Connect with us

Hi, what are you looking for?

သတင်း

မင်းပြားနဲ့ ပေါက်တောကို AAက မြို့နာမည်ပြောင်း ဆိုင်းဘုတ်သစ်တင်

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဇူလိုင်-၂၈၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ် မင်းပြားမြို့နဲ့ ပေါက်တောမြို့တို့ကို ဒီနေ့မှာ မြို့နာမည်ပြောင်း ဆိုင်းဘုတ်သစ်တင်ကာ ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး အမြောက်ခုနှစ်ချက် ပစ်ဖောက်ဂုဏ်ပြုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့ကို ‘အဉ္ဇနပူရမြို့’နဲ့ ပေါက်တောမြို့ကို ‘ဝီရဌာနီမြို့’ဆိုပြီး နာမည်ပြောင်းခဲ့တာပါ။ ဒီနေ့ ဇူလိုင် ၂၈ ရက် မနက် ၇ နာရီကျော်အချိန်မှာ အသစ်ပြုလုပ်ထားတဲ့ မြို့ဝင်ဆိုင်းဘုတ်တွေရှေ့ ဖွင့်ပွဲလုပ်ခဲ့ကြတာလို့ သိရပါတယ်။

“ပါတီ၊ အုပ်ချုပ်ရေးတို့က တာဝန်ရှိသူတွေနဲ့ ဖွင့်ပွဲလုပ်ကြတာ။ အမြောက်ခုနစ်ချက် ဖောက်တယ်။ အခု ဆိုင်းဘုတ်တွေလည်း အသစ်ဖြစ်သွားပါပြီ။ အဉ္ဇနပူရမြို့သူဖြစ်သွားပြီပေ့ါလေ”လို့ မင်းပြားမြို့မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒ့ါအပြင် ပေါက်တောမြို့အဝင်ဆိုင်းဘုတ်ကိုလည်း ဒီနေ့ မနက်ပိုင်းမှာပဲ နာမည်သစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး နာမည်ပြောင်း အထိမ်းအမှတ် သစ်ပင်စိုက်နေကြတယ်လို့ ဆိုပါတယ်။ ‘ဝီရဌာနီ စိမ်းလမ်းစီ’ အဲလို ဆောင်ပုဒ်တွေနဲ့ အပင်စိုက်နေကြတယ်။ မြို့နာမည်အသစ်ဖြစ်သွားပြီ ဆိုင်းဘုတ်တွေမှာ၊ မနေ့က လုပ်ကြတာ။ ဒီနေ့ဖွင့်တယ်”လို့ ပေါက်တောမြို့ခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားတဲ့ AA ဟာ အဲဒီမြို့နယ်တွေထဲက နှစ်ခုဖြစ်တဲ့ ပေါက်တောနဲ့ မင်းပြားမြို့တို့ကို ကနဦးအနေနဲ့ နာမည်ပြောင်းဖို့ ပြီးခဲ့တဲ့လကတည်းက စီစဉ်နေခဲ့တာဖြစ်ပြီး နောက်ထပ် မြို့အချို့ကိုလည်း နာမည်ပြောင်းဖို့ရှိနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အဉ္ဇနပူရဆိုတာဟာ မင်းပြားမြို့နယ်မှာရှိတဲ့ လေးမြို့(အဉ္ဇန)မြစ်ကို အစွဲပြုထားတာတာဖြစ်ပြီး ပေါက်တောမြို့ကိုတော့ ရဲရင့်၊ သတ္တိပြည့်၀တဲ့ နေရပ်လို့ အဓိပ္ပါယ်ရတဲ့ ဝီရဌာနီဆိုပြီး ပြောင်းခဲ့တာလို့ သိရပါတယ်။

“ရခိုင်ဘုရင်လက်ထက်ကတည်းက ခေါ်ခဲ့တဲ့ အဉ္ဇနမြစ်ကို ယူပြီး အဉ္ဇနပူရမြို့လို့ ထားတာ။ ပေါက်တောမြို့ကတော့ ရခိုင်တိုက်ပွဲမှာ အစောဆုံးတိုက်ပွဲဒဏ်ခံခဲ့ရပြီး သတ္တိရှိရှိနဲ့ ကြံ့ကြံ့ခံခဲ့ကြတဲ့ မြို့သူမြို့သားတွေကို ဂုဏ်ပြုတာလို့ သိရတယ်။ ဒီနာမည်တွေကို အထက်က ဗိုလ်ချုပ်တို့ လူကြီးတွေ ကိုယ်တိုင် ပေးတဲ့နာမည်တွေပါ”လို့ ပေါက်တောဒေသခံ၊ AA လက်အောက်ခံ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အခြားမြို့တွေကိုလည်း နာမည်ပြောင်းဖို့ စီစဉ်နေတယ်လို့ နီးစပ်သူတွေက ပြောထားပေမယ့် ဘယ်မြို့တွေကို ဘယ်လိုနာမည်ပြောင်းမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ AA ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို ခရိုင် ၇ ခု ပြောင်းလဲဖွဲ့စည်းကာ ချင်းပြည်နယ် ပလက်၀ကိုလည်း ခရိုင်တစ်ခု အဖြစ် ပြင်ဆင်ဖွဲ့ စည်းထားပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရားတွေအပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ဆောင်နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

Facebook