Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ ထုတ်လုပ်မှု စံချိန်မမီဘဲ ကလေးတွေကို ဘေးဖြစ်စေနိုင်တဲ့ squishy အရုပ်တွေကို လိုက်လံသိမ်းဆည်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

ဓာတ်ပုံ - Facebook/tisiofficial

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

ထိုင်းကုန်ထုတ် စံနှုန်းဌာန (TISI)ဟာ စျေးဆိုင်တွေ၊ စတိုးတွေမှာ ရှိနေတဲ့ အဲဒီ အရုပ်တွေကို ရှာဖွေသိမ်းဆည်းတဲ့ လုပ်ငန်းကို အဓိက တာဝန်ယူ ဆောင်ရွက်နေပါတယ်။ ပျော့ပျော့အိအိ squishyတွေဟာ ကလေးကစားစရာ ထုတ်ကုန် သတ်မှတ်ချက်ထဲမှာ ပါဝင်ပြီး TISIရဲ့ စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ဖို့ လိုအပ်ကြောင်း အဲဒီဌာနရဲ့ အတွင်းရေးမှူးချုပ် အက်ခ်နီတီ ရွမ်ယန်နွန်က ပြောကြားခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ မျှဝေကြတဲ့ အခြေအနေတွေကနေ ပြည်တွင်းမှာ အရမ်းလူကြိုက်များလာတဲ့ squishy အရုပ်တွေဟာ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ မထုတ်လုပ်ရင် ကလေးတွေကို ကင်ဆာရောဂါ အပါအဝင် ကျန်းမာရေး ထိခိုက်လောက်အောင် ဘေးဖြစ်စေမယ့် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိသွားစေနိုင်တယ်လို့ အက်ခ်နီတီက ပြောပါတယ်။

စျေးကွက်ထဲမှာ ရောင်းချနေတဲ့ squishy အရုပ်အများအပြားကို စစ်ဆေးကြည့်တဲ့အခါ အရည်အသွေး စိစစ် အတည်ပြုထားတဲ့ TISIရဲ့ ထောက်ခံချက် မပါဝင်တာကို တွေ့ရကြောင်း၊ ဒီအခြေအနေက သုံးစွဲသူတွေ၊ အထူးသဖြင့် ကလေးတွေနဲ့ လူငယ်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာစေကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စံနှုန်းတွေအောက် နိမ့်ကျတဲ့ ထုတ်ကုန်တိုင်းမှာ ဓာတုပစ္စည်းတွေ၊ သတ္တုဓာတ်တွေ၊ အန္တရာယ်ကင်းတယ်လို့ မသတ်မှတ်နိုင်တဲ့ ကုန်ကြမ်းတွေ ရောနှော ပါဝင်နေနိုင်ကြောင်း TISIက သတိပေးထားပါတယ်။

TISIဟာ TikTokလို လူမှုကွန်ရက် မီဒီယာတွေမှာ အရမ်းလူပြောများပြီး squishy အရုပ်တွေ အမြောက်အမြား ရောင်းချနေရတဲ့ ဆိုင်တွေကို အဓိက ဦးစားပေးပြီး ဝင်ရောက်စစ်ဆေးမှုတွေ၊ သတ်မှတ်စံနှုန်းနဲ့ မညီတဲ့ အရုပ်တွေကို သိမ်းယူတာတွေ စတင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကနဦး သိမ်းယူထားတဲ့ အရုပ်ပေါင်း ၂၀၀၀၀ နီးပါးလောက်ရဲ့ တန်ဖိုးဟာ ဘတ်ငွေ ၁ သန်းကျော်ထိ တန်ဖိုးရှိပါတယ်။ အာဏာပိုင်တွေဟာ ဘန်ကောက်မှာရှိတဲ့ ဆမ်ဖန်စျေး တဝိုက်နဲ့ အဓိက ဖြန့်ဖြူးရောင်းချတဲ့ ဆိုင်နေရာ စုစုပေါင်း ၆ ခုကို ဝင်ရောက်ရှာဖွေပြီး အရုပ်တွေကို သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၆ နေရာမှာ ၁ ခုက အရည်အသွေးနိမ့် squishy အရုပ်တွေကို ကိုယ်တိုင် ရောင်းချသလို ပြည်ပကနေလည်း တရားမဝင်၊ လိုင်စင်မဲ့ တင်သွင်းနေပြီး ကျန်တဲ့ ၅ ခုကတော့ လက္ကားဒိုင်တွေအဖြစ် ဖြန့်ဝေနေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သက်ဆိုင်သူတွေကို ဥပဒေကြောင်းအရ ထိထိရောက်ရောက် ကိုင်တွယ် အရေးယူဖို့ စီစဉ်ထားကြောင်းလည်း TISIက ဆိုပါတယ်။

TISIရဲ့ အရည်အသွေး စိစစ်မှု အသိအမှတ်ပြု တံဆိပ် ကပ်မထားတဲ့ ထုတ်ကုန်တွေကို ရောင်းချသူတွေဟာ ထောင်ဒဏ် ၆ လထိဖြစ်စေ၊ ဘတ် ၅ သိန်းထိ ဒဏ်ငွေဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့ ဆိုပါတယ်။ ပြည်ပကနေ ကုန်စည်တွေကို တရားမဝင် တင်သွင်းမှုကတော့ ထောင် ၂ နှစ်ထိ ပြစ်ဒဏ်ဖြစ်စေ၊ ဘတ် ၂ သန်းထိ ဒဏ်ငွေဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ခြေ ရှိနေပါတယ်။

ဘေးမကင်းတဲ့ ဓာတုပစ္စည်းတွေ ရောနှောပါဝင်နေတဲ့ squishy အရုပ်တွေကို ရေရှည် ပွတ်သပ်ကိုင်တွယ်တာ၊ ရှူရှိုက်မိတာတွေက ကလေးတွေအတွက် ဓာတ်မတည့်မှုနဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ပြီး အစိုပြန်နေတဲ့ အရုပ်တွေမှာ မှိုနဲ့ ဘက်တီးရီးယားတွေ ကိန်းအောင်းရာက အရေပြား ရောဂါတွေပါ ကြုံလာစေနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။