Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“မြစ်တစင်း၏ မှတ်ဉာဏ်”

ဒီနေရာဟာ တိဗက်ကုန်းပြင်မြင့်ရဲ့ အမြင့်ပေ မီတာ ၅,၀၀၀ ကျော်မှာ ရှိတယ်။ လေက ပါးပါးလေး တိုက်နေတယ်။ အဝေးမှာ ယက် (Yak) တွေ ကျက်စားနေကြတယ်။ ရေခဲတောင်အောက်ခြေက ရေစီးကြောင်းလေးတစ်ခုကတော့ တိတ်တိတ်လေး စီးနေတယ်။ သူ့နာမည် ယန်ဇီ မဟုတ်သေးဘူး။နောင်တစ်ချိန်မှာ အာရှရဲ့ အရှည်ဆုံးမြစ်ကြီးတစ်စင်း ဖြစ်လာမယ်ဆိုတာ သူကိုယ်တိုင်လည်း မသိသေးဘူး။

-အေးခိုင်ဦး ရေးသားသည်။

ဒီနေရာဟာ တိဗက်ကုန်းပြင်မြင့်ရဲ့ အမြင့်ပေ မီတာ ၅,၀၀၀ ကျော်မှာ ရှိတယ်။ လေက ပါးပါးလေး တိုက်နေတယ်။ အဝေးမှာ ယက် (Yak) တွေ ကျက်စားနေကြတယ်။ ရေခဲတောင်အောက်ခြေက ရေစီးကြောင်းလေးတစ်ခုကတော့ တိတ်တိတ်လေး စီးနေတယ်။ သူ့နာမည် ယန်ဇီ မဟုတ်သေးဘူး။နောင်တစ်ချိန်မှာ အာရှရဲ့ အရှည်ဆုံးမြစ်ကြီးတစ်စင်း ဖြစ်လာမယ်ဆိုတာ သူကိုယ်တိုင်လည်း မသိသေးဘူး။

“အကြီးဆုံးမြစ်ဆိုတာ အစမှာ ရေစက်ကလေးတစ်စက်ပဲ”။ လောဇီကလည်း “အမြစ်ကြီးတဲ့ သစ်ပင်ဟာ အပင်ငယ်က စတယ်။ ကီလိုမီတာထောင်ချီတဲ့ ခရီးဟာ ခြေလှမ်းတစ်လှမ်းက စတယ်” လို့ ဆိုခဲ့တယ်။ ဒဏ္ဍာရီလို့ ဆိုချင်ဆိုပါစေ။ စတာဂျင်ငါးလေး တစ်ကောင်ကိုလည်း သတိရမိတယ်။ သူ့အိမ်ပြန်ခရီးဟာ ပင်လယ်ကြီးတစ်ခုလုံး မဟုတ်ဘူး။ ပထမဆုံး အမြီးလေးတစ်ချက် လှုပ်လိုက်တာကနေ စတာ။ ဒါဆို ဒီနေ့ မြစ်ရဲ့မှတ်ဉာဏ်နောက်ကို အတူလိုက်ကြမလား။ လှေတစ်စင်းနဲ့ မြစ်ကို ဆင်းကြရအောင်။ လှော်တက်တစ်ချက်ကနေ စကြတာ‌ပေါ့။

ထုံ့သျန်း (Tongtian) မြစ်။ “ကောင်းကင်ကို ဆက်သွယ်တဲ့မြစ်” တဲ့။ ဒီနေရာကပဲ ခရီးကို စကြမယ်။ မနက်ခင်းမြူတွေကြား၊ တောင်ကြီးတွေကြားမှာ မြစ်က တိတ်တိတ်လေး စီးနေတယ်။ လူတွေအတွက်တော့ မြစ်တစ်စင်း မဟုတ်သေးဘူး။ သဘာဝရဲ့ အသက်ရှူသံလေးတစ်ခုလိုပဲ တောင်တန်းကြီးတွေက မြစ်ကို ပိတ်ထားသလို ဖြစ်နေပေမယ့် မြစ်က အရှုံးမပေးဘူး။နှစ်သန်းပေါင်းများစွာတောင်တွေကို ထိုးဖောက်ပြီး စီးလာခဲ့တယ်။

Public Service Announcement

Public Service Announcement

ဒါ ကျင်းရှာ (Jinsha) မြစ်ပဲ။ ဟော—လှေက ကျားခုန်ကျော်လျှိုချောက်ကမ်းပါး (Tiger Leaping Gorge) ကို ရောက်လာပြီ။ တစ်ဖက်မှာ ကျောက်စိမ်းနဂါးနှင်းတောင် (Jade Dragon Snow Mountain)။ တစ်ဖက်မှာ ဟာဘာနှင်းတောင် (Haba Snow Mountain)။ ဒီတောင်နှစ်ခုကြားက မြစ်လမ်းဟာ ကျဉ်းကျဉ်းလေး။ ကျားတစ်ကောင် ခုန်ကူးနိုင်တဲ့နေရာဆိုပြီး နာမည်ရခဲ့တာပေါ့။ မြစ်က တောင်ကို နိုင်ခဲ့တာလား။ တောင်က မြစ်ကို လမ်းဖွင့်ပေးခဲ့တာလား။ သဘာဝမှာ အနိုင်အရှုံးဆိုတာ တကယ်ရှိရဲ့လား။ ဒါမှမဟုတ် အချိန်က သူ့အလုပ်သူ လုပ်သွားတာပဲလား။ လှေကတော့ ဆက်စီးခဲ့ပြီ။

ရှစ်ကူ (Shigu) ကို ရောက်ပြီ။ ဒီနေရာမှာ ယန်ဇီက ထူးခြားတဲ့အကွေ့တစ်ခု လုပ်လိုက်တယ်။ မြောက်ဘက်ကို စီးလာတဲ့မြစ်က ရုတ်တရက် တောင်ဘက်ကို လှည့်စီးတယ်။ ယန်ဇီမြစ်ရဲ့ ပထမဆုံးအကွေ့။သဘာဝရဲ့ လှပခြင်းထဲမှာ သမိုင်းကြောင်းကလည်း စီးဆင်းနေခဲ့တယ်။ ဒီလမ်းဟာ တရုတ်ပြည်အနောက်တောင်ပိုင်း၊ တိဗက်နဲ့ ယူနန်ဒေသတွေကို ဆက်သွယ်ပေးခဲ့တဲ့ ရှေးဟောင်းလမ်းကြောင်းတစ်ခုလည်း ဖြစ်ခဲ့တယ်။ လှေကို နည်းနည်းဘေးထွက်ပြီး လီကျန်း (Lijiang) မြို့ဟောင်းဘက်ကို ကြည့်ကြရအောင်။ နာရှီ (Naxi) လူမျိုးတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘဝတွေဟာ တောင်၊ မြစ်၊ လယ်ယာနဲ့ ရာသီတွေအကြားမှာ တည်ရှိခဲ့တယ်။ မြစ်ဟာ သူတို့အတွက် ရေသက်သက် မဟုတ်ဘူး။ ဘဝရဲ့ အစိတ်အပိုင်း။လှေက ဆက်ဆင်းလာတယ်။ ယီပင်း (Yibin) အနားမှာ ကျင်းရှာမြစ်ဟာ မင်မြစ်နဲ့ ပေါင်းစည်းတယ်။ ဒီကနေစပြီး ရှည်လျားတဲ့ ယန်ဇီမြစ်ဟာ တရုတ်နိုင်ငံရဲ့ အရှည်ဆုံးမြစ်ကြီးအဖြစ် ဆက်လက်စီးဆင်းလာခဲ့ပြီ။

လှေက မြစ်ရဲ့အလယ်ပိုင်းကို ရောက်လာပြီ။ လူကျိုး (Luzhou) နဲ့ ချုံချင့် (Chongqing) တို့ကို ဖြတ်ကြမယ်။ ချုံချင့်ဟာ ရှေးကတည်းက ကုန်သွယ်ရေးဆိပ်ကမ်း၊ သယ်ယူပို့ဆောင်ရေး အချက်အချာမြို့ကြီး ဖြစ်ခဲ့တာ။ ဒီနေရာကစပြီး မြစ်က ပိုကျယ်လာတယ်။ လူတွေနဲ့လည်း ပိုနီးလာတယ်။ ဟော—ရှေ့မှာ စောင့်နေတာ လီဘိုင် (Li Bai) ပါလား။ တရုတ်စာပေရဲ့ အကြီးကျယ်ဆုံး ကဗျာဆရာတွေထဲက တစ်ယောက်။ သူဟာ ယန်ဇီမြစ်ကို ရှုခင်းတစ်ခုအနေနဲ့ပဲ ရေးခဲ့တာမဟုတ်ဘူး။ အသက်ရှင်နေတဲ့ မိတ်ဆွေတစ်ယောက်လို ရေးခဲ့တာ။ သူ့ရဲ့ နာမည်ကြီးကဗျာတစ်ပုဒ်မှာ မနက်ခင်းမှာ မြို့ကနေ ထွက်လာပြီး တစ်နေ့တည်းနဲ့ တောင်ထောင်ပေါင်းများစွာကို ဖြတ်သန်းသွားတဲ့ ခရီး။ ခံစားကြည့်ရအောင်။ ဒီကဗျာကို ဖတ်တဲ့အခါ လှေဟာ ရေကို စီးနေတာ မဟုတ်ဘူး။အချိန်ကို စီးနေတာလို ခံစားရတယ် မဟုတ်လား။

မနက်ခင်းအလင်းရောင်က တောင်နံရံတွေကို တဖြည်းဖြည်း ထိလာတယ်။ ရေပြင်ပေါ်မှာ မြူတွေ လွင့်နေတယ်။ လှေက ရေစီးနောက် လိုက်လာတယ်။ ဒီနေရာကစပြီး ယန်ဇီဟာ သဘာဝမြင်ကွင်း တစ်ခုထက် ပိုလာပြီ။ တရုတ်လူမျိုးတွေရဲ့ မှတ်ဉာဏ်နဲ့ စိတ်ဝိညာဉ်ထဲ ဝင်လာတဲ့ မြစ်တစ်စင်း ဖြစ်လာတယ်။ ဟော—ကဗျာတွေရှင်သန်ခဲ့တဲ့ဖုန့်ကျဲ (Fengjie) ကို ဖြတ်နေပြီ။ ဒီနေရာမှာ တောင်တွေက လူကို သေးငယ်သွားစေတယ်။ မြစ်ကတော့လူ့ဘဝဟာဘယ်လောက်တိုတောင်းတယ်ဆိုတာ သတိပေးတယ်။ ဒါကြောင့်ပဲ တရုတ်ကဗျာဆရာတွေ ဒီနေရာကို စွဲလန်းခဲ့ကြတာလား။ ဒီနားမှာ လှေကို ခဏရပ်ကြရအောင်။

ဟိုးတောင်ပေါ်မှာ ပိုင်တိချန်း (Baidicheng) ရှိတယ်။ လီဘိုင်ရဲ့ နာမည်ကြီးကဗျာနဲ့ ဆက်စပ် နေတဲ့နေရာ။ နိုင်ငံရေးအခက်အခဲကြောင့် အဝေးကို ပို့ခံခဲ့ရပြီးနောက် လီဘိုင်ဟာ ဒီနေရာကနေ မြစ်အတိုင်း ဆင်းလာခဲ့တယ်လို့ ဆိုကြတယ်။ သူ့အတွက် မြစ်ဆင်းခရီးဟာ အပြစ်ဒဏ်ကနေ လွတ်မြောက်ခြင်းလို၊ မြစ်ဆိုတာ အတိတ်ကနေ လွတ်မြောက်အောင် ခေါ်ဆောင်သွားတဲ့လမ်း။ ဒီညတော့ ဒီမှာပဲ အိပ်ကြရအောင်။ လှေကို ကြိုးချည်ထားလိုက်မယ်။ မီးအိမ်လေးကို မီးညှိထွန်းလိုက်ကြစို့။ မနက်မှ ဆက်စီးကြမယ်။ မနက်လင်းရင် ယန်ဇီရဲ့ ကဗျာသုံးပုဒ်လို့ တင်စားရတဲ့ လျှိုကြီးသုံးခုကို တွေ့ရတော့မှာ။

ဟော—လှေပေါ် တက်လာတာ တုဖူ (Du Fu) ပါလား။တုဖူကလီဘိုင်နဲ့ ခေတ်တူ ကဗျာဆရာကြီး။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ မြစ်က မတူဘူး။ လီဘိုင်ရဲ့ ကဗျာတွေမှာ လွတ်လပ်မှု၊ အိပ်မက်နဲ့ သဘာဝအလှတွေ ပိုများတယ်။ တုဖူရဲ့ ကဗျာတွေမှာတော့ စစ်၊ ဆင်းရဲဒုက္ခနဲ့ လူသာမန်တွေရဲ့ဘဝ ပိုတွေ့ရတယ်။ တုဖူဟာ ဘဝနောက်ပိုင်းမှာ ယန်ဇီမြစ်ဒေသမှာ နေထိုင်ခဲ့တယ်။ သူမြင်ခဲ့တာက စစ်ဘေးကြောင့် ထွက်ပြေးရသူတွေ။ အိမ်ဆုံးရှုံးရသူတွေ။ ဆင်းရဲတဲ့ မိသားစုတွေ။ ဒါကြောင့် တုဖူကို တချို့က တရုတ်လူမျိုးတွေရဲ့ ဝမ်းနည်းမှုကို ရေးတဲ့ကဗျာဆရာလို့ဆိုကြတယ်။ ၇၄၄ ခုနှစ်မှာ တွေ့ခဲ့ကြတဲ့ ဒီမတူတဲ့ လူနှစ်ယောက်။ ခုတော့ တစ်လှေထဲ၊ တစ်ခရီးထဲ။ ကဲ—အတူဆက်ကြမယ်။

ရှေ့မှာ ပထမဆုံးလျှိုကြီး ချူထန်း (Qutang Gorge) ရဲ့ ဝင်ပေါက်ကို မြင်နေရပြီ။ သုံးခုထဲမှာ အတိုဆုံးနဲ့ အကျဉ်းဆုံးလျှို။ တောင်နံရံနှစ်ဖက်က အလွန်နီးကပ်တယ်။ ရှေးခေတ်ခရီးသွားတွေက ကောင်းကင်တံခါးတစ်ခု ဖွင့်ထားသလို ခံစားခဲ့ကြတယ်။ ဒီနေရာမှာ မြစ်ဟာ အေးအေးဆေးဆေး မစီးတော့ဘူး။ သူ့မှာ အင်အားရှိတယ်။ ကျောက်တောင်တွေကြားကို ကိုယ့်လမ်းကိုယ် ဖောက်ယူလာတဲ့မြစ်။ ဒီနေရာကို တုဖူ ကြည့်တဲ့အခါမှာတော့ တောင်အလှတင် မဟုတ်ဘူး။ အိုမင်းလာတဲ့ ကိုယ့်ဘဝ၊ ပျောက်ဆုံးသွားတဲ့ နိုင်ငံရေးအိပ်မက်နဲ့ မိသားစုနဲ့ ခွဲခွာရခြင်းတွေကိုပါ မြင်ခဲ့တယ်။ သူ့ရဲ့ “တောင်ပေါ်တက်ခြင်း” ကဗျာမှာ လေတိုက်တယ်။ မျောက်သံကြားတယ်။ သစ်ရွက်တွေ ကျတယ်။ ပြီးတော့ သူ့ကိုယ်သူ ပြန်ကြည့်တယ်။ အဲဒီအချိန်မှာ မြစ်ဟာ သဘာဝ မဟုတ်တော့ဘူး။ အချိန်ရဲ့ သင်္ကေတ ဖြစ်သွားတယ်။ လီဘိုင်က “ဘဝဟာ ခရီးတစ်ခုပါ။ လွတ်လပ်စွာ စီးဆင်းကြစို့” လို့ လှေပေါ်ကနေ ပြောနေသလို။ တုဖူကတော့ “ခရီးမှာ ကျန်ခဲ့တဲ့ လူတွေရဲ့ နာကျင်မှုကို မမေ့နဲ့” လို့ မြစ်ကမ်းပါးကနေ ပြောနေသလိုပဲ။

ချူထန်းလျှိုရဲ့ ဂိတ်ပေါက် ခွေ့မန် (Kuimen) ကို ဖြည်းဖြည်းချင်း ဝင်ကြမယ်။ဒီနေရာက ရိုးရိုးမြစ်ခရီး မဟုတ်တော့ဘူး။ သဘာဝသမိုင်း၊ တရုတ်ကဗျာသမိုင်း၊ ရှေးဟောင်းယဉ်ကျေးမှုနဲ့ လူတွေရဲ့ ရွှေ့ပြောင်းရခြင်းတွေ ဆုံတဲ့နေရာ။ တောင်နှစ်ဖက်က အလွန်နီးပြီး မြင့်မားတယ်။ အောက်မှာတော့ ယန်ဇီရဲ့ ရေစီးက ကျဉ်းကျဉ်းလေး ပြေးနေတယ်။ရှေးက လှေသမားတွေအတွက် ဒီနေရာဟာ လှပသလို အန္တရာယ်လည်း ရှိတယ်။ ရေစီး၊ လေ၊ ကျောက်တောင်—သုံးခုလုံးကို နားလည်မှ ဖြတ်နိုင်တဲ့နေရာ။ လှေကို ဖြည်းဖြည်းချင်း ဆက်စီးကြစို့။ချူထန်းလျှိုက နောက်မှာ ကျန်ခဲ့ပြီ။ တောင်နံရံကြီးတွေက တဖြည်းဖြည်း ဝေးလာပြီ။

တုဖူအတွက်တော့ ဒီဒေသဟာ ဘဝရဲ့ အရေးကြီးဆုံးအခန်းတစ်ခန်း ဖြစ်ခဲ့တယ်။ ငယ်ငယ်ကတည်းက စာပေကို ချစ်ခဲ့သူ။ စာပေနဲ့ နိုင်ငံကို အကျိုးပြုချင်ခဲ့သူ။ ဒါပေမယ့် သူ့ဘဝက အိပ်မက်အတိုင်း မဖြစ်ခဲ့ဘူး။ အန်လုရှန် (An Lushan) ပုန်ကန်မှုနောက်ပိုင်း တန် (Tang) အင်ပါယာကြီး မငြိမ်မသက် ဖြစ်လာတဲ့အခါ တုဖူဟာ ဖမ်းဆီးခံရတယ်။ မိသားစုနဲ့ ခွဲခွာရတယ်။ ဆင်းရဲမှုကို ကြုံရတယ်။ သူ့ကဗျာတွေထဲမှာ ဘုရင်တွေရဲ့ နန်းတော်ထက် ဆာလောင်နေတဲ့ လူတွေ၊ စစ်ထဲပို့ခံရတဲ့ မိသာစုတွေ၊ မျက်ရည်ကျနေတဲ့ မိခင်တွေ ပိုများလာတယ်။နောက်ဆုံးမှာချန်တူ(Chengdu) ကိုရောက်လာတယ်။ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ သက်ကယ်မိုးအိမ်လေးတစ်လုံး ဆောက်နိုင်ခဲ့တယ်။ အိမ်ကြီး မဟုတ်ဘူး။

ဒါပေမယ့် တုဖူအတွက်တော့ခဏတာ ငြိမ်းချမ်းခွင့်ရတဲ့ ကမ်းနားလေးတစ်ခု။ အဲဒီအချိန်မှာ သူရေးခဲ့တဲ့ ကဗျာတစ်ပုဒ်မှာ အလွန်လှတဲ့ စိတ်ကူးတစ်ခု ရှိတယ်။ သူ့အိမ်ကိုယ်တိုင် မိုးကြီးလို့ ပျက်စီးနေချိန် သူဆုတောင်းတာက ကိုယ့်အိမ်ကောင်းဖို့ မဟုတ်ဘူး။ ကမ္ဘာပေါ်က ဆင်းရဲသူတွေ အားလုံး နွေးထွေးတဲ့အိမ် ရှိကြစေဖို့။ ဒီနေရာမှာပဲ လီဘိုင်နဲ့ တုဖူရဲ့ ကွာခြားချက်ကို မြင်ရတယ်။ လီဘိုင်က လကို ကြည့်ပြီး “ဘဝက လှပတယ်” လို့ ပြောသလို။ တုဖူက မိုးရွာနေတဲ့ အိမ်ခေါင်မိုးကို ကြည့်ပြီး “တခြားသူတွေလည်း ဒီလိုမနေရအောင် ဘာလုပ်ရမလဲ”။ တုဖူရဲ့ နောက်ဆုံးနှစ်တွေမှာ အိမ်ပြန်ချင်တဲ့စိတ် ရှိနေခဲ့တယ်။ ဒါပေမယ့် အိမ်ကို မရောက်ခင် ခရီးသွားရင်း ကွယ်လွန်ခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုကြတယ်။ မြစ်ပေါ်မှာ။ လှေပေါ်မှာ။ အိမ်အပြန်လမ်း မပြီးဆုံးခင်။

လှေဆက်စီးကြမယ်။ ရှေ့မှာ လျှိုသုံးခုရဲ့ ဒုတိယအပိုင်း ဝူလျှို (Wu Gorge) ကို ရောက်ပြီ။ ချူထန်းက တောင်ကြားထဲက ခွန်အားကို ပြတယ်ဆိုရင် ဝူလျှိုက အလှနဲ့ လျှို့ဝှက်မှုကို ပြတယ်။ မြူတွေကြားက တောင်တွေ၊ ရှေးဒဏ္ဍာရီတွေ၊ နတ်သမီးတောင်နဲ့ ကဗျာဆရာတွေရဲ့ အိပ်မက်တွေ။ ဝူရှန်တောင်တန်းရဲ့ ဆယ့်နှစ်တောင်ထဲက တစ်ခုကတော့ မိန်းမပုံသဏ္ဍာန်လို မြင်ရတဲ့ နတ်သမီးတောင် (Goddess Peak)။ ဒဏ္ဍာရီအရ နတ်သမီးတစ်ပါးက လူ့ကမ္ဘာကို ဆင်းလာပြီး နောက်ဆုံး ဒီတောင်အဖြစ် ကျန်ခဲ့တယ်လို့ ဆိုကြတယ်။ တောင်တစ်လုံးကို လှပတယ်လို့ပဲ ကြည့်လို့မရပါဘူး။ တောင်တစ်လုံးထဲမှာ လူတွေရဲ့ ပုံပြင်တွေ၊ ယုံကြည်မှုတွေ၊ နှစ်ထောင်ချီတဲ့ မှတ်ဉာဏ်တွေ ရှိနေတယ်။ ဒီဒေသမှာ လူတွေရဲ့ဘဝဟာ မြစ်ပေါ်မှာ၊ လှေပေါ်မှာ၊ တောင်စောင်းတွေပေါ်မှာ တည်ဆောက်ခဲ့ကြရတယ်။ တံငါသည်တွေ၊ လှေသမားတွေ၊ လယ်သမားတွေဟာ ယန်ဇီနဲ့အတူ အသက်ရှင်ခဲ့ကြတယ်။

လှေပေါ်မှာမာဂျင်(Ma Jian)လည်း ရောက်လာပြီ။ ခေတ်သစ်တရုတ်စာပေထဲက ပြည်နှင်ဒဏ်ခံခဲ့ရတဲ့ စာရေးဆရာတစ်ယောက်။ သူ့ရဲ့ The Dark Road ထဲမှာ ယန်ဇီမြစ်နဲ့ ဆက်စပ်နေတဲ့ လူတွေရဲ့ ဘဝ၊ အိမ်ပြန်လို့မရတဲ့ ခံစားချက်တွေ၊ လမ်းပျောက်နေတဲ့ လူသားတွေကို တွေ့ရတယ်။ အဲဒီထဲမှာ စတာဂျင်ငါးလည်း ပါလာတယ်။ သူ့အတွက် ယန်ဇီမြစ်ဟာ လှပတဲ့ရှုခင်းနောက်ခံ မဟုတ်ဘူး။ မြစ်ကို ဖြတ်သန်းနေတာ မဟုတ်ဘူး။ မြစ်နဲ့အတူ အသက်ရှင်ဖို့ ကြိုးစားနေတာ။ မြစ်ဟာ တစ်ခါတစ်ရံ လွတ်မြောက်ရာလမ်း။တစ်ခါတစ်ရံ ပုန်းခိုရာနေရာ။ တစ်ခါတစ်ရံ ဆုံးရှုံးမှုတွေကို သယ်သွားတဲ့ အမှောင်လမ်း။

ဝူလျှိုအလယ်မှာ ခဏနားကြမယ်။ ရှေ့မှာ ရှီးလင်း (Xiling Gorge) လျှိုက စောင့်နေပြီ။ ဒါပေမယ့် မဝင်ခင် ရှန်နုံချောင်း (Shennong Stream) ကို ရပ်ကြည့်ကြရအောင်။ ဒီချောင်းဟာ ယန်ဇီထဲကို စီးဝင်တဲ့ မြစ်လက်တက်တစ်ခု။ ရှေးက လူတွေဟာ ဒီချောင်းကို အသုံးပြုပြီး သစ်တောထွက်ပစ္စည်း တွေသယ်တယ်။ ကုန်ပစ္စည်းတွေ ရွှေ့တယ်။ တောင်ရွာတွေကို ဆက်သွယ်တယ်။ဒါပေမယ့်ဒီနေရာရဲ့ အထင်ရှားဆုံးအသံက လှေသမားတွေရဲ့ အသံ ဖြစ်ခဲ့တယ်။ ရေစီးပြင်းတဲ့နေရာကို ဖြတ်ဖို့ ရေစီးကို ဖတ်ရတယ်။ လေကို နားထောင်ရတယ်။ ကျောက်တုံးတွေကို မှတ်ရတယ်။တချို့နေရာတွေမှာ လူက တောင်ကမ်းပါးပေါ်ကနေ လှေကို ကြိုးနဲ့ဆွဲရတယ်။ သူတို့ရဲ့ ကိုယ်ခန္ဓာ၊ အသံနဲ့ အတွေ့အကြုံတွေဟာ မြစ်ရဲ့ မြေပုံတစ်ခုလို ဖြစ်ခဲ့တယ်။ စတာဂျင်က ရေစီးကို ဆန့်ကျင်ပြီး မွေးရာမြေကို ရှာတယ်။ လှေသမားတွေကတော့ ရေစီးရဲ့စိတ်ကို နားလည်ပြီး အသက်ရှင်ခဲ့ကြတယ်။ နှစ်ခုလုံးမှာ တူညီတာ တစ်ခုရှိတယ်။ မြစ်ကို အနိုင်ယူဖို့ မကြိုးစားဘူး။ မြစ်နဲ့အတူ နေဖို့ ကြိုးစားကြတယ်။ လျှိုသုံးခု ရေကာတာ (Three Gorges Dam) ပြီးတဲ့နောက် ရေပြင်က ပိုငြိမ်လာတယ်။ ဒါပေမယ့် ရှေးက မြစ်နဲ့အတူ ရှင်သန်ခဲ့တဲ့ ဘဝပုံစံတွေကတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ။ လုံခြုံမှုရဖို့ ဘာတွေ ဆုံးရှုံးရသလဲ။

ရှန်နုံချောင်းကနေ ပြန်ထွက်ကြမယ်။ အခုတော့ လျှိုသုံးခုထဲမှာ အရှည်ဆုံး၊ အရင်က အန္တရာယ် အများဆုံးလို့ နာမည်ကျော်ခဲ့တဲ့ ရှီးလင်းလျှိုထဲကို ဝင်လာပြီ။ ရှေ့မှာ ရေကာတာကြီး။ နောက်မှာတော့ စီးလာခဲ့တဲ့ မြစ်လမ်းကြောင်း။ ကျင်းရှာမြစ်ရဲ့ မွေးဖွားရာကနေ ချူထန်း၊ ဝူလျှိုတွေကို ဖြတ်လာခဲ့တဲ့ ခရီး။နှစ်သန်းပေါင်းများစွာ တောင်တွေကို ထိုးဖောက်ဖြတ်စီးလာတဲ့ မြစ်တစ်စင်းကို နောက်ဆုံးမှာ လူသားတွေက တံတိုင်းတစ်ခုနဲ့ တားထားလိုက်ပြီ။

ရေကာတာကြီးကို အင်ဂျင်နီယာအံ့ဖွယ်တစ်ခုအဖြစ်ပဲ မကြည့်ကြရအောင်။ ရွှေ့ပြောင်းခဲ့ရသူတွေရဲ့မျက်လုံးနဲ့လည်းကြည့်ကြရအောင်။ ရေမတက်ခင် ဒီဒေသမှာ လူတွေရဲ့ဘဝဟာ မြစ်နဲ့ ချိတ်ဆက် နေခဲ့တယ်။ မနက်ဆို တံငါသည်တွေ လှေထွက်တယ်။ ဈေးထဲမှာ တောင်ပေါ်ကထွက်ကုန်တွေနဲ့ မြစ်ထဲကငါးတွေရောင်းတယ်။ ကလေးတွေက မြစ်ကမ်းမှာ ကစားတယ်။ အဖိုးအဖွားတွေက ဒီတောင်ဟာ ဘယ်သူ့တောင်၊ ဒီကျောက်တုံးမှာ ဘယ်ပုံပြင်ရှိတယ်ဆိုတာ ပြောပြတယ်။ မြို့ဆိုတာ အိမ်တွေစုထားတာ မဟုတ်ဘူး။ လူတွေရဲ့ နေ့စဉ်အသက်ရှူသံတွေ စုနေတဲ့နေရာ။

Three Gorges Dam စီမံကိန်းကြောင့် လူပေါင်း တစ်သန်းကျော် နေရာရွှေ့ပြောင်း ခဲ့ရတယ်။သူတို့အတွက် အခက်ဆုံးအရာက အိမ်အသစ်ရဖို့မဟုတ်ဘူး။အိမ်ဟောင်းကို နောက်ဆုံးအကြိမ် ပိတ်ခဲ့ရတဲ့အချိန်။ တချို့က အိမ်တံခါးကို သော့ခတ်ခဲ့တယ်။ တချို့က အဘိုးအဘွားတွေရဲ့ သင်္ချိုင်းကို ရွှေ့ခဲ့တယ်။ တချို့က မြစ်ကမ်းမှာ နောက်ဆုံးတစ်ခါ ထိုင်ကြည့်ခဲ့တယ်။ သူတို့ဟာ နေရာတစ်ခုကနေ နေရာတစ်ခုကို ပြောင်းတာ မဟုတ်ဘူး။ ဘဝတစ်ခုကနေ နောက်ဘဝတစ်ခုကို ကူးပြောင်းခဲ့ကြရတာ။

ရေတက်လာတဲ့အခါ မြို့ဟောင်းတွေနဲ့ ရွာတွေ အများအပြား ရေအောက်မှာ ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမယ့် ပျောက်ကွယ်သွားတာ အဆောက်အဦးတွေပဲ မဟုတ်ဘူး။ လမ်းထောင့်က လက်ဖက်ရည်ဆိုင်၊ အိမ်ရှေ့က သစ်ပင််၊မင်္ဂလာဆောင်ခဲ့တဲ့နေရာ၊ ကလေးဘဝက ရေကူးခဲ့တဲ့ ကမ်းခြေ၊ ရာသီတိုင်း ပြန်လာတဲ့ မြင်ကွင်း။ အဲဒါတွေလည်း ရေအောက်ရောက်သွားခဲ့တယ်။ “ငါတို့ ဘယ်နေရာကို အိမ်လို့ ခေါ်ရမလဲ” ဒီမေးခွန်းက သူတို့နှလုံးသားထဲမှာ ကျန်ခဲ့တယ်။ လှေသမားကြီး တစ်ယောက်က ရေပြင်ကို လက်ညှိုးထိုးပြီး “ဒီနေရာမှာ ဈေးရှိခဲ့ဖူးတယ်” လို့ ပြောတယ်။ နည်းနည်းဆက်သွားတော့ “ဒီမှာ ကျောင်းရှိခဲ့ဖူးတယ်” ပြီးတော့ “ဒီမှာ ငါ့အိမ်ရှိခဲ့ဖူးတယ်” ရေပြင်ကို ကြည့်လိုက်ရင် ဘာမှမမြင်ရဘူး။ ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ မြို့ဟောင်းက အခုထိ မပျောက်သေးဘူး။ “မြို့ပျောက်သွားရင် လူက ဘယ်လိုဆက်ရှင်သန်မလဲ” ဆိုတာထက် “မှတ်ဉာဏ်ကို ထားရမယ့်နေရာ ပျောက်သွားတာပါ။

ဒါပေမယ့် ဒီဇာတ်လမ်းမှာ အခြားတစ်ဖက်လည်း ရှိတယ်။ Three Gorges Dam ကို လူတိုင်းက ဆုံးရှုံးမှုတစ်ခုတည်းနဲ့ မမြင်ကြဘူး။ ထောက်ခံသူတွေက ရေကြီးမှုအန္တရာယ် လျော့စေတယ်၊ လျှပ်စစ်ထုတ်လုပ်မှု တိုးစေတယ်၊ သင်္ဘောသွားလာရေး ပိုကောင်းစေတယ်လို့ မြင်ကြတယ်။ ဒါကြောင့် ဒီရေကာတာကို ရိုးရိုး “ကောင်းတယ်”၊ “မကောင်းဘူး” လို့ပဲ ဖြေရှင်းလို့မရဘူး။ ဒါဟာ လူသားတွေရဲ့ လိုအပ်ချက်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပေးဆပ်ရတဲ့ တန်ဖိုးတွေ ဆုံနေတဲ့ ဆုံးဖြတ်ချက်တစ်ခု။

အခု ညနေခင်းဖြစ်ပြီလို့ စိတ်ကူးကြည့်ပါ။ လှေက ရေကာတာအနားမှာ ငြိမ်နေတယ်။ ရေပြင်က တိတ်တိတ်လေး။ ဒါပေမယ့် ရေအောက်မှာ မြို့ဟောင်းတွေ ရှိနေတယ်။ လမ်းဟောင်းတွေ ရှိနေတယ်။ လူတွေရဲ့ မှတ်ဉာဏ်တွေ ရှိနေတယ်။ မြစ်ကတော့ အဲဒီအရာတွေအားလုံးကို သယ်ဆောင်ပြီးဆက်စီးနေတယ်။ ရှေ့မှာ လူသားနည်းပညာရဲ့ အံ့ဖွယ်တံတိုင်းကြီး။ နောက်မှာ ရေအောက် ရောက်သွားတဲ့ မြို့ဟောင်းတွေ။ အောက်မှာတော့ ယန်ဇီမြစ်။ ဒီမြင်ကွင်းမှာ အနိုင်ရသူက တစ်ယောက်တည်း မရှိဘူး။ ရှိနေတာက လူသားရဲ့ အိပ်မက်၊လူသားရဲ့ဆုံးရှုံးမှုနဲ့လူသားရဲ့ရွေးချယ်မှု။

ရေကာတာကြီးကို ကျော်ပြီး လှေခရီးက ဆက်သွားတယ်။ ယီချန်း (Yichang) ကို ရောက်လာပြီ။ ဒီနေရာကစပြီး ယန်ဇီဟာ တောင်တွေကြားကနေ လွတ်လာတယ်။ မြေပြန့်ကျယ်လာတယ်။ ရေစီးကလည်း ပိုတည်ငြိမ်လာတယ်။ ရုတ်တရက် ရေအောက်က လှုပ်သွားတာတစ်ခု ကြားလိုက်ရတယ်။ ငုံ့ကြည့်လိုက်တော့ စတာဂျင်ငါးတစ်ကောင်။ သူက အသံမထွက်ဘူး။ သူ့အလုပ်ကိုပဲ သူလုပ်နေတယ်။ဒါပေမယ့် သူ့ကိုယ်ထဲမှာတော့ အကျယ်လောင်ဆုံးအသံတစ်ခု ရှိနေလိမ့်မယ်။

“လမ်းဘယ်မှာလဲ။”

“အိမ်ပြန်ဖို့ လမ်းဘယ်မှာလဲ။”

“လမ်းပြပေးပါ”

ရေကာတာကြီးဟာ လူတွေရဲ့ဘဝကို ရွှေ့ပြောင်းစေခဲ့သလို သူ့အတွက်လည်း အိမ်ပြန်လမ်းကို ပြောင်းလဲစေခဲ့ပြီ။ လှေကတော့ ဆက်ဆင်းရမှာပဲ။

ကျင်းကျိုး (Jingzhou) ကို ဖြတ်လာတယ်။ ဒီနေရာဟာ တရုတ်သမိုင်းထဲမှာ နာမည်ကြီးတယ်။ သုံးနိုင်ငံခေတ် (Three Kingdoms) ပုံပြင်တွေထဲမှာ မကြာခဏ ပါဝင်ခဲ့တဲ့နေရာ။ ဒီမှာ ယန်ဇီဟာ ရေကြောင်းလမ်းတစ်ခုသာ မဟုတ်ဘူး။ နိုင်ငံရေး၊ စစ်ရေးနဲ့ ယဉ်ကျေးမှုတွေ ဆုံတဲ့လမ်း။ ဟော ဝူဟန် (Wuhan) ကို ရောက်ပြီ။ ဒီနေရာမှာ ယန်ဇီနဲ့ ဟန်မြစ် ဆုံတယ်။ ဟိုးမှာက ဟွမ်ဟယ်လိုး (Huanghelou) အဝါရောင်ကြိုးကြာမျှော်စင်။ ရှေးကဗျာဆရာတွေက ဒီနေရာမှာ မြစ်ကိုကြည့်ပြီး ဘဝရဲ့တိုတောင်းမှု၊ ခရီးရဲ့အဓိပ္ပာယ်၊ ခွဲခွာရခြင်းနဲ့ ပြန်တွေ့ရခြင်းတွေကို ရေးခဲ့ကြတာ။ လှေက အရှေ့ဘက်ကို ဆက်သွားတယ်။ နန်ကျင်း (Nanjing) ကို ရောက်ပြီ။ တရုတ်သမိုင်းမှာ မြို့တော်ဖြစ်ခဲ့တဲ့ ကာလများစွာ ရှိတဲ့မြို့။ ယန်ဇီဟာ ဒီနေရာမှာ မြို့တော်ကို ကာကွယ်ပေးတဲ့ သဘာဝတံတိုင်းလည်း ဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကုန်သွယ်ရေးလမ်းလည်း ဖြစ်ခဲ့တယ်။ ဟော ရှေ့မှာတော့ ယန်ဇီရဲ့ နောက်ဆုံးအိမ်။ ရှန်ဟိုင်း (Shanghai)။ အရှေ့တရုတ်ပင်လယ်ထဲကို ယန်ဇီ ဝင်တော့မယ်။ ပင်လယ်နံ့လေးတောင် ရနေပြီပဲ မဟုတ်လား။ တိဗက်ကုန်းမြင့်က ရေစက်လေးတစ်စက်ကနေ စခဲ့တဲ့ခရီးဟာ ကီလိုမီတာ ၆,၃၀၀ ကျော် စီးဆင်းပြီးနောက် ပင်လယ်ကြီးထဲကို ဝင်သွားတော့မယ်။ ဒီခရီးကတော့ ဒီတင် တစ်ထောက်နားပြီ‌ပေါ့။ ဒါပေမယ့် မဆုံးနိုင်တဲ့ လှေခရီးတွေကတော့ ဆက်ရှိနေဦးမှာပဲ။

မြစ်ဆိုတာ နောက်ပြန်မစီးဘူး။ သူသယ်ဆောင်လာတဲ့ အရာတွေကတော့ အတိတ်၊ မှတ်ဉာဏ်၊ ဆုံးရှုံးမှုနဲ့ မျှော်လင့်ချက်တွေ။ အဲဒါတွေအားလုံးကို သယ်ဆောင်ပြီး ရှေ့ကိုပဲ ဆက်စီးတယ်။ ဒါဟာ ယန်ဇီက ဒီလှေခရီးမှာ သင်ပေးခဲ့တာ။ မြစ်တစ်စင်းမှာလည်း ဘဝစက်ဝန်းရှိတယ်။ အပေါ်ပိုင်းမှာ မွေးတယ်။ အလယ်ပိုင်းမှာ ခွန်အားရတယ်။ အောက်ပိုင်းမှာ လူတွေရဲ့ဘဝကို ထောက်ပံ့တယ်။

နောက်ဆုံးမှာ ပင်လယ်နဲ့ ပြန်လည်ပေါင်းစည်းတယ်။ ဒီတော့ ပင်လယ်ဆိုတာ မြစ်ရဲ့အဆုံးလား။ ဒါမှမဟုတ် ပြန်လည်စတင်ခြင်းလား။ လူတွေက မြစ်ကို အပေါ်ကနေ ကြည့်ရင် “ဒီမှာ ဆုံးသွားပြီ” လို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သဘာဝအမြင်နဲ့ ကြည့်ရင် မြစ်ဟာ ပျောက်သွားတာ မဟုတ်ဘူး။ သူ့ကိုယ်ထဲမှာ သယ်လာခဲ့တဲ့ တောင်တွေရဲ့ မြေမှုန့်၊ သစ်တောတွေရဲ့ အရွက်ဟောင်း၊ မြို့တွေရဲ့ မှတ်ဉာဏ်နဲ့ လူတွေရဲ့ မျက်ရည်တွေကို ပင်လယ်ဆီ အပ်လိုက်တာ။ မြစ်ဟာ ရှေ့ကိုပဲ စီးသွားတယ်။ ဒါပေမယ့် သူသယ်လာတဲ့ မှတ်ဉာဏ်တွေကတော့ နောက်ကိုလည်း ပြန်ပြောနေတတ်တာမျိုး။ တစ်ခါတစ်ရံ ကဗျာထဲမှာ။ တစ်ခါတစ်ရံ လူတစ်ယောက်ရဲ့ မျက်လုံးထဲမှာ။ တစ်ခါတစ်ရံ ရေအောက်က မြို့ဟောင်းတစ်မြို့ရဲ့အရိပ်ထဲမှာ။တစ်ခါတစ်ရံတော့ အိမ်ပြန်ဖို့ လမ်းရှာနေတဲ့ စတာဂျင်ငါးလေး တစ်ကောင်ရဲ့ အမြီးလှုပ်သံထဲမှာ။ လှေကတော့ ရပ်သွားပြီ။

မြစ်ကတော့ ဆက်စီးနေတုန်းပဲ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ဟတ်ဒ်ဆန်မြစ်ထဲကို ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တဲ့နောက် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။