Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယူးယောက်မှာ မြစ်ထဲ ရဟတ်ယာဉ်ပျက်ကျပြီး ၆ ဦးသေဆုံး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ဟတ်ဒ်ဆန်မြစ်ထဲကို ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တဲ့နောက် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ဟတ်ဒ်ဆန်မြစ်ထဲကို ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တဲ့နောက် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁၀ ရက်နေ့က ဖြစ်စဉ်မှာ ရဟတ်ယာဉ် မြစ်ရေပြင်ထဲကို အရှိန်နဲ့ ဦးစိုက်ကျသွားပြီး စက္ကန့်ပိုင်း အကြာမှာပဲ ရဟတ်ယာဉ်ရဲ့ ပန်ကာဒလက်လို့ ယူဆရတဲ့ အရာတစ်ခုကလည်း မလှမ်းမကမ်းမှာ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လိုက်ပါလာသူ အားလုံး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက အတည်ပြုခဲ့ပါတယ်။ သေဆုံးသူတွေဟာ စပိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် မိသားစု တစ်ခုနဲ့ ရဟတ်ယာဉ်မှူးတို့ ဖြစ်ကြပါတယ်။

မူလက အသေအပျောက် ၄ ဦးလို့ သတင်းတွေ ထွက်ခဲ့ပေမယ့် နယူးယောက် မြို့တော်ဝန် အဲရစ် အဒမ်စ်က မိသားစု တစ်ခုထဲက လူ ၅ ဦးနဲ့ ရဟတ်ယာဉ်မှူးတို့ အသက်ဆုံးရှုံးခဲ့တာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

နယူးယောက် ရဲတပ်ဖွဲ့ ကော်မရှင်နာ ဂျက်ဆီကာ တစ်ချ်ကတော့ ကျန်ရစ်သူ မိသားစုဆီ ဆက်သွယ် အသိမပေးနိုင်သေးခင်မှာ သေဆုံးသူတွေရဲ့ နာမည်ကို ထုတ်ပြန်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ရဟတ်ယာဉ် ဘာကြောင့် ပျက်ကျခဲ့သလဲ ဆိုတာကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ တစ်ချ်က ပြောကြားထားပါတယ်။

ကနဦး စုံစမ်းမှုတွေအရ ရဟတ်ယာဉ်ဟာ ဂျော့ဂျ်ဝါရှင်တန် တံတားနားမှာ ကွေ့ပြီး နယူးဂျာစီ ကမ်းရိုးတန်းတလျှောက် ပျံသန်းဖို့ ဦးတည်နေချိန် စပြီး ပြဿနာ ကြုံခဲ့တယ်လို့ ယုံကြည်ရကြောင်း သိရှိရပါတယ်။ New York Helicopters ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ရဟတ်ယာဉ် ပျက်ကျပြီးကြောင်း သိသိချင်း မိနစ်ပိုင်း အတွင်းမှာတင် ကယ်ဆယ်ရေးလှေတွေ စေလွှတ်ခဲ့တယ်လို့ နယူးယောက် မီးသတ်ဌာန ကော်မရှင်နာ ရောဘတ် တက်ကာက ပြောပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ အသက်ရှင် ကျန်ရစ်သူတွေကို မျှော်လင့်တကြီး ရှာဖွေခဲ့သလို အရေးပေါ် အသက်ကယ် စနစ်တွေကိုပါ အသင့်ပြင်ထားခဲ့ပေမယ့် အချည်းနှီး ဖြစ်ခဲ့တယ်လို့လည်း တက်ကာက ဆိုပါတယ်။

ရဟတ်ယာဉ် ပျက်ကျတဲ့ ဟတ်ဒ်ဆန်မြစ် အစိတ်အပိုင်းဟာ လူစည်ကားရာ မက်ဟမ်တန် ရပ်ကွက် အနောက်ဖက်ခြမ်းနဲ့နီးပြီး စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စည်ကားသလို နယူးယောက် တက္ကသိုလ်နဲ့လည်း မလှမ်းမကမ်းမှာ တည်ရှိပါတယ်။

Bell 206 အမျိုးအစား ရဟတ်ယာဉ် ပျက်ကျရမှု အကြောင်းရင်းကို အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ဖက်ဒရယ် လေကြောင်း ကွပ်ကဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းဟာ ဆိုးရွားနာကျင်စရာဖြစ်ပြီး မကြာခင်မှာ နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ကြေညာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ကွယ်လွန်သူတွေရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေကိုလည်း ဘုရားသခင်က နှစ်သိမ့်ပေးဖို့ မျှော်လင့်ကြောင်း ထရမ့်က သူတည်ထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

Bell 206ဟာ ရှုူမျှော်ခင်းကြည့် ဝန်ဆောင်မှု ကုမ္ပဏီတွေ၊ ရုပ်မြင်သံကြား သတင်းဌာနတွေ၊ ရဲဌာနတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ အမျိုးအစား ဖြစ်ပါတယ်။

နယူးယောက်မှာ ရဟတ်ယာဉ် ပျက်ကျလို့ ကမ္ဘာလှည့် ခရီးသည်တွေ သေဆုံးတဲ့ ဖြစ်စဉ်က ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၈ တုန်းကလည်း ကမ္ဘာလှည့်ခရီးသည်တွေ ပါလာတဲ့ ရဟတ်ယာဉ်တစ်စီး အရှေ့ဖက်မြစ်ထဲ ပျက်ကျပြီး ၅ ဦး ရေနစ်သေဆုံးခဲ့သလို လေယာဉ်မှူး တစ်ဦးတည်း အသက်ရှင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ အီတလီ ကမ္ဘာလှည့် ခရီးသည်တွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ဟတ်ဒ်ဆန်မြစ်ပေါ်မှာ ကိုယ်ပိုင် လေယာဉ်ငယ် တစ်စီးနဲ့ ဝင်တိုက်မိပြီး ၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူ‌ထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

Facebook