လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်ကမတရားဖမ်းဆီးထားပြီး ကာလရှည်ကြာစွာ လူထုမြင်ကွင်းကနေ ဖျောက်ဖျက်ပြီးသတင်းအမှောင်ချခဲ့တာကနေ ဩဂုတ် ၃ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ရဲ့ဌာနေကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။
ဒီလို တွေ့ဆုံခွင့်ပေးခြင်းဟာ ပြည်တွင်းပြည်ပနဲ့ အာဆီယံ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုပေါင်းဖိအားပေးမှုကြောင့် ရလာတဲ့ အောင်မြင်မှု တစိတ်တပိုင်းဖြစ်ကြောင်းနဲ့ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူက တရားဝင်ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တဦးအနေနဲ့အသိအမှတ်ပြုတာမဟုတ်ဘဲ အကျဉ်းသားအဖြစ်သာ သဘောထားနေတာ သိသာထင်ရှားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ICRCနဲ့ တွေ့ဆုံခွင့်ပြုခဲ့တဲ့ စစ်အုပ်စုရည်ရွယ်ချက် ၊ နိုင်ငံ့ပြဿနာတွေ ဖြေရှင်းနိုင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ၊ မင်းအောင်လှိုင် စစ်အုပ်စုအပါအဝင် အာဏာရှင်အဆက်ဆက်ရဲ့ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖိနှိပ်မှု အခြေအနေတွေနဲ့ AAPPက လုပ်ဆောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကူညီစောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းတွေအကြောင်းကို AAPPတွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ထားမြတ်/People’s Spring

Public Service Announcement
မေး-ဒေါ်အောင်ဆန်းစုကြည်ကိုကာလရှည်လူမြင်ကွင်းကနေဖျောက်ဖျက်ထားခဲ့ပြီး သြဂုတ် ၃ ရက်မှာ ICRC နဲ့ တွေ့ဆုံကြောင်း ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်စုရည်ရွယ်ချက်ကိုဘယ်လိုမြင်ပါသလဲ။
ဖြေ-စစ်အုပ်စုက နိုင်ငံတကာ၏အသိအမှတ်ပြုမှုကို အရမ်းလိုချင်နေပါတယ်။ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ သူတို့လုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကနေတဆင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ အနည်းဆုံး အာဆီယံနိုင်ငံများက ပြန်လည်အသိအမှတ်ပြုမယ်လို့ ထင်ခဲ့တယ်။ ဘာလို့လဲဆို တော့ အာဆီယံနိုင်ငံတွေထဲမှာ တချို့နိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် တည်ငြိမ်ရေးကို ဦးစားပေးချင်တဲ့ နိုင်ငံတွေကလည်းရှိနေတော့ တစုံတရာ အသိအမှတ်ပြုခံရမယ်ထင်ခဲ့တယ်။ လက်တွေ့အခြေအနေမှာအာဆီယံမှာ သဘောထားအမျိုးမျိုးရှိနေပေမဲ့ စစ်အုပ်စုထင်သလို ဖြစ်မလာခဲ့ဘူး။ နောက်တခုက ပြည်တွင်းနဲ့ အာဆီယံအပါအဝင်နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့တောင်းဆိုချက်တွေဟာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတော့ သူတို့အနေနဲ့ အနည်းဆုံး အသက်ရှင်လျက် ရှိနေသေးတယ်ဆိုတာကို သက်သေပြဖို့ မဖြစ်မနေ တာဝန်ရှိလာလို့ ICRC နဲ့ တွေ့ခွင့်ပေးတဲ့သဘောပါ။
နောက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်သည် သူတို့ပြောနေကျအတိုင်း ပြစ်မှုကျူးလွန်သူ အကျဉ်းသားဖြစ်တဲ့ အတွက် ICRC နဲ့သာ တွေ့ခွင့်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးကိုလည်း ဖော်ပြချင်တာဖြစ်တယ်။ဒါကြောင့်အာဆီယံ အပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းက တောက်လျှောက်တောင်းဆိုနေတာကို ငြင်းပယ်ပြီး ICRC ကို ခွင့်ပြုလိုက်တာဖြစ်တယ်။ တဖက်မှာလည်း အခုရက်ပိုင်းအတွင်းလာမည့် ထိုင်းခရီးစဉ်အပါအဝင် အာဆီယံ နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ပိုမိုရရှိရန် ထပ်ကြိုးစားတဲ့သဘောလို့ ထင်ပါတယ်။
မေး-အခုလို ဓာတ်ပုံထုတ်ပြန်ခဲ့တာကိုတောင် ICRC က ထုတ်ပြန်မှယုံမယ်ဆိုတာမျိုး လူထုက စစ်အုပ်စုအပေါ် အယုံအကြည်ကင်းမဲ့နေ့တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ-စစ်အုပ်စုအပေါ် မြန်မာပြည်သူတွေအနေနဲ့ယုံကြည်မှုလုံးဝမရှိဘူးဆိုတာအခုလိုအဖြစ်အပျက်မျိုးကနိုင်ငံတကာကိုထင်ထင်ရှားရှား သက်သေပြလိုက်တာပါပဲ။ အာဏာလုတဲ့အကြောင်းကစပြီး အခုအချိန်အထိ စစ်အုပ်စု၏လုပ်ရပ်တွေသည် တိုင်းပြည်အကျိုး၊ ပြည်သူအကျိုး၊ ပြည်သူလိုလားချက်ကို ဘာတခုမှ မလုပ်ဆောင်ဘဲ သူတို့အာဏာရဖို့နဲ့ သူတို့အကျိုးစီးပွားကိုသာ တစိုက်မတ်မတ်လုပ်နေတယ်ဆိုတာ ပြည်သူတွေက ကောင်းကောင်း သိနေလို့ပါ။ ဒီအချက်တခုတည်းနဲ့တင်စစ်အုပ်စုသည်တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ အရေးကို ဖော်ဆောင်နိုင်တဲ့သူ မဟုတ်ဘူးဆိုတာ သက်သေပြနေပါတယ်။
မေး-AAPPရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ်သာသဘောထားတဲ့ စစ်အုပ်စုလုပ်ရပ်အပေါ် ဘာတွေဖြည့်စွက်ပြောလိုလဲ။
ဖြေ-ဒါက စစ်အုပ်စု၏ ပုံမှန်လုပ်နေတဲ့ ပုံစံပါ။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်ကနေ ရာဇဝတ်အကျဉ်းသားအဖြစ် ပုံဖျက်ချင်တာပါ။ နိုင်ငံတကာကို ဒီလိုသဘောမျိုးသတ်မှတ်အောင်လုပ်ချင်တာပါ။ဒါပေမဲ့ ပြည်သူများသာမက နိုင်ငံတကာကပါဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံခေါင်းဆောင်အနေနဲ့ယခုအချိန်အထိအပြည့်အဝသတ်မှတ်ထားပါတယ်။ စစ်အုပ်စုကိုသာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ရာဇဝတ်သားလို့ သတ်မှတ်ထားတာပါ။
မေး-ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကာလရှည်အကျဉ်းချခံရတာတွေအပါအဝင် အခက်အခဲမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေအပေါ် နိုင်/ကျဉ်းအရေးကူညီဆောင်ရွက်ပေးနေသူ တယောက်အနေနဲ့ ဘယ်လိုခံစားမိပါသလဲ။သူမရဲ့နိုင်ငံရေးဖြတ်သန်းမှု ရပ်တည်ချက် ခံယူချက် ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး မှတ်မှတ်ရရှိရင် ပြောကြားပေးပါလား။
ဖြေ-ဒေါ်အောင်ဆန်းစုကြည်သည် မိမိယုံကြည်ရာကို မမှိတ်မသုန် နောက်မဆုတ်တမ်း လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံရေးရဲ့ စံပြုထားရတဲ့ ခေါင်းဆောင်တယောက်ပါ။ နှစ်ပေါင်းများစွာ စစ်အာဏာရှင်တွေ၏ ဖိနှိပ်မှု၊ အကျဉ်းချမှုအမျိုးမျိုးကို ရင်ဆိုင်ပြီး သူမရဲ့ဘဝတခုလုံးကို အာဏာရှင်လက်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် ရှေ့တန်းက တိုက်ပွဲဝင်တဲ့သူတယောက်ပါ။ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ခေါင်းဆောင်တယောက်ပါ။ ဒီလိုမျိုးလူတယောက်က သူရဲ့စွမ်းဆောင်နိုင်မှုတွေကို နိုင်ငံတော် အတွက် အသုံးမပြုရဘဲ ယခုလို အကျဉ်းချထားခြင်းမျိုးကို အကြိမ်ကြိမ်ခံစားနေရတာသည် တိုင်းပြည်အတွက် အလွန်နစ်နာတယ်လို့ခံစားရပါတယ်။ နိုင်ငံတော်အတွက်မိသားစုကိုစွန့်လွှတ်ပြီး အသက် ၈၀ ကျော်အထိ မဆုတ်မနစ် ဆောင်ရွက်နေတဲ့အတွက်လည်း အထူးလေးစားဂုဏ်ယူစရာကောင်းတဲ့ ခေါင်းဆောင်တယောက်ပါ။ ခင်ပွန်းသည်၏နောက်ဆုံးကာလမှာတောင်အခွင့်အလမ်းရှိပေမဲ့ ခင်ပွန်းသည်ကိုစွန့်လွှတ်ပြီး နိုင်ငံနဲ့ ပြည်သူ့အကျိုးကို ရွေးချယ်ခဲ့တာကို ဘယ်တော့မှ မေ့ရနိုင်မှာ မဟုတ်ပါဘူး။
မေး-ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှ နိုင်ငံ့ပြဿနာ ဖြေရှင်းနိုင်ရေး လမ်းစဆိုတာ အားလုံးက ပြောနေကြပေမဲ့ စစ်အုပ်စုက ဒါကို ငြင်းပယ်နေတဲ့အပေါ် ဘာပြောလိုပါသလဲ။
ဖြေ-စစ်အုပ်စုကိုပြောချင်တာကတော့ အမှန်တရားကို ကြာကြာငြင်းပယ်လို့ မရပါဘူး။ အမှားလုပ်တဲ့သူတွေ၊ မကောင်းတဲ့သူတွေကို ကမ္ဘာကြီးက လက်မခံပါဘူး။ သူတို့အတွက် နေရာမရှိပါဘူး။မြန်မာပြည်သူတွေက လက်မခံသလို အမှန်တရားကို ချစ်မြတ်နိုးတဲ့ နိုင်ငံတကာကလည်း စစ်အုပ်စုကို လက်မခံတော့ဘူးဆိုတာကို ကောင်းကောင်းနာလည်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပြီးပြည်သူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကို အာဏာပြန်ပေးဖို့အချိန် ရောက်နေပါပြီလို့ ပြောချင်ပါတယ်။
မေး-ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေရဲ့အခြားတဖက်မှာ စစ်တပ်ဟာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ-ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်ဆိုတာ ဟန်ဆောင်လုပ်ဆောင်နေတာပါ။ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကြားမှာ ပုံမှန်လုပ်နေကျ သွေးခွဲဖို့ ဆောင်ရွက်နေမှုပါ။စစ်အုပ်စုဟာသူ့အာဏာတည်မြဲရေး အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတာပါ။ တဖက်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်နေပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားတွေအပေါ် ပစ်မှတ်ထား ကျူးလွန်မှုတွေက ပိုမိုလုပ်ဆောင်လာတာကိုတွေ့နေရတယ်။နိုင်ငံတကာရာဇဝတ်မှုတွေကိုပိုမိုကျူးလွန်လာတယ်။ဒီလုပ်ရပ်တွေအတွက် နောင်တချိန်မှာ မဖြစ်မနေ တာဝန်ခံရမှာပါ။ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုပါဝင်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကိုလည်း ခေတ်အဆက်ဆက် စစ်အုပ်စုရဲ့လုပ်ရပ်တွေကို မမေ့ကြဖို့နဲ့ တိုင်းပြည်ကို စစ်အုပ်စုလက်အောက်ကထာဝရလွတ်မြောက်ဖို့အတွက်အကောင်းဆုံးနည်းလမ်းတွေနဲ့လုပ်ဆောင်ကြဖိုတိုက်တွန်းလိုပါတယ်။
မေး-စစ်အာဏာရှင်ခေတ်အဆက်ဆက်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြုံဖူး၊စောင့်ကြည့်သူတဦးအနေနဲ့ လက်ရှိမင်းအောင်လှိုင်စစ်အုပ်စုနဲ့ စစ်အာဏာရှင်တွေရဲ့ ပြည်သူအပေါ် ကျူးလွန်မှုတွေအကြောင်း နှိုင်းယှဉ် သုံးသပ်ပေးပါလား။
ဖြေ-မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ (၃) ကြိမ်ရှိပါပြီ။ စစ်အာဏာရှင်အုပ်စိုးခဲ့တာကတော့ နှစ်ပေါင်း ၆၀ ကျော်ရှိပါပြီ။ စစ်အာဏာရှင်တွေရဲ့ အကျင့်စရိုက်က အတူတူပါပဲ။ သူတို့အာဏာတည်မြဲဖို့အတွက် ပြည်သူကို နည်းမျိုးစုံနဲ့ ဖိနှိပ်တာပါ။ မင်းအောင်လှိုင် ဦးဆောင်တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားလူမျိုး ပေါင်းစုံမှ ပြန်လည်တုံ့ပြန်မှုက အခြားအာဏာသိမ်းမှုတွေထက် ပိုမိုပြင်းထန်ပါတယ်။ သူတို့ရဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ နယ်မြေဆုံးရှုံးမှုတွေက တနေ့တခြား ပိုမိုများပြားလာတယ်။ဒါကြောင့်မို့လို့ စစ်အုပ်စုရဲ့ဖိနှိပ်မှု၊ပြည်သူအပေါ် ကျူးလွန်မှုကလည်း ပိုမိုဆိုးဝါးရက်စက်ပါတယ်။တရားလက်လွတ်သတ်ဖြတ်မှု၊ မတရားဖမ်းဆီးနှိပ်စက် အကျဉ်းချမှု၊ ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကအရင်အာဏာသိမ်းမှုတွေမှာကျူးလွန်မှုတွေထက်အဆမတန်ဆိုးရွားပါတယ်။အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် အခြားနည်းလမ်းပေါင်းစုံ တိုက်ခိုက်မှုကလည်း ယခင်လို တိုင်းရင်းသားဒေသတွေသာမက မြန်မာပြည်အလယ်ပိုင်းအပါအဝင် တနိုင်ငံလုံးအနှံ့ ကျူးလွန်နေတာကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုတွေ့နေရပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုူများကိုပါ ကျူးလွန်တဲ့အဆင့်ထိ ဆိုးရွားလာပါတယ်။ အဲ့ဒီလိုဆိုးရွားလာရတဲ့အကြောင်းကလည်း အာဆီယံ အပါအဝင် နိုင်ငံတကာက ဒီလိုရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူမှု ပျက်ကွက်နေခြင်းက သူတို့ကိုပိုပြီးအတင့်ရဲလာစေပါတယ်။
မေး-လက်ရှိအာဏာသိမ်းစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက လူသောင်းချီသတ်ဖြတ်ပြီးသောင်းချီ ဖမ်းဆီးထားတာဆိုတော့ တကယ်လို့ နိုင်ငံရေးအရ ဖြေရှင်းကြရမယ်ဆိုရင်တော့အဲဒီလုပ်ရပ်တွေအတွက် တာဝန်ခံဖို့ လိုအပ်မှု အပိုင်းကို ရှင်းပြပေးပါလား။
ဖြေ-ဒီလိုကြီးမားပြင်းထန်တဲ့ ရာဇဝတ်မှုတွေကို စနစ်တကျကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်တဲ့အတွက်ကျူးလွန်သူအားလုံးကပြန်ပြီးတာဝန်ခံရမှာပါ။ တိုင်းပြည်ပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအရဖြေရှင်းပေမဲ့လည်း ပြစ်မှုကျူးလွန်ခဲ့သူတွေကိုပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးလို့မရပါဘူး။ ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ ထိုက်သင့်တဲ့ တာဝန်ခံမှု ကို ပြန်လည်ဆောင်ရွက်ပေးရမှာပါ။ဒါမှသာစစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖေါ်ဆောင်နိုင်မှာ ဖြစ်ပြီး နောင်အနာဂတ်အတွက် တိုင်းရင်းသားအားလုံး သဘောတူမည့် ခိုင်မာတဲ့ စနစ်တခုကို ချမှတ်နိုင်မှာပါ။ တာဝန်ခံမှုကို မဆောင်ရွက်နိုင်ရင် ဒီလိုဖြစ်ရပ်မျိုးတွေက နောင်အနာဂတ်မှာ တကျော့ပြန်ဖြစ်ပွားနေဦးမှာပါ။
မေး-နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျဉ်းထောင်တွင်း အခြေအနေတွေ ဘယ်လောက်ဆိုးဝါးနေလဲဆိုတာကိုလည်း ပြောပြပေးပါလား။
ဖြေ-မတရားဖမ်းဆီးပြစ်ဒဏ်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ အကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင် တွေရဲ့ တိုက်ပိတ်ပြစ်ဒဏ် အပါအဝင်၎င်းတို့လက်သပ်မွေးတဲ့ ရာဇဝတ်အကျဉ်းသားတွေရဲ့ မတရားရိုက်နှက်ညှဥ်းပန်းနှိပ်စက်မှုအမျိုးမျိုးကို ရင်ဆိုင်တွေ့ကြုံနေရတဲ့အပြင် အာဟာရပြည့်ဝတဲ့ အစားအစာ မစားသောက်ရမှု၊ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းနဲ့အတူ နှစ်ရှည်အကျဉ်းထောင်အတွင်း နေထိုင်လာရသည့်အတွက် သေဆုံးမှု အပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာ ကြုံတွေ့နေရပါတယ်။ ဖမ်းဆီးခံရပြီးမှ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွေမှာ ကျန်းမာရေးကြောင့် သေဆုံးမှုတွေ ပိုများလာတာ တွေ့ရတဲ့အပြင် အကျဉ်းထောင်အတွင်း တရားလက်လွတ်ရိုက်နှက်မှုများကြောင့် သေဆုံးမှု၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုတွေလည်း ပိုများလာတာကို တွေ့ရပါတယ်။
မေး-မတရားဖမ်းဆီးခံထားရမှုအပါအဝင် ပြည်သူလူထုတွေအပေါ် စစ်တပ်ကရာဇဝတ်မှုမျိုးစုံ ကျူးလွန် နေတဲ့အပေါ် နိုင်ငံတကာရဲ့အာရုံစိုက်မှု ဘယ်လိုတွေ့ရပါသလဲ။ ဘာတွေအကြံပြုလိုပါသလဲ။
ဖြေ-နိုင်ငံတကာကလည်း အာဆီယံရဲ့ Five point consensus အပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့သော အိမ်နီးနားချင်းနိုင်ငံတွေဟာလည်းသူတို့ရဲ့အကျိုးစီးပွားကိုအခြေခံပြီး စစ်အုပ်စုကို အလေးပေးဆက်ဆံလာနေတာကို တွေ့ရတယ်။ ဒီလိုဖြစ်စဥ်တွေအတွက်တော့ကိုယ်တွေကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အနေထားမှာ မရှိနေဘူး။ ဒါပေမဲ့ Five point consensus ရယူထားတဲ့ အာဆီယံနိုင်ငံများနဲ့ အလေးပေးထောက်ခံနေတဲ့ နိုင်ငံတကာအနေဖြင့် စစ်အုပ်စုကိုဒီသဘောတူညီချက် ၅ ချက်အပေါ်မှာပဲ အခြေခံပြီးတော့သာ ဆက်ဆံသင့်တယ်။ အခုအချိန်မှာ ဒါကိုသွေဖီပြီး တနိုင်ငံချင်း ဆက်ဆံလာတာကို တွေ့ရတယ်။ ဒီလိုမျိုးလုပ်ရပ်တွေက စစ်အုပ်စု ကျူးလွန်နေတဲ့ ရက်စက်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ မီးစိမ်း ပြနေသလိုပါပဲ။
မြန်မာပြည် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာကို မြန်မာပြည်သူတွေကဖြစ်နိုင်ရင် ချက်ချင်းလိုချင်တဲ့အရာပါ။ ကျနော်တို့ မြန်မာတွေထက် ပိုလိုချင်တဲ့ တိုင်းပြည်၊ လူမျိုး မရှိပါဘူး။ ဘာလို့လဲဆိုတော့ စစ်အုပ်စု အုပ်စိုးနေတဲ့ နိုင်ငံမှာ တကယ်ကြုံတွေ့ခံစားနေရတဲ့သူတွေက မြန်မာပြည်သူတွေဖြစ်နေလို့ပါ။ ဒါကြောင့် အိမ်နီးနားချင်း အပါအဝင် အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ဦးစားပေးပြီး ပြည်သူတွေရဲ့ ကိုယ်စားလှယ်စစ်စစ် တွေနဲ့သာ တွေ့ဆုံပြီး မြန်မာနိုင်ငံအတွက် အကောင်းဆုံးအဖြေကို ရှာသင့်ပါတယ်။
မေး-တဖက်မှာလည်း စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲလုပ်ဟန်ပြလွှတ်တော်၊ ဟန်ပြအစိုးရဖွဲ့ပြီး တရားဝင်မှုရဖို့ ကြိုးပမ်းနေတဲ့အပေါ် ဘယ်လိုတုံ့ပြန်သင့်တယ်လို့ အကြံပြုလိုပါသလဲ။
ဖြေ-တရားဝင်မှုဆိုတာက ပြည်သူကသတ်မှတ်ရတာပါ။ပြည်သူကမသတ်မှတ်ရင် ဘယ်လိုကြိုးစားကြိုးစား တရားဝင်မှုဆိုတာ ရလာမှာမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဒီလှုပ်ရှားမှုမှာ ဘယ်လိုအချက်အလက်တွေက အရေးကြီးဆိုတာ ရှာဖွေပြီး ညှိနှိုင်းသဘောတူကြဖို့လိုအပ်သလိုပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ကျနော့်အနေနဲ့ကတော့ အရေးကြီးနံပါတ် ၁ အချက်ကတော့ မတရားဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးပြီးတော့ မူလတာဝန်တွေကို ပြန်လည် ထမ်းဆောင်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေမှာလည်း သူတို့အတွက် အရေးကြီးဆုံးအချက်တွေ ရှိနိုင်ပါတယ်။ဥပမာအားဖြင့်ဖက်ဒရယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အခြားအခွင့်အရေးမျိုးတွေပေါ့။ အဲဒါတွေကိုလည်းအသိအမှတ်ပြုပြီးပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။
မေး-ဟန်ပြငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး လူထုတွေကို သတ်ဖြတ် ထိုးစစ်တွေဆင်နွှဲနေတဲ့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံပတ်သက်တဲ့သူတွေ၊ EAO တွေအပါအဝင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံအချို့ကို ဘာပြောလိုပါသလဲ။
ဖြေ-ပြည်သူလူထုကို မတရားသတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုတွေကိုကျူးလွန်နေတယ်ဆိုတာ အားလုံးအသိပါ။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့သူတွေကနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆောင်ရွက်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ဒါဟာ သူတို့ကျရှုံးနေတဲ့အတွက်ဟန်ပြလုပ်ဆောင်နေတယ်ဆိုတာ အားလုံး ရှင်းရှင်းလင်းလင်း မြင်ဖို့လိုအပ်ပါတယ်။ရေတိုအဆင်ပြေရေးအတွက် ရွေးချယ်မယ်ဆိုရင် ရေရှည်မှာ အဲလိုရွေးချယ်သူတွေပဲပြန်အခက်တွေ့ပါလိမ့်မယ်။မြန်မာ့သမိုင်းမှာ စစ်အုပ်စုတွေက သူတို့အကျိုးစီးပွားအတွက်ကလွဲရင် အခြားဘာမှ ဆောင်ရွက်ခဲ့တာမရှိဘူးဆိုတာ သက်သေပြချက်တွေရှိပါတယ်။ နိုင်ငံတကာကိုလည်း ပြောချင်တာက စစ်အုပ်စုကသာ တိုင်းပြည်ကို ဆက်လက်လွှမ်းမိုးနေမယ်ဆိုရင် ဒေသတွင်းတည်ငြိမ်ရေး၊မူယစ်ဆေးဝါး၊Online scamming အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ပိုမိုတိုးလာဖို့ပဲရှိပြီး အခုဖြစ်နေတဲ့ ဒေသတွင်းမတည်ငြိမ်မှုကနေ ကမ္ဘာလုံးဆိုင်ရာ အခက်အခဲကိုပါ ဖြစ်ပေါ်စေလာပါလိမ့်မယ်။
မေး-ငါးနှစ်ကျော်ကာလအတွင်း စစ်တပ်ကို ခုခံတွန်းလှန်နေဆဲနွေဦးတော်လှန်ရေးအလားအလာ အပေါ် ဘယ်လို မြင်လဲ။ ပိုအားကောင်းအောင် ဘယ်လိုအကြံပြုလိုသလဲ။
ဖြေ-မြန်မာသမိုင်းမှာ တကြိမ်မှ မဖြစ်ခဲ့ဖူးတဲ့ ခုခံတွန်းလှန်မှုပါ။ နိုင်ငံနေရာအနှံ့မှာတချိန်က လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခဲ့တဲ့ စစ်အုပ်စုဟာရှုံးနိမ့်မှုများစွာနဲ့ ကြုံတွေ့နေရတယ်။တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ သွေးခွဲသပ်လျှိုမှုတွေနောက်ကိုမလိုက်ဘဲ ညီညီညွတ်ညွတ်နဲ့ ယခုလိုဆက်လက်တိုက်ပွဲဝင်ပြီး နိုင်ငံတကာရဲ့ဖိအားနဲ့ ပေါင်းစပ်လိုက်ရင် စစ်အုပ်စုဟာ မကြာခင် ပြိုကျသွားမှာပါ။တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကလည်း မိမိတို့ထိန်းချုပ်ရာဒေသတွေမှာ မိမိတို့သည် စစ်အုပ်စုနဲ့မတူသော ပြည်သူကို ကိုယ်စားပြုသော သူများအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး စီမံခန့်ခွဲဆောင်ရွက်သွားရင်း လူထုရဲ့ ထောက်ခံယုံကြည်မှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ပိုမိုရရှိအောင် ဆက်လက်ဆောင်ရွက်စေချင်ပါတယ်။
မေး-AAPP အနေနဲ့ရော ဒီနွေဦးတော်လှန်ရေးကာလတလျှောက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘယ်လိုအရေးကိစ္စတွေဆောင်ရွက်ခဲ့တယ်ဆိုတာရယ်ရှေ့ဆက်ဘာတွေလုပ်ဆောင်သွားမယ်ဆိုတာမျိုးရှင်းပြပေးပါလား။
ဖြေ-နွေဦးတော်လှန်ရေးစကတည်းက AAPP အနေနဲ့ သက်ဆိုင်ရာ ကဏ္ဍတွေမှာ ပါဝင်ခဲ့ပါတယ်။စစ်အုပ်စုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စတင်ဖမ်းဆီးချိန်မှာတော့ AAPP အနေနဲ့သူတို့နဲ့ပတ်သက်တဲ့မှတ်တမ်း ကောက်ယူခြင်း၊ ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးခြင်း၊ မိသားစုဝင်များနှင့်တွေ့ဆုံပြီး ဆွေးနွေးနှစ်သိမ့်ပေးခြင်းနဲ့ နိုင်ငံရေးအကျဉ်းသားများ၏ လိုအပ်ချက်များ အကူအညီပေးခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်။ ဥပဒေပိုင်းဆိုင်ရာ အထောက်အထားများကိုမှတ်တမ်းသက်သေများအဖြစ် စုဆောင်းခြင်း၊ အကျဉ်းထောင်များကို အနီးကပ် စောင့်ကြည့်နေပြီး အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရိုက်နှက်ညှဥ်းပန်း၊ တိုက်ပိတ်မှုများ အပါအဝင် အကျဉ်းထောင်များ၏ ထူးခြားဖြစ်စဉ်များကို နေ့စဉ်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်နေတယ်။ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများစာရင်း၊ အဖမ်းခံရစဉ်၊ စစ်ကြောရေးနှင့် အကျဉ်းထောင်အတွင်း ကျဆုံးသည့် နိုင်ကျဉ်းစာရင်းများ မှတ်တမ်းတင်ခြင်း၊ AAPP ၏ Website တွင်နေ့စဉ်ဖေါ်ပြခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွတ်မြောက်စေရေးအတွက် အာဆီယံ အပါအဝင် နိုင်ငံတကာ ကို အစဉ်လှုံ့ဆော်တိုက်တွန်းမှုများပြုလုပ်လျှက်ရှိသလို အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို လည်း မှတ်တမ်းတင်ပြီး အစီရင်ခံစာများ ထုတ်ပြန်ခြင်းတို့ကို တောက်လျှောက်ပြုလုပ်နေပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကို သူတို့လိုအပ်နေတဲ့ အကူအညီတွေ အတတ်နိုင်ဆုံး ထောက်ပံ့ ပေးသလို လိုအပ်လျှင် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများကို ပံ့ပိုးကူညီပေးနေပါတယ်။
မေး-အခြားဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပြပေးပါ။
ဖြေ-ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ကို တွေ့ခွင့်ပေးလိုက်တာက ကျနော်တို့အားလုံးရဲ့ အန္တိမပန်းတိုင်မဟုတ်ပါဘူး။ ပြည်တွင်း၊ ပြည်ပဖိအားတွေကို မခံနိုင်တော့လို့ စစ်အုပ်စုက ထုတ်ပြလိုက်တာပါ။ ဒီကိစ္စအပေါ်မှာ ကိုယ့်အချင်းချင်းကြား အငြင်းပွားမှုတွေလုပ်မနေကြဘဲ ကျနော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို အားလုံးညီညီညွတ်ညွတ်နဲ့ ဆက်လက် ချီတက်ကြဖို့လိုပါတယ်။

















































