစ်ခုတည်း မဟုတ်တော့ပါဘူး။ လူတွေရဲ့ ဝင်ငွေလျော့နည်း လာတာနဲ့အမျှ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲနိုင်တဲ့ အင်အားလည်း ကျဆင်းလာ နိုင်ပါတယ်။
တချိန်တည်းမှာပဲ လူတွေ အနာဂတ်အငြိမ်းစားဘဝအတွက် စုဆောင်းထားတဲ့ ရင်းနှီးမြှုပ်နှံမှု အကောင့်တွေထဲကို ပုံမှန်ဝင်နေတဲ့ ငွေကြေးစီးဝင်မှုလည်း လျော့နည်းသွားနိုင်ပါတယ်။ အကြောင်းကတော့ အလုပ်မရှိတဲ့အချိန်မှာ အဲဒီအကောင့်တွေထဲ ငွေဆက်ထည့်နိုင်တော့မှာ မဟုတ်သလို၊ နေ့စဉ်အသုံးစရိတ်တွေအတွက် အရင်က စုဆောင်းထားတဲ့ ငွေတွေကိုတောင် ပြန်ထုတ် သုံးလာရနိုင်လို့ ဖြစ်ပါတယ်။
ဒီနေရာမှာ ပြဿနာက စပါတယ်။
ဒီလို ငွေကြေးပြန်လည်စီးထွက်မှုရဲ့ သက်ရောက်မှု ကတော့ ကုမ္ပဏီပေါင်းများစွာမှာ ခွဲဝေ ရင်းနှီးမြှုပ်နှံ ထားတဲ့ ပုံသေရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများ (Passive Investment Funds) အပေါ် အထူးသဖြင့် သက်ရောက် နိုင်ပါတယ်။
ပုံသေရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေဟာ ရင်းနှီးမြှုပ်နှံသူတွေ ငွေပြန်ထုတ်လာတိုင်း အမေရိကန် ထိပ်သီးကုမ္ပဏီ ၅၀၀ အညွှန်းကိန်း (S&P 500) ထဲက ရှယ်ယာတွေကို အချိုးကျ ပြန်ရောင်းရ ပါတယ်။
ဒါပေမဲ့ အခုအမေရိကန် ထိပ်သီးကုမ္ပဏီ ၅၀၀ အညွှန်းကိန်း (S&P 500) ဟာ အရင်လို မျှတတဲ့ ရင်းနှီးမြှုပ်နှံမှု အစု မဟုတ်တော့ ပါဘူး။ နဗီးဒီးယား (Nvidia)၊ မိုက်ခရိုဆော့ဖ် (Microsoft)၊ အမေဇုန် (Amazon) စတဲ့ စျေးကွက်တန်ဖိုး အလွန်ကြီးမားတဲ့ ကုမ္ပဏီကြီးများ (Mega-cap companies) က အညွှန်းကိန်းကို လွှမ်းမိုးထားပါတယ်။ အဲဒီလို ဖြစ်တဲ့အတွက် ငွေစီးထွက်မှု ကြီးလာတဲ့အချိန်မှာ အဲဒီ ကုမ္ပဏီတွေက အကြီးဆုံးရိုက်ခတ်မှုကို ခံရနိုင်ပါတယ်။
အံ့ဩစရာကောင်းတဲ့ ဆန့်ကျင်ဘက် ဖြစ်ရပ်ကတော့ AI တော်လှန်ရေးကို ဦးဆောင်နေတဲ့ ကုမ္ပဏီတွေဟာ AI တော်လှန်ရေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် အဆိုးဆုံး ထိုးနှက်ခံရနိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်လာနိုင် တာပါပဲ။
မိုက်ကယ်ဂရင်း (Michael Green) ရဲ့ ပုံသေရင်းနှီးမြှုပ်နှံမှု (Passive Investing) ဆိုင်ရာ လေ့လာချက်တွေ ကလည်း ဒီအချက်ကို သတိပေးထား ပါတယ်။ ပုံသေ ရင်းနှီးမြှုပ်နှံမှု (Passive Investing) စနစ်မှာ ငွေဝင်ငွေထွက် အနည်းငယ်တောင် ရှယ်ယာဈေးနှုန်းတွေအပေါ် မမျှတတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပြီး စျေးကွက်တန်ဖိုး အလွန်ကြီးမားတဲ့ ကုမ္ပဏီကြီးများ (Mega-cap companies) မှာတော့ အကျိုး သက်ရောက်မှုက ပိုကြီးနိုင် ပါတယ်။
တကယ်တော့ ဒီအမြင်ဟာ သေချာပေါက် ဖြစ်မယ်လို့ ပြောထားတာ မဟုတ်ပါဘူး။ AI နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ တန်ပြန်အမြင်နှစ်ခုလည်း ရှိနေပါတယ်။ ပထမက ဂျဲဗွန်စ် သဘောတရား (Jevons Paradox) ဖြစ်ပြီး နည်းပညာအသစ် တွေက အလုပ်ဟောင်းတွေ ပျောက်စေပေမယ့် အလုပ်သစ် တွေကိုလည်း ဖန်တီးပေး တတ်တယ်ဆိုတဲ့ သမိုင်းကြောင်းပါ။
ဒုတိယကတော့ AI ကို လူ့အဖွဲ့အစည်းက မျှော်လင့်ထား သလောက် မြန်မြန် လက်ခံအသုံးပြု နိုင်ပါ့မလားဆိုတဲ့ လက်ခံ အသုံးပြုမှုနှုန်းမျဉ်းကွေး (Adoption Curve) အပေါ် သံသယ ဖြစ်ခြင်းပါ။ ဒါကြောင့် ကာဆန်ဘလော့ခ် (Carson Block) ရဲ့ ခန့်မှန်းချက်ဟာ ဖြစ်နိုင်ခြေ တစ်ခုသာ ဖြစ်ပြီး အနာဂတ်ကို သေချာကြိုတင် ပြောနိုင်တဲ့ အမှန်တရား မဟုတ်သေး ပါဘူး။
ဒါဆို အဲဒီဖြစ်နိုင်ခြေကသာ တကယ်ဖြစ်လာခဲ့ရင် လူသားတွေ ဘာလုပ်သင့်မလဲ ?
ပထမဆုံး ပြောင်းလဲရမှာက “အလုပ်တစ်ခုကို တစ်သက်လုံး လုပ်မယ်” ဆိုတဲ့ အတွေးပါ။ AI ခေတ်မှာ သက်တမ်း အရှည်ဆုံး ကျန်ရစ်မယ့် သူက ဘွဲ့အမြင့်ဆုံး ရှိတဲ့သူ မဟုတ်ဘဲ၊ သင်ယူနိုင်စွမ်း အမြန်ဆုံး ရှိတဲ့သူ ဖြစ်နိုင် ပါတယ်။ AI ကို ပြိုင်ဆိုင်မယ့် အစား AI နဲ့အတူ အလုပ်လုပ်နိုင်တဲ့ ကျွမ်းကျင်မှုကို တိုးမြှင့်ရမှာ ဖြစ်ပါတယ်။
ဒုတိယက ဝင်ငွေအရင်းအမြစ်ကို တစ်ခုတည်းအပေါ် မမှီခိုတော့ဘဲ ကွဲပြားအောင် တည်ဆောက်ဖို့ လိုပါတယ်။ AI က အလုပ်တစ်ခုကို ဖျက်နိုင်ပေမယ့် လူတစ်ယောက်ရဲ့ ဝင်ငွေလမ်းကြောင်း အားလုံးကို တစ်ပြိုင်နက် မဖျက်နိုင်ပါဘူး။
တတိယက ရင်းနှီးမြှုပ်နှံသူတွေ အတွက်လည်း ပုံသေ ရင်းနှီးမြှုပ်နှံမှု (Passive Investing) တစ်ခုတည်းကို မျက်စိမှိတ် ယုံကြည်တဲ့ခေတ်က ပြောင်းလဲ လာနိုင်ပါတယ်။ စျေးကွက် တစ်ခုလုံးကို လိုက်ဝယ်တဲ့ မဟာဗျူဟာထက် စီးပွားရေးပုံစံ၊ ငွေသား စီးဆင်းမှုနဲ့ AI ခေတ်မှာ တကယ်ရှင်သန် နိုင်မယ့် လုပ်ငန်း တွေကို ခွဲခြမ်း စိတ်ဖြာတဲ့ တက်ကြွရွေးချယ် ရင်းနှီးမြှုပ်နှံမှု (Active Investing) က ပြန်ပြီး အရေးပါ လာနိုင်ပါတယ်။
AI ကုမ္ပဏီကြီးတွေကရော ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်နိုင်မလဲ ?
အစုရှယ်ယာတွေကို သူတို့ကိုယ်တိုင် အစုရှယ်ယာ ပြန်လည်ဝယ်ယူခြင်း (Share Buyback) လုပ်တာ၊ ရှယ်ယာ အသစ်ထုတ်ရောင်းတာထက် ငွေသားအရံ တိုးထားတာ၊ AI ဝန်ဆောင်မှုတွေကို လုပ်ငန်း အမျိုးမျိုး ဆီ ချဲ့ထွင်ပြီး ဝင်ငွေရင်းမြစ် ပိုမို ကွဲပြားအောင် လုပ်တာ၊ ဒါမှမဟုတ် အလုပ်လက်မဲ့ ပြဿနာကို လျှော့ချနိုင်မယ့် လူသားနဲ့ AI ပူးပေါင်း လုပ်ငန်းပုံစံတွေကို ဖန်တီးတာမျိုးတွေ လုပ်နိုင် ပါတယ်။
တစ်ဖက်မှာလည်း အစိုးရတွေနဲ့ ပူးပေါင်းပြီး ပြန်လည် လေ့ကျင့်ရေး အစီအစဉ်၊ အလုပ်အကိုင် အသစ် ဖန်တီးရေးနဲ့ လူမှုဖူလုံရေး မူဝါဒတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိအားပေးခံရ နိုင်ပါတယ်။ အကြောင်းကတော့ AI ကုမ္ပဏီတွေ အောင်မြင်ဖို့ အတွက် AI ကိုဝယ်သုံးနိုင်တဲ့ ဖောက်သည်တွေ ဆက်လက်ရှိနေဖို့ လိုအပ် လို့ပါ။
နောက်ဆုံးတော့ AI ခေတ်ရဲ့ အကြီးမားဆုံး မေးခွန်းက “AI က လူ့အလုပ်ကို အစားထိုးနိုင်မလား” မဟုတ်တော့ ပါဘူး။ “AI ကြောင့် လူတွေ ဝင်ငွေ မရှိတော့ရင် AI ကို ဘယ်သူက ဝယ်သုံးမှာလဲ” ဆိုတဲ့ မေးခွန်းပါ။ နည်းပညာတစ်ခုရဲ့ အောင်မြင်မှုဟာ ၎င်းရဲ့ ဉာဏ်ရည် ပမာဏပေါ်မှာသာ မမူတည်ဘဲ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးကို အတူတကွ ရှင်သန်နိုင်အောင် ဘယ်လောက်ထိ ထိန်းသိမ်း နိုင်သလဲဆိုတဲ့ အချက်ပေါ်မှာလည်း မူတည် နေပါတယ်။
ကိုးကား – The Economist


















































