အာဖဂန် နစ္စတန်ကို တာလီဘန်တွေ ပြန်လည် အုပ်စိုးမှု ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို မြို့တော် ကဘူးလ်မှာ ကျင်းပခဲ့ပါတယ်။
တာလီဘန်တွေကို ထောက်ခံသူတွေ ရာပေါင်းများစွာ စုဝေးပြီး မျိုးချစ်စိတ်ဓာတ် အားပေးတဲ့ သီချင်းတွေ ဖွင့်ကြ၊ သီဆိုကြ၊ ကခုန်ကြ၊ အမှတ်တရ selfieတွေ ရိုက်ကြနဲ့ အောင်ပွဲခံနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ တာလီဘန် ထောက်ခံသူတွေဟာ အရင်က အမေရိကန် သံရုံး ဖွင့်လှစ်ခဲ့ရာ အဆောက်အအုံနားမှာ အဓိက စုဝေးနေခဲ့ကြသလို လမ်းပေါ်မှာလည်း ကားတွေနဲ့ စီတန်း လှည့်လည်ခဲ့ပါတယ်။
အဆောက်အအုံ ပြတင်းပေါက်တွေ၊ အမိုးတွေပေါ်မှာလည်း တာလီဘန် အစိုးရရဲ့ အဖြူရောင် နောက်ခံပေါ် အာရပ်စာသားတွေ ရေးသားထားတဲ့ အလံတွေကို ဝှေ့ယမ်းရင်း အောင်ပွဲခံနေသူ အများအပြား ရှိခဲ့ပါတယ်။
အမေရိကန်ဟာ 9/11 အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်အပြီး အာဖဂန်မှာ တာလီဘန်တွေကို တိုက်ထုတ်ပြီး ဒီမိုကရေစီ အစိုးရ တစ်ရပ်ကို ထူထောင်ပေးခဲ့ပါတယ်။ ပြီးတော့ အာဖဂန်ရဲ့ လုံခြုံရေးအတွက် အမေရိကန် တပ်တွေကိုလည်း နှစ်ပေါင်း ၂၀ ကြာအောင် ဆက်လက် ဖြန့်ကျက်ပေးထားခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာတော့ အမေရိကန်တပ်တွေ ကသောကမျော ရုပ်သိမ်းမှုနဲ့အတူ တာလီဘန်တွေဟာ အာဖဂန် အစိုးရဆီက အာဏာကို ခပ်လွယ်လွယ်ပဲ ပြန်သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အာဖဂန်မှာ ဒီမိုကရေစီ စံနှုန်းတွေ ပျောက်ကွယ်ကုန်ပြီး တာလီဘန်တွေက တင်းကျပ်တဲ့ ဘာသာရေး အခြေပြု အုပ်စိုးမှုတွေကို ပြန်လည် စတင်လာခဲ့ပါတယ်။
တာလီဘန်တွေ လက်ထက်မှာ အမျိုးသမီးတွေ ပညာသင်ယူခွင့် အပါအဝင် လူ့အခွင့်အရေး ဆုံးရှုံးမှုတွေအတွက် ဝေဖန်သံတွေ ကျယ်လောင်နေပေမယ့် တာလီဘန် အုပ်စိုးမှုကို ကြိုဆို ထောက်ခံသူတွေလည်း အများအပြား ရှိနေဆဲပါ။
ဩဂုတ် ၁၅ ရက်နေ့ ပျော်ပွဲရွှင်ပွဲတွေမှာတော့ လူအုပ်ကြားထဲ AK-47 ရိုင်ဖယ်တွေ ပခုံးထမ်း သွားလာနေတဲ့ တာလီဘန် တပ်ဖွဲ့ဝင်တွေကို မြင်နေရပါတယ်။ တစ်နေရာမှာတော့ RPG ပခုံးထမ်း လောင်ချာကို ကိုင်ပြီး ကခုန်နေတဲ့ တာလီဘန် အဖွဲ့သားတွေကို တွေ့ခဲ့ရပါတယ်။
တာလီဘန် အစိုးရဟာ ဩဂုတ် ၁၅ ရက်နေ့ကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် သတ်မှတ် ကြေညာပေးထားသလို ကဘူးလ်မြို့က ဆိုင်ခန်းတချို့လည်း အဲဒီနေ့မှာ ပိတ်ထားပါတယ်။ ပုံမှန်အားဖြင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ ဆိုးရွားတဲ့ လမ်းတွေမှာလည်း အဲဒီတစ်ရက်မှာတော့ အတော်လေး ကားတွေ ရှင်းလင်းနေခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AFP


















































