ဇူလိုင် ၂၆၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မန္တလေးမြို့မှာ ယခင်က တပ်ပြေးခဲ့လို့ ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်ခံယူပြီးသား တပ်ပြေးတစ်ဦးကို ရာအိမ်မှူးဖြစ်သူက အသက်လိမ်လည်ကာ စစ်တပ်အတွင်းသို့ ပြန်လည်ထည့်သွင်းခဲ့ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်၊ အကွက်အမှတ် (၂၆၄)မှာ နေထိုင်တဲ့ ဦးတင်ဇော်အောင်ဟာ ဇူလိုင် ၁၆ ရက် ညပိုင်းက ဖမ်းဆီးခံခဲ့ရပါတယ်။

Public Service Announcement
ဦးတင်ဇော်အောင်ဟာ ယခင်က စစ်တပ်ကနေ ထွက်ပြေးလာသူ တပ်ပြေးတစ်ဦးဖြစ်ပြီး ထောင်ကျခံကာ ထွက်လာသူဖြစ်ကြောင်း သိရပါတယ်။ ၎င်းဟာ အသက် (၃၅) ပြည့်ပြီးဖြစ်ပေမဲ့ စစ်မှုထမ်းအကျုံးဝင်စေရန်အတွက် ရာအိမ်မှူး ကိုမင်းက အသက် (၂၇) နှစ်ဆိုပြီး လိမ်လည်ကာ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“မန္တလေးကအခြေအနေတော်တော်ဆိုးနေပြီ။ လူရောင်းစားတာတွေပိုပြီးများနေတဲ့အတွက် ပြည်သူတွေပိုပြီးဂရုစိုက်ပါ။တော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး တော့ တော်လှန်ရေးနယ်မြေမှာခိုလှုံကြပါ”လို့ Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
၎င်းတပ်ပြေးကို အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှ ရာအိမ်မှူး ကိုမင်းက ဦးဆောင်ဖမ်းဆီးကာ လမ်း ၉၀၊ (၁၉) လမ်းရှိ မင်းတဲအီကင်းရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ဇူလိုင် ၁၇ ရက်နေ့မှာ အမှတ် (၉၅) စုဆောင်းရေးတပ်သို့ ပို့ဆောင်ခံထားရကြောင်း သိရပါတယ်။
မန္တလေးမြို့အပါအဝင် စစ်တပ် ထိန်းချုပ်ထားတဲ့ ဒေသအသီးသီးမှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ၊ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေဟာ လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်မှုထမ်းထဲ ရောင်းစားတာ၊ ခြိမ်းခြောက်ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ အခု ဇူလိုင်လမှာ စစ်မှုထမ်းအပတ်စဥ် (၂၇)ကို စတင်ဖို့ ကြိုးစားနေပြီး ဒေသအသီးသီးက လူငယ်တွေကို ဆင့်ခေါ်တာ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။


















































