ဇူလိုင် – ၂၉ ၊၂၀၂၆
စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အသက် ၂၃ နှစ်အရွယ် အဲဒီမြန်မာအမျိုးသားဟာ ဂါဇာကမ်းမြှောင် ဒေသမှာ လုပ်ဆောင်မယ့် အကြမ်းဖက် တိုက်ခိုက်မှု အစီအစဉ်တစ်ခုအတွက် ငွေကြေးတွေ ထောက်ပံ့ ပို့ဆောင်ခဲ့ကြောင်း စင်ကာပူ ပြည်တွင်းလုံခြုံရေးဌာန (ISD)က ဆိုပါတယ်။ အဲဒီ အမျိုးသားကို ဇူလိုင် ၂၉ ရက်နေ့မှာ စွဲချက်တင်မယ်လို့လည်း သိရပါတယ်။
ISDဟာ အဲဒီ အမျိုးသားက လူမှုကွန်ရက်ပေါ်မှာ အမုန်းတရား အခြေခံ အစွန်းရောက် ဝါဒစွဲ အကြောင်းအရာတွေ ရေးသား ဖြန့်ဝေနေခဲ့ရာက အာဏာပိုင်တွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement
ဇူလိုင် ၂၈ ရက်နေ့တုန်းက စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာန (MHA)ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီ အမျိုးသားဟာ ၂၀၂၄ ခုနှစ်လောက်ကစပြီး အစ္စလာမ် ဆန့်ကျင်ရေး အမုန်းတရား အခြေပြု ဝါဒစွဲမျိုး ပြင်းပြင်းထန်ထန် စတင် ကိန်းအောင်းလာတယ်လို့ အာဏာပိုင်တွေက ယူဆခဲ့ပါတယ်။
အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေးကို ဂါဇာ အခြေစိုက် ဟားမားစ် ပြောက်ကျားတွေက အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရေးသား ဖော်ပြချက်တွေကို အခြေပြုပြီး သူဟာ အစ္စလာမ် မုန်းတီးတဲ့ ဝါဒကို နက်နက်ရှိုင်းရှိုင်း သက်ဝင် လက်ခံလာကြောင်း၊ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုဟာ မျှတတယ်ဆိုတဲ့ အယူအဆမျိုးကိုလည်း သဘောတူလာကြောင်း သိရပါတယ်။
တစ်ဖက်မှာတော့ ၂၀၂၅ ခုနှစ် အစောပိုင်းလောက်ကစပြီး လက်ယာစွန်း အတွေးအခေါ်တွေ၊ အွန်လိုင်းပေါ်က ဂျူးဆန့်ကျင်ရေး ဝေဖန်စာတွေကို ဖတ်ရင်း ဂျူးတွေအပေါ်မှာလည်း အဲဒီ အမျိုးသားက မုန်းတီးစိတ် ကိန်းအောင်းလာပြန်ပါတယ်။
အဲဒီ အချိန်ကစလို့ သူဟာ ဂျူးတွေရော၊ မွတ်ဆလင်တွေကိုပါ အကြမ်းဖက် နည်းလမ်းတွေနဲ့ ကိုင်တွယ်သင့်တယ်ဆိုတဲ့ အယူအဆတွေ၊ အကြောင်းအရာတွေကို အွန်လိုင်းပေါ် တင်လာခဲ့ကြောင်း၊ သူ့ရဲ့ မုန်းတီးမှုထဲမှာ လက်ယာစွန်း ဝါဒီတွေ ပစ်မှတ်ထားလေ့ရှိတဲ့ လိင်တိမ်းညွှတ်မှု ကွဲပြားသူ LGBT အသိုက်အဝန်းတွေနဲ့ ရွှေ့ပြောင်း အခြေချသူတွေလည်း ပါဝင်လာကြောင်း MHAက ဆိုပါတယ်။
သူ့ရဲ့ အစွန်းရောက် ဝါဒစွဲ ပြုမူ လှုပ်ရှားမှုတွေကြောင့် ISDက သေချာ စောင့်ကြည့်ခဲ့တဲ့အခါ အဲဒီ အမျိုးသားဟာ လူမှုကွန်ရက် မီဒီယာ Xမှာ ဆက်သွယ်ခဲ့တဲ့ ပြည်ပအခြေစိုက် လူပုဂ္ဂိုလ် တစ်ယောက်ဆီကို ငွေကြေးတွေ လွှဲပေးခဲ့တာကို စစ်ဆေး တွေ့ရှိလာပါတယ်။
အဲဒီလူက လက်ခံရရှိတဲ့ ငွေကြေးတွေကို ဂါဇာရဲ့မြို့တော် ဂါဇာစီးတီးမှာ အရပ်သားတွေ အပါအဝင် ပါလက်စတိုင်းတွေကို သုတ်သင် ရှင်းလင်းမယ့် တိုက်ခိုက်မှု တစ်ခုအတွက် စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမယ်လို့ သူ့ကို အသိပေးခဲ့ပါတယ်။
နောက်ဆက်တွဲ စုံစမ်းမှုတွေအရ မြန်မာ အမျိုးသားဟာ Xလူမှုကွန်ရက်မှာ မှာဆုံတဲ့သူဆီ အမေရိကန် ဒေါ်လာ ၇၂.၂၈ ဒေါ်လာ လွှဲပေးခဲ့သလို PayPalကနေ နောက်ထပ် ၁ ဒေါ်လာ ထပ်ပို့ဖို့လည်း ကြိုးစားခဲ့ပါသေးတယ်။ အဲဒီ ငွေပမာဏက မများပေမယ့်လည်း အကြမ်းဖက် တိုက်ခိုက်မယ့် ရည်ရွယ်ချက် တစ်ခုကို သိသိကြီးနဲ့ ထောက်ပံ့တာကိုက ကြီးလေးတဲ့ ပြစ်မှု ဖြစ်တယ်လို့ MHAက ပြောပါတယ်။
အခုတော့ အဲဒီ မြန်မာအမျိုးသားဟာ အကြမ်းဖက် ထောက်ပံ့မှုအတွက် တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ စင်ကာပူမှာတော့ ဒါဟာ ဆိုးရွားတဲ့ ပြစ်မှုအဖြစ် သတ်မှတ်ခံထားရပြီး ၁၀ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ စင်ကာပူ ဒေါ်လာ ၅ သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။
ကိုးကား – CNA
















































