ဇူလိုင်-၁၇၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက “အာဇာနည်တိုင်း သမိုင်းမသေ”ဆိုတဲ့ အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းက (၇၉)နှစ်မြောက် အာဇာနည်နေ့အကြိုအဖြစ်နဲ့ “အာဇာနည်တိုင်း သမိုင်းမသေ” အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ် NUG ကြားကာလ ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းမှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ်မှာလည်း သပိတ်ကော်မတီဝင်တွေက “အာဇာနည်တိုင်း သမိုင်းမသေ” စာသားနဲ့ အာဇာနည်နေ့ အကြို အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစုက ကြီးမှူးပြီးတော့ NUG ကြားကာလ ပြည်သူ့အခြေပြုကျောင်းတကျောင်းမှာ ပြုလုပ်ခဲ့ကြတာပါ။
” တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ အာဇာနည်တွေ အခုဆို ကိုးဦးမက ရှိနေပြီ ဖြစ်ပါတယ် ပေးဆပ်မှုတွေအတွက် ထိုက်တန်တဲ့ ရလဒ်တွေရဖို့လည်း အင်မတန်မှ အရေးကြီးပါတယ် ဒါကြောင့် စည်းလုံးညီညွတ်မှုနဲ့ ဘုံရန်သူကို အလဲထိုးနိုင်ဖို့လည်း တိုက်တွန်းပါတယ်” လို့ ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစုက အသိပေးထားပါတယ်။
ကနီမြို့နယ်၊ ပြည်သူ့အခြေပြုကျောင်း တစ်ကျောင်းမှာလည်း သပိတ်ဦးဆောင် ကော်မတီက (၇၉) နှစ်မြောက် အာဇာနည်နေ့အကြို အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။
အာဇာနည်နေ့အကြို ဟောပြောပွဲသို့ ကနီမြို့နယ် သပိတ်ဦးဆောင်ကော်မတီနဲ့ အမျိုးသမီး မဟာမိတ်အင်အားစုမှ ရဲဘော်၊ ရဲမေတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဒီပဲယင်းမြို့နယ်မှာလည်း မြို့နယ်CDM ကောင်စီ က ကြီးမှူးပြီးတော့ ၇၉ နှစ်မြောက် အာဇာနည်နေ့ ကမ်ပိန်းပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်း များကောင်စီ (CCSC SFU) က ဖော်ပြခဲ့ပါတယ်။
အာဇာနည်နေ့ ကမ်ပိန်းအဖြစ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာ၊ ဖဲကြိုးအနက် တပ်ဆင်တာနဲ့ အာဇာနည်နေ့ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။
တန့်ဆည်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး ၇၉ နှစ်မြောက် အာဇာနည်နေ့ အကြိုပြိုင်ပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုမှ ရဲဘော်တွေက အာဇာနည်နေ့ အကြိုအဖြစ် လက်ကမ်းစာစောင်တွေ ရွာစဥ်အလိုက် ဖြန့်ဝေခဲ့ပါတယ်။
အလားတူ ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာလည်း အာဇာနည်နေ့အထိမ်းအမှတ် အကြိုအဖြစ်နဲ့ ပြိုင်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ်အတွင်း ကျောင်သား၊သူ လူငယ်တွေကို စွန့်လွတ်စွန့်စား အာဇာနည်များအကြောင်း အောက်မေ့ သတိရစေရန် ရည်ရွယ်ပြီး စာစီစာကုံးနဲ့ ပန်းချီပြိုင်ပွဲကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

















































