ဇူလိုင်-၁၄၊၂၀၂၆။စိုင်းနောင်/People’s Spring
နေရာကွက်မိုးကြီးပြီး ကျေးရွာတချို့ရေနစ်မြုပ်ခဲ့တဲ့ ပုသိမ်-ချောင်းသာလမ်းပိုင်းမှာ တောင်ကျရေတိုက်စားလို့ နေအိမ်အချို့မျောပါသွားပြီး လူ ၁ဦး သေဆုံးခဲ့ပါတယ်။
ပုသိမ် – ချောင်းသာလမ်းပေါ်က ခြောက်ကောင်ကျေးရွာမှာ ဒီနေ့ ဇူလိုင် ၁၄ရက်မနက်ပိုင်းမှာ တောင်ကျရေ တိုက်စားတာလို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီနေရာကနှစ်တိုင်းရေကြီးတယ်။ တောင်ကျရေဆင်းတာ။ ဒီရက်ကတော့ ရုတ်တရက်မိုးအရမ်းကြီးသွားတာ။ အိမ်တချို့မျောပါပြီး လူတွေပါ ပါသွားတာ။ ၂ယောက်ကို ပြန်ဆွဲနိုင်ပြီး ၁ယောက်ကတော့ ပါသွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
ပုသိမ်-ချောင်းသာလမ်းပေါ်ကမိုင်တိုင် (၂၆) မိုင်အနီးနဲ့ ချောင်းသာဆင်စခန်းအနီးမှာလည်း ကားလမ်းရေကျော်ပြီး ကားတွေ ဖြတ်မရလို့ ရပ်ထားခဲ့ရတယ်လို့ သိရပါတယ်။
ပုသိမ် – ချောင်းသာလမ်းပိုင်းဟာ မိုင် ၄၀ ကျော်ရှိပြီး အခု ရေနစ်မြုပ်တဲ့နေရာတွေဟာ ချောင်းသာကမ်းခြေကို ရောက်ခါနီး နေရာတွေဖြစ်ပါတယ်။
တောင်ကို ဖြတ်ပြီးဖောက်ထားတဲ့လမ်းဖြစ်တာကြောင့် မိုးသည်းထန်ရင် လမ်းရေကျော်လေ့ရှ်ိပြီး အခုနှစ်မှာတော့ လူ သေဆုံးတဲ့အထိ မိုးများသွားတာဖြစ်ပါတယ်။ မျောပါသွားတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ ဒေသအများအပြား မိုးကြီးနေပြီး ရခိုင်ပြည်နယ်မှာ ရေဘေးကြုံတွေ့နေပါတယ်။ ဒါ့အပြင် လူသေဆုံးမှုတွေလည်း ရှိနေပြီး ရေဘေးသင့်ပြည်သူတွေကို အာရက္ခတပ်တော်(AA)နဲ့ အရပ်ဖက်အဖွဲ့တွေက အကူအညီပေးနေကြပါတယ်။
ရခိုင်ပြည်နယ်မှာ ရေအနည်းငယ်ပြန်ကျနေပေမယ့် မိုးဆက်ရွာနေဆဲဖြစ်ပါတယ်။
ဒေသအများစု မိုးဆက်ကြီးမယ့် သတိပေးချက်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဇူလိုင် ၁၁ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းထပ်ဖြစ်နိုင်ပြီးရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးဆက်ရွာနိုင်လို့ ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ MoSLHAက ထုတ်ပြန်ထားပါတယ်။


















































