ဇူလိုင်-၂၁၊၂၀၂၆။People’s Spring
အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းနဲ့ အရှေ့အလယ်ပိုင်း ဒေသရဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေဟာ အဓိက ဆွေးနွေးမှု ခေါင်းစဉ်တွေ ဖြစ်လာနိုင်ကြောင်း Thai PBS သတင်းဌာနကဖော်ပြပါတယ်။
စုစုပေါင်း၆ရက်ကြာမြင့်မှာဖြစ်ပြီးဇူလိုင် ၂၀ မှာ စတင်ခဲ့တဲ့ ဆွေးနွေးပွဲကိုတော့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ မနီလာမြို့တော်မှာ ပြုလုပ်နေပါတယ်။ ဆွေးနွေးပွဲကိုတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေအပြင် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ တခြားနိုင်ငံတချို့ရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုတော့ တက်ရောက်ခွင့်မပြုပါဘူး ။
၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် ပြည်တွင်းမှာ ပရမ်းပတာတွေ ဖြစ်ခဲ့သလို ဒေသတွင်းတည်ငြိမ်မှုကိုပါ ထိခိုက်စေခဲ့တဲ့ မြန်မာ့ အကျပ်အတည်းကတော့ အာဆီယံ ဆွေးနွေးပွဲတွေရဲ့ ထုံးစံအတိုင်း ဦးစားပေး ခေါင်းစဉ်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေနိုင်ကြောင်း Thai PBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
အာဆီယံဟာမြန်မာ့အရေးအတွက် အကောင်းဆုံး ဖြေရှင်းမှု နည်းလမ်းအဖြစ် ဘုံသဘောတူညီချက် ၅ ရက်ကို ဆွေးနွေး အတည်ပြုခဲ့ပေမယ့်လည်း အာဏာသိမ်း စစ်တပ်က လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့နောက် အဖွဲ့ကြီးရဲ့ ထိပ်တန်း အစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့်ကို ၂၀၂၁ ကတည်းက ပိတ်ပင်ထားခဲ့ပါတယ်။ လက်ရှိ အချိန်ထိလည်း အဲဒီပိတ်ပင်မှုကို ဖယ်ရှားပေးဖို့ သင့်၊မသင့် အဖွဲ့ဝင် နိုင်ငံတွေကြားမှာ သဘောထား ကွဲလွဲနေဆဲပါ။
မေလမှာတော့ ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းဝင် မြို့တစ်မြို့ဖြစ်တဲ့ ဆီဘူမှာ အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ရာမှာ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကလက်တွေ့ အောင်မြင်မှုရလဒ်မျိုး မပြသနိုင်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး အာဆီယံ အနေနဲ့ သင့်တော် ကောင်းမွန်တဲ့ ပြန်လည် ချိန်ဆမှုတွေ စဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီးအာဆီယံ ဆွေးနွေးမှုတွေမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့သာ မကဘဲမြန်မာ့နိုင်ငံရေးရဲ့ကွဲပြားတဲ့ အစုအဖွဲ့ အသီးသီးနဲ့ပါ ထိတွေ့ညှိနှိုင်းဖို့ လိုအပ်ကြောင်း အာဆီယံဆိုင်ရာ ဖိလစ်ပိုင် အစိုးရ ပြောရေးဆိုခွင့်ရအရာရှိ ဒေါမနစ် အင်ပီရီရယ်လ်ကလည်း မှတ်ချက်ပေးခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံ အသိုက်အဝန်းက ပြန်လက်ခံအောင် တွန်းအားပေးနေတဲ့ ထိုင်းအစိုးရကတော့ ဩဂုတ်လထဲမှာမင်းအောင်လှိုင်ဟာထိုင်းနိုင်ငံဆီ အလည်အပတ် ခရီးစဉ် လာရောက်မယ်လို့ ကြေညာထားပါတယ်။ ဒါဟာ ဘန်ကောက်မှာ အာဏာသိမ်းစစ်တပ်ခန့်အပ်တဲ့မြန်မာ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတချို့ကြား အလွတ်သဘော တွေ့ဆုံမှု အပြီးမှာ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အာဏာသိမ်း စစ်တပ်က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ အားမထုတ်သေးသ၍ထိပ်သီးဆွေးနွေးပွဲတွေမှာ ပြန်လည် လက်မခံချင်သေးတဲ့ အဖွဲ့ဝင် နိုင်ငံတွေ ရှိနေပါတယ်။
Thai PBSကတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ တကျော့ပြန် ဆူပွက်လာတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် စွမ်းအင်ဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာနိုင်ခြေကိုလည်း အာရုံစိုက် ဆွေးနွေးသွားမယ်လို့ ဖော်ပြသွားပါတယ်။
အဲဒီစစ်ပွဲမှာ အီရန်နဲ့ တိုက်ခိုက်နေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မာကိုရူဘီရိုကတော့ အာဆီယံညီလာခံ တက်ရောက်ဖို့အတွက်ဇူလိုင် ၂၀ ရက်နေ့မှာ မနီလာမြို့ဆီ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။
ကိုးကား- Thai PBS


















































