Connect with us

Hi, what are you looking for?

ဆောင်းပါး

နည်းပညာသစ်များက အမေရိကန်၏ စစ်ရေးအသာစီးရမှုကို မည်သို့ခြိမ်းခြောက်နေသနည်း

အနာဂတ်စစ်ပွဲတွင် ရှုံးနိမ့်ခြင်း

သရုပ်​ဖော်ပုံ- Daniel Downey/Foreign Affairs

– ဥဂ္ဂါ ရေးသားသည်။

နှစ်ပေါင်းများစွာ ကမ္ဘာ့စစ်ရေးအတွေးအခေါ်မှာ “ကောင်းကင်ကို စိုးမိုးနိုင်သူက စစ်ပွဲကို အနိုင်ရတယ်” ဆိုတဲ့ ယုံကြည်ချက် တစ်ခု ရှိခဲ့ပါတယ်။ အမေရိကန် ဟာလည်း အီရတ်၊ အာဖဂန်နစ္စတန် အပါအဝင် စစ်ဆင်ရေး များစွာမှာ သူ့ရဲ့ အင်အားကြီး လေတပ်၊ တိကျတဲ့ လမ်းညွှန်ဒုံးကျည်နဲ့ ခေတ်မီ လက်နက်တွေကို အားကိုးပြီး အောင်မြင်မှုတွေ ရရှိ ခဲ့ပါတယ်။

ဒါပေမယ့် ယနေ့ခေတ် စစ်မြေပြင်ဟာ အရင်လို မဟုတ်တော့ပါဘူး။

အေအိုင်(AI)နဲ့ ဒရုန်းနည်းပညာတွေ ထွန်းကားလာတာကြောင့် စစ်ပွဲရဲ့ စည်းမျဉ်းတွေဟာ အခြေခံကနေ စပြီး ပြောင်းလဲ လာပါပြီ။

Public Service Announcement

Public Service Announcement

နိုင်ငံတကာရေးရာ (Foreign Affairs) မဂ္ဂဇင်းမှာ ပေါလ်ရှား (Paul Scharre) ရေးသားထားတဲ့ အနာဂတ် စစ်ပွဲတွင် ရှုံးနိမ့်ခြင်း (Losing the War of the Future) ဆောင်းပါးက ဒီအချက်ကို ထောက်ပြထားပါတယ်။ သူ့အဆိုအရ အမေရိကန်ဟာ လေတပ်အင်အားမှာကမ္ဘာ့အင်အားအကြီးဆုံး ဖြစ်နေဆဲ ဖြစ်ပေမယ့် ခေတ်သစ်စစ်ပွဲတွေရဲ့ သဘော သဘာဝကို အချိန်မီ မလိုက်နိုင်ရင် နည်းပညာ အားသာချက်ကို ဆုံးရှုံးနိုင်တယ်လို့ သတိပေး ထားပါတယ်။

အီရန်နဲ့ မကြာသေးခင်က စတင် ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးမှာအမေရိကန်ဟာ သူ့ရဲ့ အားကောင်းတဲ့ ဝေဟင် စစ်အင်အားကို အသုံးပြုပြီး ကောင်းကင်ယံကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ အမေရိကန် တပ်ဖွဲ့တွေက တိုက်ခိုက်မှုအကြိမ်ရေ ၁၃,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး အီရန်ရဲ့ ပစ်မှတ်တွေကို အပြင်းအထန် ထိုးစစ် ဆင်ခဲ့ပေမယ့်၊ ဒီလို အင်အား ကြီးမားတဲ့ တိုက်ခိုက်နိုင်စွမ်းတစ်ခုတည်းနဲ့ ခေတ်သစ် စစ်ပွဲတွေမှာ အောင်ပွဲကိုအာမခံနိုင်တော့မယ်ဆိုတာ မဟုတ်ကြောင်း ပြသခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကနေ ဧပြီ ၈ ရက်အထိ ၃၉ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ ဒီပဋိပက္ခ အတွင်း အီရန်ဟာ ဒေသတွင်းရှိ အမေရိကန်နဲ့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ပစ်မှတ်တွေကို ဒုံးကျည် ၂,၂၀၀ ကျော်နဲ့ ဒရုန်း ၄,၄၀၀ ကျော် အသုံးပြုပြီး တိုက်ခိုက် ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု တွေကြောင့်အမေရိကန်ရဲ့စစ်လေယာဉ် အနည်းဆုံး ၈ စင်း ထိခိုက် ပျက်စီးခဲ့ သလို၊ ရေဒါစနစ်အချို့လည်း ပျက်စီး ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် စစ်သည် ၇ ဦး အသက်ဆုံးရှုံး ခဲ့ပါတယ်။

ဒီဆောင်းပါးကို ရေးနေချိန်အထိ အီရန်အစိုးရဟာအာဏာမလဲကျသေးဘဲဟော်မုဇ်ရေလက်ကြားကို ဆက်လက် ထိန်းချုပ် ပိတ်ဆို့ထားနိုင်ဆဲ ဖြစ်ပါတယ်။ အမေရိကန်ဟာ စစ်ရေးအင်အား၊နည်းပညာနဲ့ အရင်းအမြစ်အရ အီရန်ထက်အဆပေါင်းများစွာပိုမိုအားကောင်းပေမယ့် ဒီစစ်ပွဲမှာချမှတ်ထားတဲ့ရည်မှန်းချက်အားလုံးကို ပြည့်မီအောင်မလုပ်ဆောင် နိုင်ခဲ့ပါဘူး။

အမေရိကန်စစ်တပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ပြိုင်ဘက်နိုင်ငံ တွေထက် အသာစီးရရှိဖို့ နည်းပညာ အင်အားကို အဓိက အားထား လာခဲ့ပါတယ်။

စစ်အေးတိုက်ပွဲ အစောပိုင်းကာလမှာ အမေရိကန်ရဲ့ စစ်ရေးစီမံချက် ရေးဆွဲသူ တွေဟာ ဥရောပမှာ အင်အားအရ ပိုမိုများပြားတဲ့ ဆိုဗီယက် တပ်ဖွဲ့ကိုတားဆီးဖို့နျူကလီးယားလက်နက်အင်အားကို အဓိကအားထားခဲ့ပါတယ်။

ဒါပေမယ့် ၁၉၇၀ ပြည့်လွန်နှစ်တွေကစပြီး အမေရိကန်ဟာ စစ်ရေးနည်းဗျူဟာ ထဲမှာ သတင်း အချက်အလက် နည်းပညာကို အခြေခံတဲ့ တော်လှန်ပြောင်းလဲမှု တစ်ရပ်ကို စတင်ဖော်ဆောင် လာခဲ့ပါတယ်။ မိုက်ခရိုချစ်ပ် (semiconductor)တွေ၊ ကွန်ပျူတာ ကွန်ရက်တွေ၊ ဂြိုဟ်တု နည်းပညာတွေ တိုးတက် လာတာနဲ့အမျှအမေရိကန်ဟာကိုယ်ပျောက် လေယာဉ်တွေ၊ ပစ်မှတ်ကို တိကျစွာ ထိမှန်နိုင်တဲ့ လက်နက်စနစ်တွေ၊ GPS လမ်းညွှန်နည်းပညာတွေမှာကြီးမားတဲ့အသာစီးရရှိလာခဲ့ပါတယ်။

ဒီနည်းပညာအခြေပြု စစ်ရေးစွမ်းရည်တွေဟာ ၁၉၉၀-၉၁ ပင်လယ်ကွေ့စစ်ပွဲမှာ သူတို့ရဲ့ ထိရောက်မှုကို အပြည့်အဝ သက်သေပြ ခဲ့ပါတယ်။အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ တိကျတဲ့ လက်နက် စနစ်တွေ၊ အဆင့်မြင့် ထောက်လှမ်းရေးနဲ့ လေကြောင်းစွမ်းအားတွေကို အသုံးပြုပြီး အီရတ်စစ်တပ်ကို စနစ်တကျ အားနည်းအောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ် အီရတ်ကို ကျူးကျော် တိုက်ခိုက်တဲ့အချိန်မှာလည်းအမေရိကန်တပ်ဖွဲ့တွေဟာ ဘဂ္ဂဒက်မြို့ကိုသီတင်းပတ်အနည်းငယ် အတွင်း သိမ်းပိုက် နိုင်ခဲ့ တာကြောင့် နည်းပညာအသာစီးရဲ့ အရေးပါမှုကိုထပ်မံပြသခဲ့ပါတယ်။

ဒီအောင်မြင်မှုတွေကြောင့် ၂၀၁၄ ခုနှစ်မှာ ပင်တာဂွန်ဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ စစ်ရေးတိုးတက် လာမှုကို တုံ့ပြန်ဖို့ “တတိယ နည်းပညာအသာစီး မဟာဗျူဟာ (Third Offset Stratagy)” ကို စတင်ခဲ့ပါတယ်။ ဒီဗျူဟာရဲ့ ရည်ရွယ်ချက် ကတော့ စီးပွားရေး ကဏ္ဍမှာ လျင်မြန်စွာ တိုးတက်လာတဲ့ AI နည်းပညာ၊ ရိုဘော့စနစ်နဲ့ အလိုအလျောက် လုပ်ဆောင် နိုင်တဲ့ နည်းပညာ တွေကို စစ်ရေးမှာ အသုံးချပြီး အမေရိကန်ရဲ့ နည်းပညာ အသာစီးကို ဆက်လက်ထိန်းသိမ်း ထားဖို့ ဖြစ်ပါတယ်။

အမေရိကန်အရာရှိတွေကလည်း ဒီနည်းလမ်းဟာ ပြိုင်ဘက်နိုင်ငံ တွေထက် ရေရှည်နည်းပညာ အသာစီး ရရှိ စေနိုင်မယ်လို့ ယုံကြည်ခဲ့ ကြပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီလို နည်းပညာအသာစီးအပေါ် အခြေခံထားတဲ့ ဗျူဟာဟာ အရင်လို ထိရောက် နိုင်တော့မယ် မဟုတ်ပါဘူး။ အကြောင်းကတော့ ခေတ်သစ် စစ်ရေးနည်းပညာတွေမှာ အမေရိကန် တစ်နိုင်ငံတည်းက ထူးခြားတဲ့ အသာစီးကို ဆက်လက် ပိုင်ဆိုင်ထားနိုင်တော့မှာ မဟုတ်သလို၊ အဲဒီအသာစီးကို အလွယ်တကူ ပြန်လည် တည်ဆောက်နိုင်ဖို့လည်း ခက်ခဲ လာပါတယ်။

ဒီအခြေအနေကိုလူမဲ့ယာဉ်နဲ့ ဒရုန်းနည်းပညာတွေကအကောင်းဆုံးဖော်ပြနေပါတယ်။အရင်ကလို စျေးကြီးပြီးအဆင့်မြင့်တဲ့စစ်လက်နက်စနစ်တွေကို နိုင်ငံအနည်းငယ်သာပိုင်ဆိုင်နိုင်တဲ့ခေတ် မဟုတ်တော့ပါဘူး။ အခုဆိုရင် စျေးသက်သာတဲ့ ဒရုန်းတွေကို ကမ္ဘာတစ်ဝန်းမှာ အလွယ်တကူ ရရှိ နိုင်လာပြီး နိုင်ငံအများအပြားက အရေအတွက် အများကြီး အသုံးပြု လာနိုင်ပါတယ်။

အီရန်ဟာ မကြာသေးမီနှစ်တွေမှာစျေးသက်သာပြီး ထိရောက်တဲ့ ဒရုန်းတွေ ထုတ်လုပ်နိုင်တဲ့ အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ အတွင်း အီရန်က ရုရှားကို ဒရုန်း ထောင်ပေါင်းများစွာထောက်ပံ့ ပေးခဲ့ပြီး၊ ရုရှား ကလည်း အဲဒီ ဒီဇိုင်းနဲ့ နည်းပညာတွေကို အခြေခံကာ ကိုယ်ပိုင် ဒရုန်း ထုတ်လုပ်မှုကို တိုးချဲ့ လာခဲ့ပါတယ်။

သီအိုရီအရ အမေရိကန်ဟာ ဒီလိုစျေးသက်သာတဲ့ ဒရုန်းတွေကို အရေအတွက်အမြောက်အမြား ထုတ်လုပ်နိုင်သင့်ပါတယ်။ဒါပေမယ့် လက်တွေ့ မှာတော့ ထုတ်လုပ်မှုအရွယ်အစားနဲ့ မြန်ဆန်မှု အပိုင်းမှာ အခက်အခဲတွေ ရှိနေပါတယ်။ယူကရိန်းက တစ်နှစ်လျှင် ဒရုန်း ၄ သန်းခန့် ထုတ်လုပ် နေချိန်မှာ အမေရိကန်ကတော့ တစ်နှစ် ၅ သောင်းခန့်သာ ရရှိနေပါတယ်။ ဒီကွာခြားချက်က အနာဂတ်စစ်ပွဲမှာ အရေအတွက်နဲ့ ထုတ်လုပ် နိုင်စွမ်းဟာ နည်းပညာအသာစီးနဲ့ အတူအရေးကြီးလာကြောင်း ပြသ နေပါတယ်။

ဘိုင်ဒင်နဲ့ ဒေါ်နယ်ထရန့် အစိုးရနှစ်ရပ်စလုံးက ပင်တာဂွန်ကို စျေးသက်သာတဲ့ ဒရုန်းတွေ ထုတ်လုပ်ဖို့ တိုက်တွန်းခဲ့ပေမယ့် လက်တွေ့မှာတော့ အခက်အခဲ များစွာ ကြုံတွေ့ နေရပါတယ်။ စစ်ဘက်သုံး ဒရုန်းငယ်တွေဟာ မူလက စီးပွားရေး ဈေးကွက် အတွက် ထုတ်လုပ်ထားတဲ့ နည်းပညာ တွေကို အခြေခံထားပြီး အဲဒီဈေးကွက်ကိုတရုတ်ကုမ္ပဏီ DJIက အဓိက လွှမ်းမိုး ထားပါတယ်။

အမေရိကန်စစ်တပ်ဟာ ပြိုင်ဘက်နိုင်ငံရဲ့ ထုတ်ကုန်တွေကိုမမှီခိုလိုတာကြောင့်ပိုမိုဈေးကြီးတဲ့ အမေရိကန်လုပ်ဒရုန်းတွေကို ရွေးချယ်နေရပြီး၊ အဲဒီဒရုန်းတွေ ထဲမှာတောင် တရုတ်အစိတ်အပိုင်းတွေ ပါဝင် နေဆဲ ဖြစ်ပါတယ်။

ပိုပြီး အခက်အခဲရှိတာက အမေရိကန်ဟာ စျေးသက်သာစွာ ထုတ်လုပ်ခြင်း၊ လျင်မြန်စွာ တုံ့ပြန်ခြင်းနဲ့ ထုတ်လုပ်မှုကို အချိန်တိုအတွင်း တိုးချဲ့ခြင်းတွေမှာ အားနည်းနေခြင်း ဖြစ်ပါတယ်။ ဆယ်စုနှစ် များစွာ အတွင်း အမေရိကန်ကာကွယ်ရေး စက်မှု လုပ်ငန်းဟာ နည်းပညာအလွန် မြင့်မား ပေမယ့် စျေးကြီးပြီး အရေအတွက်နည်းတဲ့ “အဆင့်မြင့်” လက်နက်စနစ်တွေကို အဓိက အာရုံစိုက် လာခဲ့ပါတယ်။ အဲဒီလို ချဉ်းကပ်မှုက အရည်အသွေးမှာအားသာချက်ပေးခဲ့ပေမယ့်၊ ဒရုန်းခေတ်လို အရေအတွက်နဲ့ မြန်ဆန်တဲ့ထုတ်လုပ်မှုက အရေးကြီး လာတဲ့ အခြေအနေမှာ စိန်ခေါ်မှု တစ်ခု ဖြစ်လာ နေပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ဒရုန်းတွေဟာ စစ်ရေးပုံစံကို ပြောင်းလဲလာစေခဲ့ပါတယ်။အခုအချိန်မှာ အရေးကြီး လာတာကစျေးကြီးပြီး အဆင့်မြင့်တဲ့ လက်နက် အနည်းငယ် မဟုတ်တော့ဘဲ၊စျေးသက်သာပြီး အရေအတွက် အမြောက်အမြား ထုတ်လုပ် နိုင်တဲ့ ပျက်စီးလွယ်သော (သို့မဟုတ် စွန့်ပစ်နိုင်သော) လက်နက် စနစ်တွေ ဖြစ်လာပါတယ်။

အမေရိကန်ဟာ ဒီပြောင်းလဲမှုကို တုံ့ပြန်ရာမှာ နှေးကွေးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ပင်တာဂွန်ရဲ့ Replicator အစီအစဉ်ဟာ စျေးသက်သာတဲ့ အလိုအလျောက် စနစ်သုံး လက်နက် တွေကို အမြန်တိုးချဲ့အသုံးပြုဖို့ရည်ရွယ်ခဲ့ပေမယ့် မျှော်မှန်း ထားသလို ထောင်ပေါင်းများစွာ မထုတ် လုပ်နိုင်ဘဲ ရာဂဏန်း အဆင့် မှာသာ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ပင်တာဂွန်ကဒရုန်းထုတ်လုပ်မှု တိုးမြှင့်ဖို့ အစီအစဉ်တွေ ချမှတ် ထားပြီး ၂၀၂၇ ခုနှစ်အတွင်း ဒရုန်း ၃၄၀,၀၀၀ ထုတ်လုပ်ဖို့ ဒေါ်လာ ၁ ဘီလီယံကျော်ရင်းနှီး မြှုပ်နှံမယ်လို့ ဆိုထား ပါတယ်။ဒါ့အပြင် ၂၀၂၈ ခုနှစ်မှာ ဒရုန်း အနည်းဆုံး ၁ သန်း ထုတ်လုပ် နိုင်ဖို့ ပိုမိုကြီးမားတဲ့ ရည်မှန်းချက် ကိုလည်း ချမှတ်ထားပါတယ်။

ဒီရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အမေရိကန် စစ်တပ်အနေနဲ့ ဒရုန်းငယ်တွေ ထုတ်လုပ် နိုင်မယ့် စက်မှုအခြေခံအဆောက်အအုံကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ် ပါတယ်။ အဲဒီ အတွက်လည်း ရေရှည်တည်တံ့ပြီး ထိရောက်တဲ့ ဘဏ္ဍာငွေ ပံ့ပိုးမှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒရုန်းနည်းပညာက ဒီနေရာမှာ ရပ်တန့်နေမှာ မဟုတ်ပါဘူး။ မကြာမီမှာ ဒရုန်းတွေဟာ ပိုမို အဆင့်မြင့်တဲ့ အလိုအလျောက်စနစ်တွေနဲ့လည်ပတ်လာပြီးအခြားစက်ပစ္စည်းတွေနဲ့ ပိုမို ထိရောက်စွာ ပူးပေါင်း လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒရုန်းအများစုဟာ လူက အဝေးကနေ ထိန်းချုပ် မောင်းနှင်ရတာ ဒါမှမဟုတ် ကြိုတင် သတ်မှတ်ထားတဲ့ လမ်းကြောင်း အတိုင်း သွားလာတာလို ရိုးရှင်းတဲ့ အလိုအလျောက် စနစ်တွေ ကိုသာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။

ယူကရိန်းဟာ ပိုမိုအဆင့်မြင့်တဲ့ အလိုအလျောက် ဒရုန်းစနစ်တွေ စမ်းသပ်နေတဲ့ အဓိက နေရာတစ်ခု ဖြစ်လာပါတယ်။ ဥပမာအားဖြင့် ယူကရိန်းဒရုန်းအချို့ဟာဆက်သွယ်ရေး ပြတ်တောက် သွားတဲ့ အခြေအနေမှာတောင် ပစ်မှတ်ဆီကို အလိုအလျောက် ဆက်လက် သွားနိုင်တဲ့ စနစ်တွေ အသုံးပြု လာပါတယ်။

ဒါ့အပြင် ယူကရိန်းဟာ GPS မလိုအပ်ဘဲ ဂြိုဟ်တု ဓာတ်ပုံနဲ့ ကင်မရာပုံရိပ်တွေကို အသုံးပြုပြီး လမ်းကြောင်း ရှာနိုင်တဲ့ အဝေးပစ်ဒရုန်းတွေ ကိုလည်း တီထွင် နေပါတယ်။ ဒီလိုနည်းပညာ တွေက ဒရုန်းတွေကို ပိုမို လွတ်လပ်စွာ လုပ်ဆောင် နိုင်စေပြီး အနာဂတ်စစ်ပွဲ ပုံစံကို ပြောင်းလဲ လာစေ နိုင်ပါတယ်။

ဒီလို ဆန်းသစ်တဲ့ ဒရုန်းနည်းပညာတွေဟာ မကြာမီ ယူကရိန်း တစ်နိုင်ငံတည်း မှာသာ မကဘဲ နိုင်ငံ အများအပြားနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေထံ ပျံ့နှံ့ လာနိုင်ပါတယ်။ ဆက်သွယ်ရေးနဲ့ GPS စနစ်တွေ ပိတ်ဆို့ခံရတဲ့အခြေအနေ မှာတောင် ပစ်မှတ် ရှာဖွေ တိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေ ပိုမို အသုံးများ လာပါလိမ့်မယ်။ အနာဂတ်မှာ ဒရုန်းတွေဟာ ပိုမိုအဆင့်မြင့်တဲ့ အလိုအလျောက် စနစ်တွေ ပါဝင်လာပြီး ကျယ်ပြန့်တဲ့ နေရာတွေကို ရှာဖွေကာ ပစ်မှတ်တွေကို ကိုယ်တိုင် ခွဲခြား ရွေးချယ်ဘနိုင်တဲ့ စွမ်းရည်တွေ ရရှိ လာနိုင်ပါတယ်။

ဒီလိုတိုးတက် ပြောင်းလဲမှုတွေကြောင့် လေတပ်အင်အား တစ်ခုတည်းကို အားကိုး ထားတဲ့ စစ်ရေး အယူအဆဟာ တဖြည်းဖြည်း ဟောင်းနွမ်းလာ နေပါပြီ။ လေကြောင်းအင်အား ကြီးတာတစ်ခုထဲက အောင်ပွဲအတွက် အာမခံချက် မဟုတ် တော့ပါဘူး။

ယနေ့ခေတ်မှာ ရိုးရှင်းတဲ့ဒရုန်းတွေအဖြစ် မြင်နေရတဲ့ အရာတွေဟာ အနာဂတ်မှာတော့ အချင်းချင်း ဆက်သွယ် ပူးပေါင်း လုပ်ဆောင်နိုင်တဲ့ ဉာဏ်ရည်ရှိ ဒရုန်းအုပ်စုများ (intelligent swarms) အဖြစ် ပြောင်းလဲ လာနိုင်ပါတယ်။

တစ်နည်းအားဖြင့် ပြောရရင်၊ အနာဂတ်စစ်ပွဲမှာအဆုံးအဖြတ်ပေးမယ့်အရာကလေကြောင်အင်အား မဟုတ်တော့ဘဲ နည်းပညာကို ဘယ်လောက် မြန်မြန်ဆန်ဆန် လိုက်လျောညီထွေ အသုံးချ နိုင်သလဲ ဆိုတဲ့ စွမ်းရည်ပဲ ဖြစ်လာနေပါပြီ။

ကိုးကား – Foreign Affairs

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI) နဲ့ ထိုင်းအစိုးရတို့က ကျားဖြန့် အပါအဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ သဘောတူညီမှုရရှိခဲ့​ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားပါတယ်။

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရတ်နိုင်ငံမှာ အီရန်ရဲ့ တိုက်ခိုက်မှုနဲ့ ဆက်နွှယ်ပြီး အမေရိကန် စစ်သည်တစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

Facebook