အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကြောင့် အာရှ-ပစိဖိတ် ဒေသမှာ ပြီးခဲ့တဲ့နှစ်က ဆုံးရှုံးမှုတန်ဖိုး အနည်းဆုံး ဒေါ်လာ ၈၈ ဘီလီယံ ရှိခဲ့ကြောင်း ကုလသမဂ္ဂ (UN)က ခန့်မှန်းခဲ့ပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရုံး (UNODC)ရဲ့ အဆိုအရ ၂၀၂၅ ခုနှစ်အတွင်း အာရှ-ပစိဖိတ် ဒေသခံတွေရဲ့ ကျားဖြန့်တွေကြောင့် ကြုံခဲ့တဲ့ အဆုံးအရှုံး တန်ဖိုးဟာ ဒေါ်လာ ၈၈ သန်းထက်မနည်း ရှိခဲ့ကြောင်း၊ အဲဒီ ဒုစရိုက် ဂိုဏ်းတွေဟာ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေထက် ခြေတစ်လှမ်းသာဖို့ ခေတ်မီဆန်းသစ်တဲ့ နည်းလမ်းတွေကို အမြဲတွေးဆပြီး လုပ်ပုံကိုင်ပုံတွေကလည်း ဆင့်ကဲ တိုးတက်လာနေကြောင်း သိရပါတယ်။
အာရှ-ပစိဖိတ် ရပ်ဝန်းဆိုတာဟာ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့ကို ခြုံငုံခေါ်ဆိုတာပါ။ အဲဒီဒေသတွေအတွင်း ကျားဖြန့်တွေကြောင့် ကြုံခဲ့တဲ့ ဆုံးရှုံးမှုဟာ ဒေါ်လာ ၈၈.၃ ဘီလီယံကနေ ၁၁၄.၁ ဘီလီယံကြားထိ ရှိနိုင်တယ်လို့ UNODCက ဆိုပါတယ်။
အရင်က နယ်မြေကန့်သတ်ချက်နဲ့ပဲ လှုပ်ရှားလေ့ရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေဟာ အပြန်အလှန် ချိတ်ဆက်မှု၊ ပူးပေါင်းကူညီမှုတွေနဲ့အတူ တရားမဝင် စျေးကွက်သစ်၊ နယ်မြေသစ်တွေပါ ချဲ့ထွင်လာနေတယ်လို့ UNODCရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ကိုယ်စားလှယ် ဒယ်လ်ဖိုင် ရှန့်ဇ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
အရှေ့တောင်အာရှ နိုင်ငံတချို့မှာ အခြေစိုက် လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေကတော့ တစ်ကမ္ဘာလုံးက သားကောင်တွေကို ပစ်မှတ်ထားပြီး နည်းလမ်း အမျိုးမျိုးနဲ့ လိမ်လည်နေသလို နှစ်စဉ် ဒေါ်လာ ဘီလီယံတွေနဲ့ချီ အကျိုးအမြတ် ရရှိနေကြောင်းလည်း သူက ဆိုပါတယ်။
နိုင်ငံတွေနဲ့ နယ်မြေတွေ စုစုပေါင်း ၈၀ လောက်က ဒေသခံတွေဟာ သူတို့နေထိုင်ရာ အနီးတဝိုက်မှာ ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်နေတယ် ဆိုတာကို အတည်ပြုထားကြကြောင်းလည်း UNODC ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
ဒါ့အပြင် လုပ်ငန်းချဲ့ထွင်ဖို့အတွက် ကျားဖြန့်ဂိုဏ်းတွေဟာ အာရှတိုက် ပြင်ပမှာလည်း ငွေလိမ်လုပ်ငန်းအတွက် ဝန်ထမ်းတွေကို အင်တိုက်အားတိုက် ဆက်သွယ် စုဆောင်းနေကြောင်း သိရပါတယ်။
လူမှုကွန်ရက်တွေနဲ့ တခြားလမ်းကြောင်းတွေမှာ ကျားဖြန့် လုပ်ငန်းအတွက် ဝန်ထမ်း ခေါ်ယူမှုတွေကို ဂျာမနီ၊ ပိုလန်၊ ဒတ်ချ်၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဆွီဒင်၊ နော်ဝေး၊ အင်္ဂလိပ် ဘာသာတွေနဲ့ပါ ကြော်ငြာထားတာတွေကို ကြည့်ရင် အဲဒီ ဒုစရိုက် လုပ်ငန်းတွေ ဘယ်လောက်ထိ ချဲ့ထွင်ဖို့ ကြိုးစားနေသလဲ ဆိုတာကို မြင်သာစေကြောင်းလည်း UNODCက ထောက်ပြသွားခဲ့ပါတယ်။
လက်ရှိမှာတော့ မြန်မာနဲ့ လာအိုတို့လို နိုင်ငံတွေမှာ အဓိက အခြေစိုက်ခဲ့တဲ့ ကျားဖြန့်လုပ်ငန်း တချို့ဟာ အရှေ့တီမောနဲ့ ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းစုနိုင်ငံတွေ၊ အာဖရိကတိုက်ရဲ့ အစိတ်အပိုင်းတချို့ဆီ ရွှေ့ပြောင်း အခြေချလာနေကြောင်းလည်း စုံစမ်းစစ်ဆေးမှုတွေအရ ဖော်ထုတ် အတည်ပြုနိုင်ခဲ့ပါတယ်။
ကိုးကား: Reuters


















































