ရွှေပြည်စိုး/People’s Spring
နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။
ရေဘေးသင့်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေကြတဲ့ စက်လှေတွေရဲ့ အင်ဂျင်သံနဲ့ လေကို ထိုးခွင်းပျံသန်းနေတဲ့ဂျက်ဖိုက်တာအသံဟာ ရောထွေးနေခဲ့ပါတယ်။ လေယာဉ်တွေဟာ ဘေးသင့်သူတွေကိုကယ်ဆယ်ရေးလုပ်ဖို့ ပျံသန်းလာတာမဟုတ်ပါဘူး။ ကြည့်နေရင်းမှာပဲ ရေမြုပ်လာတဲ့ လေးမျက်နှာမြို့ပေါ်ကိုကျော်ပြီးရွာတွေကို ဗုံးကြဲချသွားပါတယ်။ ပြီးတော့ ရေဘေးကြောင့် ကမ္ဘာပျက်နေတဲ့ မြို့ပေါ်ကနေ ဖြတ်ပြန်သွားပါတယ်။
ဒီဖြစ်စဉ်ဟာဇူလိုင်လကုန် နဲ့ သြဂုတ်လဆန်းကာလမှာ ဖြစ်ပွားခဲ့တာပါ။ဒီတစ်ကြိမ်မှာ စစ်အာဏာရှင်ဘီလူးရဲ့ အစွယ်ကို တလောကလုံးမြင်အောင် ထပ်ဖြဲပြလိုက်တာက ငဝန်မြစ်ဆ်ိုတဲ့ မထင်မရှားမြစ်တစ်စင်းပဲဖြစ်ပါတယ်။

Public Service Announcement

●သံသယမြစ်နဲ့ ပဟေဠိရေကာတာ
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ဟာငဝန်မြစ်ဘေးမှာ ရှိပြီးမြို့နဲ့မြစ်ကို မြေသားရေကာတာနဲ့ ခြားထားပါတယ်။ငဝန်မြစ်ဟာ ဧရာဝတီမြစ်နဲ့ဆက်စပ်နေသလိုဘင်္ဂလားပင်လယ်အော်ထဲလည်း စီးဆင်းပါတယ်။ ဇူလိုင်လတတိယလပတ်ကစပြီး ငဝန်မြစ်ရေဟာ မိုးရာသီကာလ ပုံမှန်အတိုင်း မြင့်တက်နေခဲ့ပါတယ်။
ဇူလိုင်လ၃၀ရက်နေ့ညမှာတော့ ငဝန်မြစ်ကမ်းဘေးကမြစ်ကျိုးကျေးရွာရဲ့တာမိုင်(၂၅ / ၃) အနီးအလျားပေ၅၀ခန့် ကျ်ိုးကျသွားပါတယ်။ရေတွေဟာ တာကျိုးပေါက်ကနေ မြို့အတွင်းပိုင်းကို ဒလဟော စီးဝင်ခဲ့ပါတယ်။ နောက်နေ့မှာတော့ တာကျိုးပေါက်ဟာပေ ၂၀၀ ကျော်အထိကျယ်သွားပြီး ၃၆နှစ်အတွင်း အဆိုးရွားဆုံးရေဘေးဒဏ်ကို ဒေသခံတွေ ရင်ဆိုင်ခဲ့ရပါတယ်။လေးမျက်နှာမြို့နယ်အပြင်ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေလွှမ်းခဲ့ပါတယ်။
တာကျိုးကျတဲ့ညနဲ့ နောက်ထပ် ၂ရက်အတွင်းအခြေအနေဟာ အရေးပေါ်ဖြစ်ခဲ့ပါတယ်။နာရီပိုင်းအတွင်း တရိပ်ရိပ်တက်လာတဲ့ရေကြောင့် ဒေသခံတွေဟာ ရေလွတ်ရာကို ရှာဖွေခဲ့ကြရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကိုစောင့်ဆိုင်းခဲ့ကြရပါတယ်။အဲဒီအချိန်မှာပဲ လေးမျက်နှာမြို့နယ်ထဲကို ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ဖြတ်ပျံပြီး ရခိုင်ရိုးမအခြေက ရွာတွေကို ဗုံးကြဲခဲ့တာပါ။ ရေဘေးကြောင့် ထိခိုက်သေဆုံးသူထက် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူကပိုများခဲ့ပါတယ်။ရက်ပိုင်းအတွင်းအရပ်သားသုံးဦးသေဆုံးပြီး ၁၆ဦးဒဏ်ရာရခဲ့ပါတယ်။
ငဝန်မြစ်ရေကာတာကျိုးကျတာက သွေးရိုးသားရိုးမဟုတ်ဘူးလို့ဒေသခံတွေကယုံကြည်နေပါတယ်။ ” ရေကာတာကို မအလ ချိုးချတာ”၊ ” ဂျပုက တိုက်ပွဲအခြေအနေမကောင်းလို့ ရေဘေးဖြစ်အောင်လုပ်တာ” စသဖြင့် ဒေသခံတွေ တီးတိုးပြောဆိုနေကြပါတယ်။
ဒီနေရာမှာလေးမျက်နှာမြို့ရဲ့လက်ရှိ မြေပြင်အခြေအနေ၊ပထဝီဝင် အနေအထားနဲ့ ဒေသတွင်း နိုင်ငံရေးရာသီဥတုကိုအကြမ်းဖျင်းရှင်းပြပါမယ်။
လေးမျက်နှာမြို့နယ်ဟာ ရခိုင်ရိုးမ နဲ့လည်းဆက်စပ်နေပြီး ပုသိမ်-မုံရွာလမ်းလည်းဖြတ်သွားပါတယ်။၂၀၂၄ ဒီဇင်ဘာလမှာ ဂွမြို့ကို အာရက္ခတပ်တော်(AA) သိမ်းယူပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းထဲကရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့တွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။စစ်တပ် တပ်စွဲထားတဲ့ရွာတချို့ကိုAA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပါတယ်။လေးမျက်နှာမြို့နယ်ဟာ တခြားမြို့တွေလိုပဲ အာဏာသိမ်းစစ်တပ်အထိနာနေတဲ့ စစ်ရေးဧရိယာဖြစ်ပါတယ်။
ငဝန်မြစ်ရေဂါတာကျိုးမကျခင် တစ်လခန့်မှာ ယခင်တိုက်ပွဲတွေထက်ပိုပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းပစ်ကူနဲ့ အသည်းအသန်ခုခံနေရတာပါ။ဒါ့ကြောင့် AAရဲ့ထိုးစစ်ကို ဟန့်တားနိုင်ဖို့ ငဝန်မြစ်ရေကာတာကို စစ်အုပ်စုက တမင်ချိုးချခဲ့တယ်လို့ ဒေသခံ အများစုကယုံကြည်နေကြပါတယ်။
“ရေက သာမန်ပဲရှိသေးတာပါ။ထူးထူးကဲကဲတက်နေတာမဟုတ်သေးဘူး။နောက်ပြီးတော့ ဒါက ဒီနှစ်ရဲ့ပထမဆုံးမြစ်ရေတက်တာ။ပုံမှန်အခြေအနေမှာ တာကျိုးရိုးထုံးစံမရှိဘူး” လို့ လေးမျက်နှာမြို့ပေါ်မှာနေထိုင်သူတဦးကသုံးသပ်ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းကတော့ ဒီရေဘေးဟာ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ဖန်တီးတာလို့ သတင်းမီဒီယာတွေကတစ်ဆင့်ထုတ်ဖော်ပြောဆိုထားပါတယ်။တာခြေအနီး ရေတိုက်စားပြီးပေါက်နေတာကိုဒေသခံတွေက တွေ့လို့ တာဝန်ရှိသူတွေကို အချိန်မီအကြောင်းကြားပေမယ့် မြို့ပေါ်ကနေသွားရင် ၅မိနစ်အတွင်း ရောက်တဲ့နေရာမှာ ရှိတဲ့အဆိုပါနေရာကို ဌာနဆိုင်ရာတွေကလုံလောက်တဲ့ကြိုတင်ကာကွယ်ရေး မလုပ်ခဲ့ဘူးလို့ ဦးဇော်မင်းသိန်းက ပြောပါတယ်။
တမင်လုပ်တာကို သဘာဝဘေးအဖြစ် ခေါင်းစဉ်တပ်ပြီးကယ်တင်ရှင်အဖြစ်ပုံဖော်နေတယ်လို့ ဆိုပါတယ်။ မြေပြင်တ်ိုက်ပွဲတွေအထိနာနေတာနဲ့ နိုင်ငံတကာဖိအားတွေ ပိုများလာချိန်မှာ လေးမျက်နှာရေဘေးကို ဖန်တီးတာလို့ ဒေသခံတွေကသုံးသပ်ကြပါတယ်။ စစ်အုပ်စုကတော့ အကျယ် ပေ ၃၀၀ ခန့်အထိ တာကျိုးသွားတာကိုတောင်တာကျိုးတယ်လို့ မထုတ်ပြန်ပါဘူး။ ” တာရေကျော်တာ” ၊ ” ရေဖြတ်စီးဆင်းတာ” လို့ပဲ ထုတ်ပြန်ပြီး စစ်အာဏာရှင်တွေရဲ့ထုံးစံအတိုင်းသူတို့ရဲ့အမှားကိုယုတ္တိမရှိတဲ့အသုံးအနှုန်းတွေနဲ့ ဖာထေးနေပါတယ်။

●မုသာဝါဒ စစ်အုပ်စု
လေးမျက်နှာရေဘေးကိုအရေးပေါ်ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်နေတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေနဲ့ မြေပြင်အခြေအနေတွေဟာ တက်တက်စင်အောင်လွဲနေပါတယ်။မြင့်ရာကနိမ့်ရာကို စီးဆင်းတဲ့ရေဟာ ထုံးစံအတိုင်း ဝာာကျိုးပေါက်ကနေ မြို့အတွင်းပိုင်းကို အရှိန်းပြင်းပြင်းဝင်ရောက်လာပါတယ်။ ရေစဝင်တဲ့ လေးမျက်နှာမြို့နယ်ကတစ်ဆင့်အိုင်သပြု၊ကျုံပျော်၊ ရေကြည်မြို့နယ်ထဲက ကျေးရွာတွေကို ဆက်ပြီးဝင်ပါတယ်။ ရေဝင်လာမယ့်လမ်းကြောင်းကို ဒေသခံတွေသိနိုင်ဖို့ကိုစစ်တပ်လက်အောက်ခံဧရာဝတီတိုင်းအစိုးရက ကြိုတင်သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။
ဧရာဝတီတိုင်းဟာ စပါးကျီဒေသဖြစ်တဲ့အလျှောက်စပါးခင်းဧကသိန်းချီပြီး ရေနစ်မြုပ်ခဲ့ပါတယ်။ သာမာန်ရေကြီးတာမဟုတ်ဘဲ တာကျိုးပေါက်ကနေ ရေတွေ ဒလဟောဝင်လာတာမို့ ရေဝပ်ကာလ အနည်းဆုံး နှစ်လကနေ သုံးလအထိ ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေနဲ့ ကျွမ်းကျင်သူတွေကသတိပေးနေချိန်မှာပဲ ၁၄ရက်အတွင်းရေပြန်ကျရင်ဒေသတွင်းစပါးခင်းတွေမပျက်စီးနိုင်ဘူးလို့ စစ်ကောင်စီက သြဂုတ်လ၃ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရေဘေးအရေးပေါ်အခြေအနေမှာပဲ အခုလိုထုတ်ပြန်လာတာပါ။ လက်တွေ့မှာတော့ တာကျိုးပြီး လဝက်အထိကြာလာပေမယ့် ရေတွေစီးဝင်နေဆဲဖြစ်သလို ရေဝပ်ဧရိယာလည်း ကျယ်ပြန့်လာပါတယ်။
ဇူလိုင်လ ၃၀ရက်အထိ တမျှော်တခေါ်စပါးခင်းတွေနဲ့ စိမ်းညို့နေတဲ့ မြေပြန့်လွင်ပြင်ဟာ ပင်လယ်ပြင်လို ရေလွှမ်းနေပါတယ်။ ယခင်က နွားလှည်းနဲ့ ထွန်စက်တွေ ဖြတ်သွားနေခဲ့တဲ့ လယ်ကွင်းတွေပေါ်မှာ အခုတော့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ကယ်ဆယ်ထောက်ပံ့ရေးစက်လှေတွေ မောင်းနှင်နေကြပါတယ်။ ရေလွတ်အောင် ဖောက်လုပ်ထားပါတယ်ဆိုတဲ့ဒေသတွင်းအဝေးပြေးလမ်းမတွေနဲ့ မြို့လယ်ခေါင်မှာတောင်ရေတွေက လူရင်စို့အထိ မြုပ်နေဆဲပါပဲ။ ရေမြုပ်တဲ့စပါးခင်းတွေဟာ ပုပ်စော်နံနေပါတယ်။ပျက်စီးသွားပြီလို့ ဒေသခံတွေက ဝမ်းနည်းစွာနဲ့ပြောပါတယ်။
“စပါးခင်းတွေပေါ် စက်လှေတွေဖြတ်မောင်းနေတာ အရမ်းဝမ်းနည်းတာပဲ။ အိမ်ရေမြုပ်သွားတာက ရေပြန်ကျရင် ပြန်နေလို့ရသေးတယ်။ လယ်ကွင်းတွေမြုပ်ကုန်တော့ ကုန်းကောက်စရာမရှိတော့ဘူး”လို့ ရေကြည်မြို့နယ်က လယ်သမားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်က ကယ်ဆယ် ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ဩဂုတ်လ ၅ရက်နေ့က ပုသိမ်မြို့ကိုရောက်လာတဲ့ စစ်အုပ်စုရဲ့ ဒုတိယသမ္မတက ရေဘေးဖြစ်ဖြစ်ချင်း ကယ်ဆယ်ရေးတွေအပြည့်အဝလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အသေအပျောက်မရှိခဲ့ဘူးလို့ ပြောပါတယ်။ သူအဲ့ဒီလို ပြောနေချိန်မှာပဲလေးမျက်နှာမြို့နယ်၊ အိုင်သပြုရွာလမ်းဆုံမှာ ရေဘေးသင့်ပြည်သူတွေကိုထမင်းထုပ်လိုက်ဝေတဲ့လူငယ်တစ်ဦး ရေနစ်မြုပ်သေဆုံးခဲ့ပါတယ်။ မြေပြင်အခြေအနေကိုလုံးဝမလေ့လာဘဲ အဲကွန်းခန်းထဲကနေ အုပ်ချုပ်ချင်နေတဲ့ စစ်အုပ်စုရဲ့စရိုက်ကို ဒေသခံတွေရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ပြန်လည်တည်ဆောင်ရေးအတွက် မျှော်လင့်ချက်မဲ့သွားပါတယ်။
ဩဂုတ်လ ၈ရက်နေ့က အာဏာသိမ်းခေါင်းဆောင်ရဲ့ခရီးစဉ်မှာလည်း စစ်အုပ်စုရဲ့တိုင်းအစိုးရဟာ ပြည်သူတွေဘေးကင်းအောင် စီမံနိုင်ခဲ့တယ်လို့ ပြောပြန်ပါတယ်။သူချီကျုးတဲ့ တိုင်အစိုးရဟာ လနဲ့ချီကြာမယ့်ရေဘေးကို ၁၄ရက်အတွင်းရေပြန်ကျရင် စပါးတွေမပျက်စီးနိုင်ဘူးလို့ထုတ်ပြန်ခဲ့တဲ့ ချာတူးလန်အစိုးရအဖွဲ့ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးမယ်လို့လည်း ပြောသွားပေမယ့် အာမခံချက်တစုံတရာ မပေးပါဘူး။ ရေပြန်လည်ကျဆင်းပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ တစ်ဦးချင်းစီကြိုးစားအားထုတ်မှုနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆို မူလအခြေအနေကို အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မှာလို့ ပြောသွားပါတယ်။သူတ်ို့ပြောဆိုတဲ့ မိန့်ခွန်းကိုဖတ်ကြည့်ရင် ဒီရေဘေးဂာ ပိန်းကြာရွက်ပေါ် ရေမတင်သလို ချောချောမွေ့မွေ့ကိုင်တွယ်နိုင်ခဲ့တယ်လို့ တွေ့ရပါလိမ့်မယ်။
မြေပြင်မှာတော့ ဒေသခံတွေဟာ အနာဂတ်အတွက်မျှော်လင့်ချက်မဲ့နေကြပါပြီ။ရှေ့နောက်မညီတဲ့ပြောဆိုချက်တွေနဲ့အတူ စစ်ကောင်စီထုတ်တဲ့ သတင်းစာကိုသာ ဖတ်မိတဲ့ ဘေးသင့်ဒေသမှာရှိသူတွေဟာအာဏာသိမ်းခေါင်းဆောင်ကို ငါနဲ့တုပ်ပြီး ကျိန်ဆဲနေကြတာပါ။
စစ်အုပ်စုနဲ့ပူးပေါင်းပြီး အကျိုးစီးပွားရှာနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရေဘေးအရေးပေါ်အခြေအနေမှာ ကူညီထောက်ပံ့မှုတွေမတွေ့ခဲ့ဘဲ ရေဘေးသင့်ပြီး ကိုးရက်ကြာမှ ရောက်လာတဲ့ စစ်ခေါင်းဆောင်ရဲ့ဧရာဝတီတိုင်းခရီးစဉ်မှာပဲ ငွေကြေးတွေလှူဒါန်းပြကြပါတယ်။အာဏာရှင်ကိုဖားယားကြတဲ့ဒီပွဲမှာ အလှူငွေကျပ် ၂၃ ဒသမ၃၂၄ ဘီလီယံ (ကျပ်သိန်းပေါင်း နှစ်သိန်းသုံးသောင်းကျော်) ရရှိခဲ့ပါတယ်။ ဘေးသင့်ပြည်သူတွေကို ပြန်လည်ထောက်ပံ့တဲ့သတင်းကတော့ ပွင့်လင်းမြင်သာမှုရှိမနေပါဘူး။ အရပ်ဖက်ကူညီရေးအဖွဲ့တွေကလှူဒါန်းတဲ့ စားသောက်ကုန်နဲ့ငွေကြေးတွေလက်ခံရရှိပေမယ့် စစ်ကောင်စီကထောက်ပံ့တာကတော့ ကျပ် ၄၀၀၀နဲ့ ဆန်းတစ်ပြည်အိတ်တစ်အိတ်၊ ဆီ ၅၀သား တစ်ဗူးသာရဖူးတယ်လို့ လေးမျက်နှာမြို့ခံတစ်ဦးကပြောပါတယ်။
ဒီရေဘေးမှာလေးမျက်နှာ၊ဟင်္သာတ၊ရေကြည် ၊ ငသိုင်းချောင်းနဲ့ ကျုံပျော်မြို့နယ်တွေက ကျေးရွာပေါင်း ၂၀၀ နီးပါး ရေလွှမ်းမိုးနေပြီး လူဦးရေ လေးသောင်းကျော် ဘေးသင့်နေတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အမှန်တကယ်မှာတော့ နေအိမ်နဲ့ ခြံဝင်းတွေရေမြုပ်ပြီး အိမ်တွေထဲမှာဖြစ်သလိုနေရတဲ့ လူဦးရေသိန်းချီရှိနေပါတယ်။စစ်အုပ်စုကတော့ ပျက်စီးဆုံးရှုံးမှုကို ထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ အထိအခိုက်နည်းပါးသယောင် ဝါဒဖြန့်နေပါတယ်။ရေဘေးကြောင့်သေဆုံးသူအရေအတွက်ကိုတောင် စစ်အုပ်စုက အတည်မပြုနိုင်ဘူးဖြစ်နေပါတယ်။ လူနှစ်ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပေမယ့် ပျောက်ဆုံးနေသူအနည်းဆုံး ခြောက်ဦးရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ ပျောက်ဆုံးနေသူတွေထဲက လူငယ်တစ်ဦးရဲ့ရုပ်အလောင်းကိုသြဂုတ်လ ၁၃ ရက်နေ့မှာဒေသခံတွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ရေဘေးကြောင့်သေဆုံးသူစာရင်းမှာတော့ အဆိုပါလူငယ်ပါဝင်မနေပါဘူး။
●ဘုံပျောက်သွားတဲ့ နတ်
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဖန်တီးတဲ့ ရေဘေးကြောင့်ဒေသခံတွေအပြင်တနယ်လုံးရဲ့ ကိုးကွယ်ခံနာမည်ကြီး နတ်တစ်ပါးလည်း ဘုံပျောက်သွားပါတယ်။ စိုက်ပျိုးရေး၊မွေးမြူ ရေးနဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို ကူညီမစတယ်ဆိုပြီး ယုံကြည်မှုနဲ့အတူ မြစ်ဝကျွန်းပေါ်ဒေသမှာ ဘုံပျံနတ်နန်းနဲ့တကွ ကျကျနန အပူဇော်ခံနေရတဲ့ ရေငန်ပိုင်ဦးရှင်ကြီးနတ်ရဲ့ နတ်နန်းတွေဟာရေဘေးမှာမျောပါသွားပါတော့တယ်။ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေ လက်ရှိ လာရောက်ခိုလှုံနေတဲ့ ဟင်္သာတမြို့နယ်၊တလုတ္ထော်တိုက်နယ်ဟာ ရေငန်ပိုင်ဦးရှင်ကြီးနတ်ကို ပူဇော်တဲ့ပွဲ နှစ်စဉ်ခြိမ့်ခြိမ့်သဲသဲပြုလုပ်တဲ့နေရာဖြစ်ပါတယ်။အခုတော့ ပွဲတော်နေရာဟာ ရေဘေးကယ်ဆယ်ရေးစခန်းဖြစ်နေပြီး ရေငန်ပိုင်ဦးရှင်ကြီးနတ်နန်းတွေလည်း ပျက်စီးသွားခဲ့ပါပြီ။
အိမ်တွေ၊ဘာသာရေးအဆောက်အအုံတွေ၊ စပါးခင်းတွေအပြင် နတ်နန်းတွေပါ ပျက်စီးခဲ့ပေမယ့် သြဂုတ်လယ်ပိုင်းရာသီဥတုအခြေအနေအရလေးမျက်နှာရေဘေးကမရပ်တန့်သေးပါဘူး။တာကျိုးပေါက်ကိုမပိတ်ဆို့နိုင်သေးသလို မြစ်ရေတွေလည်းထပ်တက်လာတဲ့အတွက် ရေဘေး ပိုဆိုးလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိသြဂုတ်လလယ်မှာ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာစိုးရိမ်ရေမှတ်အနီးကို ရောက်ရှိနေပါတယ်။ငဝန်မြစ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီမြစ်ရေဟာ လေးမျက်နှာမြို့နယ်ပတ်ဝန်းကျင်က ဟင်္သာတနဲ့ ဇလွန်မြို့မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေပါတယ်။
လေးမျက်နှာမြို့နဲ့တဝိုက်မှာလည်း တိုက်ပွဲတွေပိုမိုပြင်းထန်နေပါတယ်။ လက်နက်ကြီးပစ်ခတ်သံတွေ၊ ဂျက် လေယာဉ်ပျံသန်းသံတွေနဲ့ ဗုံးကြဲတဲ့ပေါက်ကွဲသံတွေကို ရေဘေးကယ်ဆယ်ရေးလုပ်ရင်း ကြားနေရတယ်လို့ အရပ်ဖက်ကူညီရေးအဖွဲ့တွေကပြောပါတယ်။
အာရက္ခတပ်တော်ရဲ့ထုတ်ပြန်ချက်အရ လေးမျက်နှာမြို့နယ် နဲ့ ထိစပ်နေတဲ့ ရေကြည်မြို့နယ်နဲ့ သာပေါင်းမြို့နယ်တို့မှာ သြဂုတ် ၁၂ ရက်က နေရာ ၅ ခုမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်စစ်ကြောင်းတွေ တပ်လန်ကျဆုတ်ခွာထွက်ပြေးသွားကြပါတယ် ။အဲဒီတိုက်ပွဲတွေမှာလက်နက်ခဲယမ်းနဲ့ အလောင်းတွေ သိမ်းဆည်းရရှိတယ်လို့ အာရက္ခတပ်တော်က(AA)က သြဂုတ် ၁၃ ညမှာအသိပေး ပါတယ်။စစ်တပ်က AA နဲ့တိုက်ရတဲ့စစ်မြေပြင်တွေတိုင်းအကြိမ်ကြိမ်ရှေ့တိုးဖို့ကြိုးစားရင်း တပ်ပျက်တာ ၊တပ်လန်ကျတာနဲ့အကြိမ်ကြိမ်ဆုတ်ပြေးနေရတာဖြစ်ပါတယ်။
လေးမျက်နှာမြို့နယ်မှာရေကြီးနေပေမယ့်စစ်တပ်က AA သိမ်းပိုက်ထားတဲ့နေရာတွေကို ပြန်ရဖို့ လေကြောင်း၊လက်နက်ကြီး၊မြေပြင်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ပေမယ့် AAနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးဒဏ်ရာရသူများပြီးတပ်လန်ဆုတ်ခွာပြေးရတာပါ။
ဧရာဝတီတိုင်းအတွင်း ရေဘေးနဲ့ စစ်ဘေးကြားမှာနောက်ထပ်ပဟေဠိဆန်တဲ့ ရေကာတာကျိုးပေါက်မှုမျိုး ထပ်မကြုံဖို့ စစ်အုပ်စုကို မျက်ခြေမပြတ်စောင့်ကြည့်ကြဖို့လိုပါတယ်။


















































