Connect with us

Hi, what are you looking for?

သတင်း

သာကေတမှာ ကိုးတန်းကျောင်းသားကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

စက်တင်ဘာ ၂၊ ၂၀၂၆။ မေရီ/People’s Spring

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းက သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ် ရဲစခန်းနဲ့ ဓါတ်ဆီဆိုင်ကြားမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေးကို လူတစ်စုက စက်ဘီးကိုကန်ထည့်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“အိမ်ကလိုက်ပို့နေကျ စက်ဘီးနဲ့သွားချင်တယ်ဆိုလို့ လွှတ်လိုက်တာတစ်ယောက်တည်း။ သူကလည်း ကျောင်းနောက်ကျနေပြီဆိုလို့ မြန်မြန်နင်းတာ။ ဘေးနားမှာ လူတွေကရပ်နေတာ။ ကားမှတ်တိုင်မှာ ကားစောင့်နေကြတာပဲထင်တာ။ ပုပုနဲ့တစ်ယောက်ပါတယ်။ ဝဝနဲ့တစ်ယောက်ပါတယ်။ ပုပုနဲ့တစ်ယောက်က သူ့စက်ဘီးကို ဖြတ်ပြီးတော့ ကန်ထည့်လိုက်တာ။ ကန်လိုက်တော့ ကလေးက မှောက်ပြီးလဲသွားတာ။ လဲသွား​​တော့ ကလေးဂုတ်ကိုတစ်ယောက်က ဆွဲထားတယ်။ ကိုယ်ကလည်း ကလေးကိုသင်ပေးထားတယ်။ အဲလိုမျိုးတွေရှိရင် ကျောင်းသားပါဆိုပြီးအော်ပြီး ပြေးဖို့။ အဲဒါနဲ့ကလေးလည်း သူကျောင်းသားပါဆိုပြီး စက်ဘီးကို အတင်းပြန်လုပြီး စက်ဘီးကို နောက်လှည့်ပြီး ပြေးတာတဲ့။ ကလေးကတစ်ခုချင်းစီ မမှတ်မိဘူး။ ကလေးက တော်တော်လည်းလန့်နေတယ်”လို့ ကျောင်းသားမိခင်က Tiktok မှာ ရှင်းပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းသားလေးဟာ သူစီးလာတဲ့ စက်ဘီးအကန်ခံရပြီး လဲကျခဲ့တာကြောင့် ခြေထောက်နာတာ၊ နာရိုးအောင့်တာ၊ လက်ယောင်တာတွေ ဖြစ်ပွားကာ လန့်ဖျားဖျားနေတယ်လို့ မိခင်က ပြောထားပါတယ်။

ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ကြီး​တွေကို ၁ရက် လူ ၅​ ဦး ပေါ်တာဆွဲ​ခေါ်ဆောင်ပေးရမယ်လို့ ဖိအား​ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ရောင်းစားဖို့ ချုပ်နှောင်ထားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

အခုရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေအပါအဝင် သက်ကြီးပိုင်းအထိ ပျောက်ဆုံးမှုတွေဆက်တိုက်ဖြစ်နေလို့ လူပျောက်ကြော်ငြာတာတွေလည်း မကြာခဏတွေ့နေရကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပါတ်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့် ​နေပြည်​တော် အမြန််လမ်းဘက်ကို သွား​​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က​ ပြောပါတယ် ။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစားသမား ၂ဦးလည်း ပျောက်ဆုံးနေတာ ၁၀ရက်ကျော်ကြာရှိပြီဖြစ်တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီးစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊သာကေတမြို့နယ် ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားတစ်စီး သစ်ပင်ဝင် တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ သာကေတမြို့နယ် (၁)ဈေးတန်းက တာယာဆိုင်မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်းနှစ်ခန်း မီးလောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ပံ့သကူပစ်တဲ့ အဖွဲ့ကိုရှောင်ရင်း လမ်းဘေးမှာရပ်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ကွယ်လွန်သွားတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းက အသိပေးထားပါတယ်။