ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
စစ်ပွဲကို အကြောင်းပြုပြီး အရှေ့အလယ်ပိုင်း ဒေသထဲက အမေရိကန် မဟာမိတ် နိုင်ငံတွေဟာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုတွေကို ပိုမို ကြုံတွေ့လာတဲ့နောက် ဩဂုတ် ၇ ရက်နေ့က ဆော်ဒီရဲ့ မက္ကာမြို့မှာ အခုလို သုံးနိုင်ငံ ကာကွယ်ရေး စာချုပ်ခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ လကုန်ပိုင်းမှာ စတင်ခဲ့တဲ့ အီရန်စစ်ပွဲတလျှောက် ဆော်ဒီနဲ့ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့ဟာ အီရန်နဲ့ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ပါတယ်။
‘မက္ကာ ပူးပေါင်းကာကွယ်ရေး သဘောတူညီချက်’ဆိုတဲ့ စာချုပ်အရ လက်မှတ်ရေးထိုးထားတဲ့ သုံးနိုင်ငံထဲက တစ်ခုခုရဲ့ ပိုင်နက်ကို ထိပါးကျူးကျော်တဲ့၊ ရန်လိုတိုက်ခိုက်တဲ့ လုပ်ရပ်တိုင်းဟာ သက်ဆိုင်ရာ သုံးနိုင်ငံစလုံးကို တိုက်ခိုက်မှုအဖြစ် မှတ်ယူမှာ ဖြစ်ပါတယ်။

Public Service Announcement
ဒါပေမဲ့ စာချုပ်ပါ အသေးစိတ် အချက်အလက်တွေ၊ ကတိကဝတ်တွေကိုတော့ အဓိက မထုတ်ပြန်ထားပါဘူး။ အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ ကတိထားရှိမှုဟာ ဘယ်လောက် နက်ရှိုင်းသလဲ၊ နိုင်ငံတစ်ခုခု တိုက်ခိုက်ခံရရင် တခြားနိုင်ငံတွေကပါ စစ်ရေးအရ ကူညီ တုံ့ပြန်ပေးမှာလားဆိုတဲ့ ကိစ္စတွေကို သဲသဲကွဲကွဲ မသိရသေးပါဘူး။
တူရကီ အစိုးရ အရာရှိ တစ်ဦးကတော့ စာချုပ်ပါ သဘောတူညီမှုတွေဟာ ခုခံကာကွယ်ရေးအတွက်သာ သီးသန့် ရည်ရွယ်ပြီး တခြားနိုင်ငံတွေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေကို ရည်ရွယ်တာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
အဲဒီ သုံးနိုင်ငံစလုံးဟာ ဂျူးနိုင်ငံဖြစ်တဲ့ အစ္စရေးရော၊ ရှီးဟိုက် မွတ်ဆလင် အင်အားကြီး နိုင်ငံဖြစ်တဲ့ အီရန်ရောရဲ့ ပိုမိုတင်းမာလာတဲ့ စစ်ရေး ရပ်တည်မှုတွေနဲ့ ပတ်သက်ပြီး အသီးသီး စိုးရိမ်မှုတွေ ှရိနေပါတယ်။
ဒါပေမဲ့ မွတ်ဆလင် ကမ္ဘာရဲ့ ဩဇာအကြီးမားဆုံး နိုင်ငံသုံးခုကြားက စာချုပ် ချုပ်ဆိုမှုကို ကြည့်မယ်ဆိုရင် ဘာမှ ရေရေရာရာ ခန့်မှန်းလို့ မရတဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဒေသတွင်းနဲ့ အလယ်အလတ်ပါဝါ နိုင်ငံတွေကြား လုံခြုံရေး ကဏ္ဍမှာ ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့ အာသီသ ပြင်းပြလာကြတယ် ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ဆော်ဒီအခြေစိုက် ပင်လယ်ကွေ့ သုတေသန စင်တာရဲ့ ဥက္ကဋ္ဌ အက်ဘ်ဒူလာဇစ် ဆာဂါက ပြောကြားခဲ့ပါတယ်။
အခုလို သုံးပွင့်ဆိုင် စာချုပ်ခဲ့တာဟာ သက်ဆိုင်ရာ နိုင်ငံ အသီးသီးရဲ့ သံတမန်ရေးနဲ့ ကာကွယ်ရေး အင်အားကို ပိုမို တောင့်တင်းစေပြီး ဒေသတွင်းမှာ လုံခြုံရေးဆိုင်ရာ ကိုင်တွယ်မှုတွေအတွက် ပိုပြီး ထဲထဲဝင်ဝင် စေ့စပ်ညှိနှိုင်းလာနိုင်စေမှာ ဖြစ်တယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။
ဆော်ဒီဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းက ဩဇာအကြီးမားဆုံး ဆွန်နီမွတ်ဆလင် နိုင်ငံအဖြစ် ရှုမြင်ခံထားရပြီး တူရကီကတော့ NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဒုတိယ အကြီးဆုံး စစ်တပ်ကို စုဖွဲ့ထားပါတယ်။ ပါကစ္စတန်ကတော့ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော မွတ်ဆလင်နိုင်ငံ ဖြစ်ပါတယ်။
ကိုးကား: Reuters


















































