ဇေအောင်/People’s Spring
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မိတ္ထီလာမြို့ကို ဖြတ်သန်းသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ မိတ္ထီလာရဲ့ပြောင်းလဲသွားတဲ့မြင်ကွင်းကို တအံ့တသြဖြစ်သွားခဲ့တယ်။ ရှမ်းကုန်းမြေမြင့်နဲ့ မြေပြန့်ဆက်သွယ်ရာဆုံမြို့ဖြစ်ပြီး တက္ကသိုလ်တွေ အမျိုးစုံစွာဖွင့်လှစ်ထားတာကြောင့် အာဏာသိမ်းကာလထဲမှာပဲ တခြားဒေသတွေနဲ့မတူ အမြဲစည်ကားနေခဲ့တဲ့ မြို့တော်ထီလာဟာ အခုတော့ သူမဟုတ်သယောင် လမ်းပေါ်မှာ လူသွားလူလာမရှိ တိတ်ဆိတ်ခြောက်ကပ်သွားလို့ပါ။
“ကိုဗစ်တုန်းကလိုပုံစံကြီး။ အိမ်ရောက်မှသိတာ ထီလာမှာ ပေါ်တာတွေဆွဲနေလို့တဲ့”လို့ သူက ပြောပြတယ်။
ဟုတ်ပါတယ်။ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပို့တပ်ဖွဲ့များအပါအဝင်စစ်ကောင်စီတပ်တွေ အများအပြား အခြေစိုက်ရာ “တပ်မြို့တော်” မိတ္ထီလာဟာ အာဏာသိမ်းကာလတစ်လျှောက် အခြားဒေသတွေလောက် ပေါ်တာဆွဲမှု မဆိုးရွားခဲ့ပေမဲ့ ယခု ဇွန်လ တတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်က မြို့ပေါ်ရော ကျေးရွာများပါမချန် အင်အားအလုံးအရင်းနဲ့ ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့တာပါ။

Public Service Announcement
လာမယ့် ဇူလိုင်လမှာ စစ်မှုထမ်း အပတ်စဉ် (၂၆) ကိုစတင်ဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုဟာယခုအခါ တပ်မြို့တော်ကိုပါ မြေလှန်ပြီး အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်အင်အားလိုအပ်ချက်အရ ယခင်က မျက်ကွယ်ပြုခဲ့တဲ့ တပ်မြို့တော်ကိုပါမချန် ပေါ်တာဆွဲလာတာ ဖြစ်ပါတယ်။
-အိမ်ပေါ်ထိတက်ဖမ်းပြီး ဆိုင်ထဲအထိ ဝင်ဆွဲနေ
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတွေဟာ မိတ္ထီလာမြို့မှာ နေ့စဉ်ရက်ဆက်မှာ နေရာအနှံ့ ဖြစ်ပွားနေကြောင်းမြို့ခံတွေကပြောပါတယ်။ ဇွန်လ ၂၄ ရက်ကနေစပြီး မြို့လယ် နာရီစင်၊ အမြန်လမ်းဆုံ၊ ဂွေ့ကြီးဆည်မြောင်းတံတားအနောက်ဘက်၊ နာဝရတ်ဆီဆိုင်တဝိုက်၊ သာစည်မြို့ရှောင်လမ်း၊ မိတ္ထီလာကန်တောင်ဘက်နဲ့ တံတားပေါ်တွေမှာ နေ့စဥ်ရက်ဆက် စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းမတွေပေါ်မှာသာမက လူနေအိမ်တွေနဲ့ဆိုင်တွေထဲအထိပါ ဝင်ရောက်ဖမ်းဆီးနေတာပါ။
“နေ့ဘက်ဆို ဈေးထဲမှာ လူမရှိတော့ဘူး။ ဆိုင်တွေထဲအထိ ဝင်ဆွဲနေတာ။ မနက် ၁၀ နာရီလောက်ကတည်းက စဆွဲတာ ညနေအထိပဲ။ လမ်းထိပ် ကွမ်းယာတောင် ထွက်မဝယ်ရဲဘူး” ဟု မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။
မြို့ပေါ်တွေတင်မကဘဲ မိတ္ထီလာမြို့အနောက်ဘက် ဇရပ်ကုန်းရွာ အပါအဝင် ကျေးရွာတွေထဲအထိ ကားတွေနဲ့ ပတ်ကာ ဖမ်းဆီးနေတာကြောင့် နေ့ညမရွေး ထိတ်လန့်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
မိတ္ထီလာမြို့ကို ဖြတ်သန်းရမယ့်ယာဥ်တွေပေါ်မှာ အမျိုးသားတွေပါလာရင် ပေါ်တာဆွဲတဲ့သတင်းကြားတာနဲ့ ယာဥ်ကို ရောက်တဲ့နေရာမှာ ရပ်တန့်ထားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
■အသက်ကန့်သတ်ချက်မရှိ ဖမ်းဆီးမှုနဲ့ သိန်းရာချီ တောင်းတဲ့ ပြန်ပေးဆွဲမှု
စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေအရအသက် ၃၅ နှစ်အထိသာ သတ်မှတ်ထားပေမဲ့လက်တွေ့မှာ အသက် ၅၀ နီးပါး အရွယ်ရှိသူတွေပါ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“အသက် ၄၉ နှစ်အရွယ် ဦးလေးကြီးတစ်ယောက် ပါသွားတယ်။ ရွာထဲအထိ ဝင်ဆွဲသွားတာ” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပေါ်တာဆွဲခံရသူတွေကို ပြန်လည်ရွေးယူရာမှာ ငွေကြေးအမြောက်အမြား ပေးနေရပြီးလတ်တလော မိတ္ထီလာမှာ ပေါ်တာဆွဲခံရသူတစ်ဦးပြန်လည်လွတ်မြောက်ဖို့အတွက် ငွေကြေးပေါက်ဈေးမှာ ကျပ်သိန်း ၁၀၀ မှ သိန်း ၁၅၀ အထိ ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
▪︎စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းကာ ဆိုင်တွေပိတ်ထားရ
လက်ရှိ စစ်ကောင်စီတပ်ဟာ ဆိုင်တွေထဲအထိ ဝင်ဆွဲနေတာကြောင့် မိတ္ထီလာမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းတွေနဲ့ ဈေးဆိုင်အများစုဟာ ဆိုင်မဖွင့်ရဲတော့ဘဲ ပိတ်ထားရတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မြို့ပေါ်မှာ ကျောင်းတက်နေတဲ့လူငယ်တွေလည်း ကိုယ့်ရွာကို ပြန်ပြေးနေရတယ်လို့ ၎င်းတို့က ပြောပါတယ်။
“အလုပ်တောင် မသွားရဲတော့ဘူး။ အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူး။ လူတွေ တော်တော် စိတ်ဖိစီးနေကြပြီ၊ ဘာလုပ်ရမှန်းကို မသိတော့တာ”လို့ မိတ္ထီလာမြို့က လူငယ်က ပြောဆိုလိုက်ပါတယ်။


















































